ဂျေရုဆလင်မတိုင်မီ

by The Call
160 views

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာ စစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင် ရိုးရှင်းသလောက် လေးနက်တဲ့ အနက်အဓိပ္ပါယ်တွေကို ဆောင်နေတယ်လို့ ဆိုကြပါတယ်။ သူ့ကို နိုဘဲလ်ဆုချီးမြှင့်ဖို့တောင် အကြံပြုခံခဲ့ရတယ်လို့လည်း မှတ်သားမိပါတယ်။ ခံစားမိတဲ့ ကဗျာတွေထဲက ကဗျာတိုနှစ်ပုဒ်ကို ဘာသာပြန်ကြည့်လိုက်ပါတယ်။

“ဂျေရုဆလင်”

မြို့ဟောင်းကြီးရဲ့ အိမ်ခေါင်မိုးတစ်ခုမှာ
ညနေစောင်းရဲ့ နေရာင်အောက် လှမ်းထားတဲ့အဝတ်တွေ
(ဟိုမှာ) ငါ့ရန်သူမိန်းမဟစ်ယောက်ရဲ့ အဝတ်ဖြူစ
(ဒါက) ငါ့ရန်သူယောကျင်္ားတစ်ယောက်ရဲ့ မျက်နှာသုတ်ပုဝါ
သူ့မျက်ခုံးပေါ်က ချွေးတွေကို သုတ်ဖို့ဖြစ်မှာ။

မြို့ဟောင်းကြီးရဲ့ကောင်းကင် မှာ
စွန်တစ်စင်း
စွန်ကြိုးရဲ့ အခြားတဖက်အဆုံးမှာက
ကလေးတစ်ယောက်
ငါ မမြင်နိုင်ပါဘူး
နံရံက ကာဆီးထားလို့လေ။

ငါတို့ အလံတွေအများကြီးလွှင့်တင်ကြတယ်
သူတို့ အလံတွေအများကြီးလွှင့်တင်ကြတယ်
သူတို့ပျော်နေတယ်လို့ ငါတို့ထင်အောင်
ငါတို့ပျော်နေတယ်လို့ သူတို့ထင်အောင်…။

– ရာဟူဒါ အမီခီး
——————–

“မတိုင်မီ”

ဂိတ်တံခါး ပိတ်မသွားမီ
နောက်ဆုံးမေးခွန်း မေးမလာမီ
ငါ့ကို မပြောင်းရွှေ့လိုက်ကြမီ
ဥယျာဉ်တွေကို ပေါင်းမြက်တွေ လွှမ်းမသွားမီ
ခွင့်လွှတ်ခြင်းတွေ ကုန်ခန်းမသွားမီ
ကွန်ကရစ်တွေ မာကျောမလာမီ
ပုလွေရဲ့ သံစဉ်ပေါက်တွေအားလုံးကို မပိတ်လိုက်မီ
အရာဝတ္ထုတွေကို ဗီရိုထဲ သော့ခတ် မသိမ်းလိုက်မီ
စည်းမျဉ်းတွေကို ရှာဖွေ့တွေ့ရှိမသွားမီ
အဆုံးသတ်နိဂုံးကို မကြံစည်နိုင်မီ
ဘုရားသခင်က သူ့လက်တွေကို မရုတ်သိမ်းလိုက်မီ
ငါတို့မှာ ရပ်တည်စရာနေရာ လုံးဝမရှိတော့တဲ့ အချိန်မတိုင်မီ။

– ရာဟူဒါ အမီခီး

ရည်ညွှန်း။The Selected Poetry of Yehuda Amichai, translated by Chana Bloch and Stephen Mitchell

Translated By PDR
(မှတ်ချက်။ နာမည် အသံထွက်က ဒီလင့်ခ် http://www.loc.gov/nls/other/sayhow.html ကအတိုင်း အနီးစပ်ဆုံးထွက်လိုက်တာပါ။ မှားရင်ပြင်သွားပါ။)

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment