ငလျင်သံခင်းတမန်ခင်းနှင့် အတိဒုက္ခများကြား ငြိမ်းချမ်းရေး စိတ်မဝင်စားဘဲ မိုက်တွင်းနက်ဆဲ စစ်ကောင်စီ

‘ငလျင်သံခင်းတမန်ခင်းနှင့် အတိဒုက္ခများကြား ငြိမ်းချမ်းရေး စိတ်မဝင်စားဘဲ မိုက်တွင်းနက်ဆဲ စစ်ကောင်စီ’
◼️ရွယ်မိုး
စစ်ကောင်စီဟာ (၂၀၂၃-၂၄) ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ (၅,၆၀၀) ကျော် သုံးခဲ့​ကြောင်း နောက်ဆုံး ထုတ်ပြန်ခဲ့ပြီးနောက်မှာ ကာကွယ်ရေးဘတ်ဂျက်ကို ထပ်မံထုတ်ပြန်ခြင်း မရှိတော့ပါဘူး။
ငလျင်အတွက် ကျပ်ဘီလီယံ (၅၀၀) သုံးမယ်လို့ ဒီကနေ့မှာ ထုတ်ပြောလာပေမယ့် ဒီငွေတွေဟာ ၎င်းတို့ရဲ့ ပျက်စီးသွားတဲ့ နေပြည်တော်ကို ပြန်လည်ပြုပြင်ဖို့နဲ့ စစ်ရုံးအဆောက်အဦးတွေ ပြန်တည်ဆောက်ဖို့သာဖြစ်ပြီး ပြည်သူလူထုအတွက် မဟုတ်ပါဘူး။
ဆိုတော့ ထို ကျပ်ဘီလီယံ (၅၀၀) ကိုလည်း တိုင်းပြည်ကို ဆက်လက်ဖျက်ဆီးမယ့် အသုံးစရိတ်သာ ဖြစ်တယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော် အလှူငွေလက်ခံပွဲမှာ ခရိုနီတွေကို ဓားပြတိုက်ရာကနေ ကျပ် (၁၁၆) ဘီလီယံကျော် ရရှိသွားပြီး ထိုငွေတွေဟာလည်း ငလျင်အတွက် မဟုတ်ဘဲ ၎င်းတို့ အာဏာတည်မြဲရေးအတွက် သုံးစွဲမှာ ဖြစ်ပါတယ်။
ယနေ့အထိ နိုင်ငံတကာ အလှူငွေ ဒေါ်လာသန်း (၆၀) ကျော် ရရှိထားပြီး ထုံးစံအတိုင်း ငွေအများစုက လေယာဥ်ဆီဖိုးတွေ၊ လေယာဥ်​ပြေးလမ်း ပြင်ဆင် ရေးစရိတ်တွေ ဖြစ်သွားဖို့ များပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ခုခံကာကွယ်သည်ကလွဲလို့ နှစ်ပတ်တိတိ ထိုးစစ်ရပ်တန့်ကြောင်း ထုတ်ပြန်သလို AA, TNLA, MNDAA တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ (3BHA) ကလည်း ဧပြီလ တလလုံး ထိုးစစ် ရပ်တန့်ကြောင်း ​ထုတ်ပြန်ပါတယ်။
ဒါပေမယ့် မင်းအောင်လှိုင်ဟာ စစ် ဆက်တိုက်မှာဖြစ်ကြောင်း ထုတ်ပြောနေသလို ငလျင်ဖြစ်ပွားရာဒေသတွေက ပြည်သူလူထုနေထိုင်ရာ ဒေသနဲ့ မြို့များထံ လေကြောင်းဗုံးကြဲမှု အဆက်မပြတ် လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။
ဒါ့အပြင် ငလျင်ကြောင့် အိုးအိမ်ပျက်စီးပြီး နွေရာသီရဲ့အပူရှိန် ပြင်းထန်မှုအောက်မှာ မိုးကာလေးနဲ့ နေနေရတဲ့ ပြည်သူလူထုကို မညှာမတာ ညဘက်တွေမှာ စစ်မှုထမ်း လူသစ်စုဆောင်းမှုသတင်းတွေ ဆက်လက် တွေ့ရှိနေရတုန်းပါ။
လူသေဆုံးမှု သောင်းဂဏန်းထိ မြင့်တက်နိုင်ပြီး လျှပ်စစ်နဲ့ ကျန်းမာရေးလို အခြေခံလိုအပ်ချက်များ အကြွင်းမဲ့ ပျက်စီးသွားသည့် အခြေအနေမျိုးကို ဖြစ်ပေါ်လာစေတဲ့ ငလျင် ဘေးအန္တရယ်အပေါ်မှာ NUG နဲ့ လူမျိုးစုတော်လှန်ရေးတပ်တချို့ဟာ ငလျင်သံခင်းတမန်ခင်း (Earthquake Diplomacy) အရ စစ်ကို ရပ်တန့်ပေးခဲ့ကြပါတယ်။
ငလျင်ဟာ ပြည်သူလူထုကို အတိဒုက္ခရောက်စေသလို ငြိမ်းချမ်းရေးကိုလည်း ဖြစ်ပေါ်စေနိုင်လောက်တယ်ဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံပြီး ယခုလို စစ်ကို ရပ်တန့်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီကတော့ ဆက်ပြီး မိုက်တွင်းနက်နေတုန်းဆိုတာ ပြည်သူလူထုက အတိအလင်း မြင်နေရဆဲဖြစ်သလို စစ်ကောင်စီပေးနေတဲ့ လက်တွေ့ဒုက္ခကိုလည်း ခါးခါးသီးသီး ခံစားနေရဆဲ ဖြစ်ပါတယ်။
About The Call 617 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*