
‘ငလျင်ပြီး ပြန်လည်ထူထောင်ရေး တရား’

ပူတာအိုကနေ ဇီယာဒမ်းဘက်ရောက်သွားတော့ အိမ်တွေရဲ့ အိမ်အောက်ခြေတိုင်တွေဟာ မြေဝင်မဟုတ်ဘဲ ကျောက်တုံးအကြီးတွေအပေါ်တင်ထားတာ တွေ့ခဲ့ရဖူးတယ်။ ကျောက်တုံးတွေကလည်း ကျောက်ဖျာလို အပြားလိုက်မဟုတ်ပဲ အောက်ခြေက ခပ်ဝိုင်းဝိုင်းတွေ။ အိမ်တွေရဲ့ အလျား အနံကလည်း ရှည်လွန်းခြင်း၊ ကျယ်လွန်းခြင်းမရှိဘဲ သင့်လျော်တဲ့ အချိုးအဆ ရှိနေတယ်။ ဒေသခံတွေ မေးကြည့်တော့ ဒါက ရိုးရာဖြစ်တယ်လို့ပဲ သိခဲ့ရတယ်။
နောက် တွေးကြည့်တော့ မြေပြိုတာများတော့ အိမ်တွေကို အလွယ်တကူ ရွှေ့နိုင်အောင်၊ နောက်ပြီး မြေနဲ့ ဆက်စပ်မှုမရှိတဲ့အတွက် မြေထဲက ရေငွေ့၊ ခြ စတဲ့ဒဏ်ကလည်း ပိုကင်းဝေးနိုင်အောင်လို့ ဖြစ်မယ်ဆိုတာ သွားတွေးမိတယ်။ ဒီ ငလျင်ကိစ္စဖြစ်တော့ ရှာဖွေ ဖတ်ရှုရင်း ပူတာအိုဟာ seismic active area ဖြစ်တယ်ဆိုတာ သွားတွေ့မိတာရယ်၊ ပြိုသွားတဲ့ တိုက်တွေ အိမ်တွေရယ်ဟာ ခြေဖြတ်ရိုက်ခံထားရသလို ပြိုလဲ ထိခိုက်နေကြတာက မြေပြင် Ground movement နဲ့ အိမ်ရဲ့အပေါ် အလေးချိန် ဖိအားကြားမှာ မခံနိုင်ကြတာဘဲလို့ သွားတွေ့ရမှ အဲဒီ ဇီယာဒမ်းတို့ အဝပ်ဒမ်းတို့က အိမ်တွေဟာ မြေပြိုတာ၊ ငလျင်လှုပ်တာတွေကို ခံနိုင်ဖို့ ဒေသခံတွေ ရိုးရာအလိုက် လက်ဆင့်ကမ်းခဲ့တဲ့ နည်းပညာ ဖြစ်နေတာကို သဘောပေါက်မိတော့တယ်။
တခါ အညာဘက်က အိမ်တွေမှာ ကြမ်းပြင်အတွက် ကျောက်ပြားတွေ ထပ်စီ သဲဖြည့်၊ အိမ်တိုင်ကို မြေစိုက်ပြီး ထုတ်တွေ တန်းတွေကို လျှာထိုး ပေါက် ဖောက်ပြီး သပ်စွပ် ဆောက်ကြတာလည်း ဒီ မြေပြင်ရွေ့လျားမှုတွေ ရှိခဲ့ကြလို့ ဒေသခံတွေ လိုက်လျောညီထွေ နေထိုင်ခဲ့တဲ့ နည်းနာတွေ ဖြစ်ကြောင်းကို သဘောပေါက်မိတယ်။
ဆက်ပြီး တွေးမိတာက ဒီ ငလျင်မယ် ဘုန်ကြီးကျောင်းတွေ မယ်သီလရှင်ကျောင်းတွေ အသေအပျောက် များတာကိုလည်း တွေးဆမိတယ်။ ဘုန်းကြီးတွေ တရားရှာသူတွေဆိုတာ တောထဲတောင်ထဲ သစ်ခက်မိုး၊ သစ်ရွက်ကာ ကျောင်းသင်္ခန်းနဲ့ ပစ္စည်းလောဘ၊ အာဏာလောဘကင်းအောင် နေခဲ့ကြပေမယ့် ခုခေတ်ကြီးကျ ကျောင်းကြီးတွေ ခမ်းခမ်းနားနားဆောက်၊ သံဃာ့အဖွဲ့အစည်းတွေနဲ့ စည်းရုံးပြီး ပစ္စည်းလောဘ၊ အာဏာလောဘတွေနဲ့ ဆောင်ရွက် ကြတာ များလာတော့ ဒီငလျင်မယ် ဒီ ခမ်းနားတဲ့ အုတ်တိုက်ကြီးတွေ၊ ဘုန်းကြီးကျောင်းကြီးတွေကပဲ သူတို့ကို စိစိညက်ညက်ကျေအောင် ဖိစီးပစ်ခဲ့ကြတယ်။ ခု အသက်ဆုံးရှုံးတဲ့သူ အများစုကို ကြည့်ရင်လည်း ညွန့်ပေ့ဆိုတဲ့ တိုက်အကောင်းစားတွေ၊ အဆောက်အအုံကြီးတွေမှာ နေထိုင်သူတွေ ဖြစ်နေတာကို သွားတွေ့ရတယ်။ ခမ်းခမ်းနားနားရောင်းတဲ့ စိန်တိုက်ပိုင်ရှင်ဟာ တိုက်ကြီးပိ သေကြေခဲ့ပြီး အရိပ်ထဲ ဗန်းခင်းရောင်းတဲ့ မဖက်တီးမကတော့ ခု သူ ကလေးမွေးဖို့ စုထားတဲ့ငွေလေးနဲ့ ငလျင်ဒုက္ခသည်တွေကို လိုက်လှူပေးနေပါရော။
လူသားဟာ တကယ်တော့ သဘာဝနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ သဘာဝနဲ့ ဆန့်ကျင်ပြီး တည်ဆောက် ပျိုးထောင်ထားမှုတွေဟာ သဘာဝကြီးရဲ့ တချက် ရုန်းအားမှာ ကြေမွ ပျက်စီးကြရတာပါပဲ။ လူသားဟာ သဘာဝကို ဆန့်ကျင်ပြီးနေဖို့ မသင့်တာကိုက သဘာဝကြီးရဲ့ တရားဖြစ်ပြီး လူသား သဘာဝ၊ ကမ္ဘာကြီးရဲ့ သဘာဝကို ရှာဖွေပြီး ဒီ သဘာဝတရားကြီးနဲ့ လိုက်လျောညီထွေ ကျင့်ကြံနေထိုင်နိုင်တဲ့ တရား၊ အသိဉာဏ်၊ ကျင့်ကြံနေထိုင်မှုကသာ ရှာဖွေရမယ့် တရားဓမ္မတွေဖြစ်မယ်လို့ ထင်မိပါတယ်။
ငလျင်ပြီးကာလ ပြန်လည်တည်ဆောက်ရေး လုပ်ရင်လည်း ဘယ်လို ကြံ့ကြံ့ခံ အားကြီးအောင် တည်ဆောက်မယ်ဆိုတဲ့ သဘောတရားတွေထက် မိမိတို့ ရှိခဲ့တဲ့ နှစ်ပေါင်းများစွာ ကျင်လည်ကျင့်သုံးနေထိုင်ခဲ့တဲ့ သဘာဝရဲ့ တရားတွေကို ပြန်လည်ရှာဖွေပြီး သဘာဝနဲ့ လိုက်လျောညီထွေဖြစ်မယ့် Design တွေ၊ အဆောက်အအုံတွေ၊ လူနေထိုင်မှုတွေကို ပြန်လည် တည်ဆောက်သင့်လှတယ် ထင်မိပါတယ်။
Be the first to comment