1
အိမ့်ဘုန်းစစ်သော်
‘ခံစားချက်နဲ့အသက်ရှင်ရတယ်’
နို၀င်ဘာလရဲ့ဆောင်းထက်ပိုအေးတဲ့ ခံစားချက်။ ပြန့်ကြဲနေတဲ့အမှိုက်တွေကို စုကြည့်လိုက်တဲ့အခါ မီးတောက်တွေဖြစ်နိုင်တယ် လောင်စာတွေဖြစ်လာခဲ့တယ်။
ဒဏ္ဍာရီတွေအကြောင်းပြောရတာ သိပ်ကြိုက်ခဲ့တယ်။ အခုများတော့လဲ အိပ်ယာ၀င်ပုံပြင်တွေတောင် နားမထောင်ဖြစ်တော့ဘူး။ ပိုပြီးယိုယွင်းလာတဲ့စိတ်၊ ပြီးတော့ ကျနော့် ကမ္ဘာကြီး။ ကျနော်လဲ ထိုနည်းတူစွာ ယိုယွင်းလာခဲ့ပါတယ်။
ဘ၀မှာ ပန်းတိုင်တွေအများကြီးရှိခဲ့ပေမယ့် အဘွားပြောပြတဲ့ ယုန်နဲ့လိပ်ပုံပြင်ထဲက ယုန်တကောင်လိုမျိုးပဲ နေထိုင်ချင်မိတော့တယ်။ ကျနော်ဘယ်အချိန် အိပ်ပြီး ဘယ်အချိန်ပြန်ထတယ်ပေါ့။ လိပ်က ပန်းတိုင်ရောက်သွားပြီ။ ဒါတွေကျနော် ဂရုမစိုက်တော့ဘူး။ သူ့အတွက်လဲ ထိုက်တန်မယ်ထင်ပါတယ်။
မနေ့ညကကျန်တဲ့ ဝိအတိုအစလေးက ဒီမနက်မှာသောက်ကြည့်တဲ့အခါ မနေ့ကအရသာမရတော့ဘူး။ ကျနော်တို့ ဘယ်လောက်ပဲကြိုးစားပါစေ မနေ့ကလိုပြန်မဖြစ်ဘူး။ မနေ့က မနက် ၆ နာရီမှာ မျက်စိအရင် ပွင့်ရင်ပွင့်လာလိမ့်မယ် ဒါမှမဟုတ် မျက်လုံးကိုပွတ်လိုက်မယ်။ ဒါပေမယ့် ဒီနေ့မနက် ၆ နာရီမှာ နာကျင်နေတဲ့ အရိုးအဆစ်တွေကြောင့် အနည်းငယ်အော်ငြီးမိနိုင်တယ်။ ကျနော်တို့က အရိုးစုသာသာပါပဲ။ ပျော်စရာတွေကိုမပျော်နိုင်တော့တာလဲ အပြစ်မဟုတ်ဘူး။
တရားရသွားတဲ့လူတွေကို ဘယ်လိုခေါ်လဲ။ ပြောပြောနေကြ နိဗ္ဗာန်ကရော။ ကျနော်တို့ ခွင့်လွှတ်တတ်လာတဲ့အခါ အရာရာက အေးချမ်းလာနိုင်တယ်။ အဆိပ်အတောက်ဖြစ်စေတဲ့လူတွေကို ရှင်းထုတ်ပစ်နိုင်တာ သဘာ၀ကျပါတယ်။ စာအုပ်ထဲကစကားလုံးကိုပြောနေတာက ပညာတတ်မဟုတ်ဘူး။ လူဆိုတာအမှားတွေနဲ့ ဘယ်တော့မှလဲ သင်ယူလို့ပြီးဆုံးမှာမဟုတ်လို့လေ။ ဘုရားတောင် ဆုံးခန်းတိုင်ခဲ့လားမတိုင်ခဲ့လား ခင်ဗျားတို့ သေချာမသိပါဘူး။ အဲ့အချိန် အဲ့နေရာမှာခင်ဗျားမရှိခဲ့ရင် အဲ့ဒါကဘယ်တော့မှ အမှန်မဟုတ်လို့ရတယ်။ စာအုပ်တွေဖတ်တိုင်းသာ ပညာတတ်ဖြစ်ခဲ့ရင် အိမ်မွေးတိရစ္ဆာန်တကောင်ကိုလဲ ဖတ်ကြည့်ခိုင်းလို့ရလောက်မှာပဲ။
ကျနော်တို့ပြောတဲ့စကားတွေက ခံစားချက်တွေဖြစ်ပြီး ခင်ဗျားတို့ပြောသမျှက လက်တွေ့ဆိုရင် သိပ်မှားတယ် လူဆိုတာခံစားချက်နဲ့ အသက်ရှင်ရတယ်ကွဲ့။ ပြီးတော့ အနွေးဓာတ်လဲလိုတယ်။
ပန်းပွင့်တွေဟာလဲ မီးလောင်နိုင်တယ်။ ပြာကျနိုင်တယ်။ အဲ့ပြာတွေကပဲ နောက်ထပ်ပန်းပွင့် တပွင့်အတွက် မြေဩဇာဖြစ်လာနိုင်တယ်။ တခုခုလှပဖို့ တခုခုကနင်းခြေခံရနိုင်တယ်။ ကျနော်တို့လဲ နင်းခြေခံရသူတွေဖြစ်နိုင်သလို နင်းခြေပစ်မယ့်လူတွေလဲ ဖြစ်လာနိုင်တယ်။
အချိုးအကွေ့တွေကရှိနေဆဲပါပဲ။ ကျနော် အသက်ရှင်နေသေးပေမယ့် မနေ့ကတင် နှုတ်ဆက်ခဲ့ကြသေးတဲ့ ကျနော့်ရဲဘော် ဒီနေ့ပဲ ကျဆုံးသွားပြန်တယ်။ မနက်ဖြန် ကျနော်ဆက်ရှိနေဖို့ဆိုတာလဲ မသေချာဘူး။ နှစ်ကာလတွေအကြောင်းစကားပြောကြည့်တဲ့အခါ လွန်ခဲ့တဲ့နှစ်အပိုင်းအစတွေကိုပြန်တွေးကြည့်ရတာလဲအရသာတခုပဲ။ အနာဂတ်အကြောင်းတွေတော့ ကျနော်တို့ သိပ်မပြောဖြစ်ကြတော့ဘူး။ ဘာမှမရှိခဲ့တာကြာရောပေါ့။
ဒါက ဘာအကြောင်းပြောနေတာလို့ထင်လဲ။ ကျနော်ကတော့ ခံစားချက်အကြောင်းပြောနေတာပဲဖြစ်လောက်မယ်။ ခံစားချက်တွေမများရဘူး။ မှန်ပါတယ်။ ဒါပေမယ့် အချစ်ရယ် ခံစားချက်တွေမရှိရင် ခင်ဗျားဘယ်လိုအသက်ရှင်မလဲ။ ခင်ဗျားရူးသွားလောက်မယ်လို့ ကျနော်ထင်တယ်။ ဟုတ်ပြီ ရူးမသွားတာလဲဖြစ်နိုင်ပါတယ် သို့ပေမယ့် ကျနော်ပြောခဲ့သလိုပဲလေ။ “လူဆိုတာ ခံစားချက်နဲ့အသက်ရှင်ရတယ်” ။
ညတာကရှည်သလိုထင်ရတယ်။ မီးပုံဘေးမှာ သောက်ရတဲ့ဆေးလိပ်ကလဲအရသာရှိပါတယ်။ ဒီညတော့ အိပ်မပျော်လောက်တော့ဘူးပေါ့လေ။ ဒီလိုပါပဲ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
