8
“ငရဲပန်းပန်ထားတဲ့ဈေးသည်”
■ လင်းလက်နွေဦး
မနက်အစောကြီး ဈေးခင်းနေတုန်း ရှိသေးတယ်၊ ရွာ့မြောက်ဘက်က ပစ်သံခတ်သံ၊ ပေါက်ကွဲသံတွေ ကြားလိုက်ရပါတယ်။ ဘေးရွာတွေက ဈေးသည်တွေ၊ ဈေးဝယ်တွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ တီးတိုး တီးတိုး ပြောနေကြတယ်။ ဆိုင်နားရောက်လာတဲ့ ဆိုင်ကယ်ဈေးသည်တဦးကို လက်တို့ကြည့်တော့ ဘယ်ရွာနဲ့ ဘယ်ရွာကြား ပွဲဖြစ်နေတယ်တဲ့၊ မြောက်ဘက်အထွက်လမ်းကို ပိတ်ထားတယ်တဲ့။ ပြောသွားသေးတယ်၊ ဟိုဘက်က အသေအပျောက်များရင်တော့ ဒုက္ခပဲ၊ အနားက ရွာတွေ အမွှေခံရတော့မယ်တဲ့လေ။
ကိုဗစ်ကာလတုန်းက ပျောက်ကြားဈေး။ ဖွင့်ရဲတဲ့လူတွေပဲ ဖွင့်တဲ့ဈေး။ ကိုဗစ်တတိယလှိုင်းနဲ့ အသေအပျောက်များတော့ ဆိုင်ဖွင့်ရဲတဲ့သူ သိပ်မရှိတော့ဘူး။ ကျနော်တို့ဆိုရင် ကျနော်က ကိုဗစ်နဲ့ အိမ်မှာ ခွဲနေရတယ်။ ကျနော့်ဇနီးတယောက်တည်း ဆိုင်သွားဖွင့်တယ်။ နောက် သူလည်းဖျား၊ ကလေးတွေပါဖျားတော့ ဆိုင်ပိတ်ထားလိုက်ရတယ်။
အာဏာသိမ်း အစောပိုင်းကာလတုန်းက ကွက်ကြားဈေး။ ဆိုင်တချို့ ပိတ်ထားတယ်။ ပိတ်ထားတော့ စည်ပင်ကပဲ သိမ်းမလိုလို ဘာလိုလို သတင်းလွှင့်တာပေါ့။ ဆိုင်ခန်းခတွေလည်း မဆောင်ကြဘူး။ မီတာခတွေလည်း မပေးပါဘူး။ အခြေအနေ နည်းနည်းအေးလာတော့ ဆိုင်ခန်းခ ဘယ်နှလစာ၊ မီတာခ ဘယ်နှလစာ ဆောင်ရမယ် လုပ်လာပါရော။ တချို့ ကြောက်တော့ သွားဆောင်ကြတာပေါ့။ ဘယ်သူမှ အပြစ်မပြောပါဘူး။ ဒါပေမယ့် မနေနိုင်တဲ့ သူတွေက ဖုန်းဆက်ပြောလိုက်တယ်။ စည်ပင်တွေ အီးပီစီတွေ ခုထိ အခွန်အခ မကောက်ကြတော့ဘူး။
ဈေးသည်တွေလည်း မှိုလို ပေါလာတယ်။
ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေက သိသိသာသာ တိုးလာတယ်။ ငါးသည် ကြက်သားသည်တွေ၊ ဟင်းသီးဟင်းရွက်သည်တွေ။ အခွန်လွတ်ဈေးမှာ ပျော်ရွှင်စွာ ရောင်းဝယ် ဖောက်ကားကြပေါ့။ မြို့ပေါ် ကုန်စိမ်းတန်းကနေ သုံးဘီးတွေ၊ လိုက်ထရပ်တွေနဲ့ ရွာဈေးကို သယ်ပြီး ရောင်း။ ရွာဈေးကနေ ဘေးရွာတွေက တဆင့်ဈေးသည်တွေ၊ အိမ်ဆိုင်သမားတွေက ပြန်ယူရောင်းကြပါတယ်။ တခြား သန္ဓေဆိုင်တွေလည်း ရှိပါရဲ့။ ကုန်မာဆိုင်တွေ၊ ကုန်စုံဆိုင်တွေ…။ လက်ဖက်ရည်ဆိုင်လေး၊ ထမင်းဆိုင်လေးတွေလည်း ရှိပါရဲ့။
နေကုန်ဈေးလေးကနေ အဆင့်ရွေ့လျောပြီး မနက်ခင်းဈေးလေး ဖြစ်လာတယ်။ ဘေးရွာတွေပေါ် အမှီပြုနေရတော့ ဘေးရွာတွေမှာ တခုခုဖြစ်ရင် ဈေးတကွင်းလုံး ခြောက်ကပ်နေတယ်။ ဒီတော့ မနက်ခင်းပဲ၊ နေ့လည် ၁၂ နာရီလောက်ထိပဲ ဆိုင်ဖွင့်ကြ တော့တယ်။ မနက်ခင်းပဲ ဖွင့်တယ်ဆိုတော့ ဖွင့်တဲ့အချိန်လေး (၄ – ၅)နာရီလောက်ကတော့ စည်စည်ကားကားပဲ။ ဈေးသည် အချင်းချင်းတောင် ပြောနေကြတယ်၊ ဟန်ကျတယ်ကွာ၊ တနေကုန် ပျင်းပျင်းရိရိ ရောင်းနေရသလောက် မနက်ပိုင်းနဲ့ ရောင်းရတယ်ပေါ့။
ပြုန်းတီးအင်အားများလာတာနဲ့ ငပုတယောက် မဟုတ်တာတွေ လုပ်လာတာက စတာပဲ။ စစ်မှုထမ်းဥပဒေ၊ ဆင့်ခေါ်စာ၊ မဲနှိုက်၊ ဧည့်စာရင်းစစ်၊ ပေါ်တာဆွဲ… ပြန်ရွေးငွေ သိန်းဆယ်ချီ၊ လူ အဓိက၊ (၂)ပတ် ရက်တိုသင်တန်း၊ ရှေ့တန်း အသေခံတပ်သား၊ အလောင်းပြန်မရ၊ သတင်းအစအနမရ…။ အဲဒါတွေကို တချက်တည်း ကျော်လိုက်ဖို့အတွက် ပီဒီအက်ဖ်ထဲ ဝင်လိုက်တာပါပဲ။ ဒီတော့ ရွာနီးချုပ်စပ်မှာ ပီဒီအက်ဖ်တွေ အင်အားများလာပါရော။
ရေများ ရေနိုင်ပေါ့၊ အနီးအနားက ရဲတွေ၊ ပျူတွေ အပြင် သိပ်မထွက်တော့ဘူး။ ဆက်စပ်သလား မသိပါဘူး၊ သူခိုး ဂျပိုးတွေ ငြိမ်လာတယ်။ အရင်ကဆို ဟိုဆိုင် ဖောက်သွားပြီတဲ့၊ ဒီဆိုင်က ဘာတွေ ပါသွား ဆိုတာတွေ မနက်တိုင်းလိုလို ကြားနေရတယ်။ ဈေးကုန်တွေက အိမ်တဝက်၊ ဆိုင်တဝက် ထားရတယ်။ ရောင်းရင်း ကုန်ရင်၊ ဈေးဝယ်ကို တောင်းပန်ပြီး အိမ်ပြေးယူရတယ်။ ဆိုင်လုံခြုံရေး သော့အထပ်ထပ် ခတ်ရတယ်။ ည ည မယောင်မလည် သွားကြည့်ရတယ်။ သူခိုးတွေက သုံးဘီးတွေ ထော်လာဂျီတွေ တဗျူးဗျူး တဗြဲဗြဲ ခေတ်ထနေတော့ ညဘက် ကိုယ့်ဆိုင်ကိုယ်တောင် သွားမကြည့်ရဲတော့ဘူး။ ကမ္မသကာ ထားလိုက်ရတယ်။
ပီတွေ အင်အားကောင်းလာတော့ ခေါင်းပြားအောင် အိပ်လို့ရပြီ။ နို့ပေမယ့် ဟင်းစားလေး၊ နှုတ်ခမ်းနီဖိုးလေး ကောက်တဲ့ အခါ ရှိလာတယ်။ ကြည်ဖြူပါ့။ ကိုယ်တတ်နိုင်သလောက်ပဲလေ။
ရွာထဲ တပ်လာစွဲပါလေရော။ စစ်ကြောင်းတွေ ပတ်ထိုးပါလေရော။ အုန်းကနဲ ဒိုင်းကနဲ နေ့စဉ်ရက်ဆက် ကြားလာရတယ်။ ကိုယ့်ရွာထဲမှာတောင် မှတ်ပုံတင် အမြဲကိုင်ထားရ၊ အိမ်မှာ ဖုန်းထားခဲ့ရ ဖြစ်လာတယ်။ ကိုယ့်ရွာထဲလမ်းတွေမှာတောင် တားမြစ်လမ်းတွေ ရှိလာတယ်။ ရွာထဲဈေးသွားဖို့တောင် အခြေအနေ ကြည့်နေရတယ်။ လက်ဖက်ရည်ဆိုင်ထိုင်နေရင်းတောင် နောက်ကျော မလုံတော့ဘူး။ ခက်ပုံက။
မနက်ခင်းဈေးကနေ ထပ်နိမ့်ကျလာပြန်တယ်။
မနက်အစောကြီး ဈေးမခင်းရဲဘူး။ အသံဗလံနားထောင်ပြီး စိတ်ချရမှ သွားဖွင့်ရတယ်။ ဈေးဝယ်တွေကလည်း အရင်လို အစောကြီး မလာတော့ဘူးလေ။
ဈေးရောင်းရင်း တီးတိုးတီးတိုး အသံတွေကို အကင်းပါးရတယ်။ အရပ်လေးမျက်နှာက လူစုံမစုံ ကြည့်ရတယ်။ ထွက်တဲ့ လိုင်းကားတွေပေါ် အခြေအနေ လှမ်းရှိုးရတယ်။ အားလုံးပုံမှန် ဆိုရင် နေ့လည် (၁၂)နာရီထိ ဆိုင်ဖွင့်သည်ပေါ့။ ဒီမနက်က ဘက ကျောင်းသားတွေ အစောကြီး ပြန်လာတယ်၊ အခြေအနေ မကောင်းလောက်ဘူး စောစောပိတ်လာခဲ့တယ်။
အခြေအနေမကောင်းတဲ့နေ့များ ဈေးသည်အားလုံး သနားစရာ။ ကုန်စိမ်းသည် အသားစိမ်း ငါးစိမ်းသည်တွေ ပိုဆိုးပေါ့။ လာသမျှလူတွေကို ဝယ်ပါယူပါ တစာစာ အော်ရောင်းနေရတယ်။ ဘယ်လိုမှ မကုန်ရင် ငါးပိငါးချဉ်သိပ်ရ၊ ဘေးရွာတွေ ဆင်းရောင်းရပေါ့။ ဘေးရွာဆိုလို့၊ တနေ့က ကြက်သားသည် တယောက် မကုန်တဲ့ ကြက်သားတွေ တသောင်းဖိုး အထုပ်လေးတွေ ထုပ်၊ ဘေးရွာတရွာ သွားရောင်းတယ်။ အဲဘက်မှာ စစ်ကြောင်းထိုးနေလို့ လမ်းဘေး (၂)နာရီလောက် ငုတ်တုတ်ထိုင်နေရတယ်။
တနေ့က ဓာတ်သိတယောက်က ‘အစောကြီးရှိသေး သိမ်းတော့မှာလား’လို့ နောက်လာတယ်။ ‘ခင်ဗျား ဟိုမှာ မကြားဘူးလား … သိမ်း… သိမ်း တဲ့’ ။ လက်နက်ကြီးနဲ့ ထုတဲ့အသံက ဒိန်း.. ဒိန်း မဟုတ်တော့ပါဘူး။ ဈေးသည်တွေကို ဆိုင်သိမ်းခိုင်း နေပါပြီ။
ဈေးက ကွမ်းတညက်စာ မကြာပါဘူး။ နေ့တွက်တောင် မကာမိဘူး။
ကုန်ဈေးနှုန်းတွေက တခါမှာ တခါတက်တယ်။ ကိုယ်ရောင်းတဲ့ ဈေးမက ပြန်ဝယ်နေရတယ်။ ပုပ်ကုန်သိုးကုန်ဆိုရင် အရင်းထဲ အသားထဲကတောင် ပါသွားတယ်။ အသားတင်မြတ်တဲ့သူက လိုင်းကားဆရာတွေပဲ။
လျှပ်စစ်မီး မရတာ ကြာပြီ။ ဖုန်းဆိုင်၊ ဝပ်ရှော့ဆိုင်တွေက မီးစက်တွေ အားကိုးနေရတယ်။ အခြေအနေကောင်းတဲ့နေ့များ တနေကုန် စက်သံတွေ တဒိုင်းဒိုင်း…။
တရုတ်ဆိုင်ကယ်တောင် သိန်းဆယ်ချီပေးနေရတယ်။ ဈေးဝယ်တွေရဲ့ ဆိုင်ကယ်တွေက လက်ပူတိုက်တွေ များတယ်။ အိတ်ဇောပွင့်သံ၊ အင်ဂျင်သံတွေက တဒိုင်းဒိုင်း…။
နေက ထွက်လာကတည်းက အာဏာပြနေတယ်။ ပူလိုက် လောင်လိုက်တာ မီးထတောက်မတတ်ပဲ။
ဈေးဝယ်တွေက အဖွဲ့လိုက် တက်လာတာများတယ်။ ဆိုင်ထဲ ဝင်လာရင် လေးငါးခြောက်ယောက် အနည်းဆုံးပဲ။ သူ့ ဘာပေးပါ၊ ငါ့ ဘာပေးပါနဲ့ လှိုင်နေတယ်။ ပတ်ဝန်းကျင်တခုလုံးက စက်သံ၊ လူသံ၊ ယာဉ်ပေါင်းစုံအသံတွေ ဘီလူးဆိုင်းတီးနေတယ်။ မြို့ကလည်း ဈေးတက်တဲ့ ပစ္စည်းစာရင်း နေ့စဉ်လိုလို ပို့ပေးနေတယ်။ ပြည်ပကုန်သာမက ပြည်တွင်းကုန်တွေလည်း ဈေးတက်နေတာပဲ။
ရူးတော့မှာပဲ။
၂၂.၉.၂၀၂၅ ညနေ ၃နာရီ ၄၆မိနစ်။
