ငါတို့က လူတွေလေ

“ငါတို့က လူတွေလေ”
◼️Simon
လွန်ခဲ့တဲ့တပတ်က ကျနော့်ညီမက အိမ်မှာ သူ့သူငယ်ချင်းတွေနဲ့ အကင်လုပ်စားချင်လို့ အသားနှပ်တဲ့နည်းလေးပေးပါဆိုပြီး တချိန်က စားဖိုမှူးဖြစ်တဲ့ ကျနော့်ကို လှမ်းမေးတယ်။
ကျနော်ကလည်း အလုပ်လေးရှုပ်နေတော့ ငါအလုပ်ပြီးရင် အသားနှပ်နည်း ပို့ပေးလိုက်မယ်လို့ စာပြန်လိုက်တယ်။
ဒီလိုနဲ့ အလုပ်အားလို့ အငယ်မအတွက် အသားနှပ်နည်း ရေးပေးမယ်ဆိုပြီး ရေးမယ်ကြံတော့မှ ခေါင်းထဲမှာ ဘာမှပေါ်မလာဘဲ ၁၀ မိနစ်လောက် စဥ်းစားလိုက်ရတယ်။
တကယ်ဆို မီးဖိုချောင်ဘဝမှာ စားဖိုမှူးအဖြစ်နဲ့ ဆယ်စုနှစ်လောက် လုပ်လာခဲ့တဲ့ ကျနော်က ဒီလို အသားနှပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကို ချရေးဖို့ စဥ်းစားနေရတယ်ဆိုတာ ပုံမှန်အခြေအနေ မဟုတ်ဘူးဆိုတာကို ကျနော်သိလိုက်ရတယ်။
ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ငံပြာရည် အကြည်၊ အနောက်၊ ဂျုံ၊ ကြက်ဥ စသဖြင့် အသားနှပ်ရာမှာပါဝင်ရမယ့် ပစ္စည်းတွေဆိုတာ ကျနော့်အနေနဲ့ တခါမှ စဥ်းစားပြီး လုပ်ခဲ့ရတာမျိုးမရှိဘူး။ နိုင်ငံခြားက စားသောက်ဆိုင်၊ ဟိုတယ်တွေရဲ့ မီးဖိုချောင်မှာ အချိန်အကြာကြီး လုပ်ခဲ့သလို ကျနော့်အထက်မှာဆိုလည်း မန်နေဂျာနဲ့ Chef ခေါင်းကြီးပိုင်းတွေပဲ ရှိတော့တာ။ ဒီလို အတွေ့အကြုံကောင်းတွေရှိတဲ့ ကျနော်က အချိန်အကြာကြီး လုပ်ခဲ့တဲ့အလုပ်တွေကို မေ့တာဆိုတော့ ရယ်စရာတော့ အကောင်းသား။
ကျနော်က Demi Chef ဘ၀နဲ့ မီးဖိုချောင်မှာ အချိန်အကြာကြီးနေခဲ့သလို ကျနော့်ရဲ့ အသက်မွေးဝမ်းကျောင်းက စားဖိုမှူးနဲ့ အနုပညာအလုပ်ပါ။ ဒါပေမယ့် ကျနော် ဟင်းချက်လက်ရာတွေလည်း ကျသွားသလို ဂီတာလည်း လက်ကွက်တွေ၊ လက်ခတ်တွေ မှန်အောင် မတီးနိုင်တော့ဘူး။ ဒါနဲ့ သီချင်းမဆိုတာလည်း ကြာပြီဆိုတော့ ကိုယ့်အသံကို ပြန်စစ်ကြည့်ပြန်တဲ့အခါ ကျနော့်အသံလည်း ပျက်စီးနေတာကို သတိထားမိသွားတယ်။
တကယ်တော့ စားဖိုမှူးအလုပ်နဲ့ အနုပညာအလုပ်ဆိုတာ ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်တွေပါ။ ဒါပေမယ့် အာဏာသိမ်းပြီးချိန်ကစလို့ တသက်နဲ့တကိုယ် လုံးဝမစဥ်းစားဘူးတဲ့ နယ်ပယ်တခုကို ခြေချပြီး ဘဝကို သုညကနေ ပြန်စရတဲ့အခါ တချိန်က ကျနော်လုပ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်အလုပ်တွေက ကျနော်နဲ့ သူစိမ်းလို ဖြစ်သွားခဲ့တယ်။
ဖြစ်သလို စားတယ်၊ အဆင်ပြေတဲ့နေရာ ဝင်စားတယ်၊ ဟင်းချက်တာတွေလည်း မလုပ်ချင်တော့သလို ဂီတာတီးသီချင်းဆိုတာတွေလည်း မရှိတော့ဘူး။ ကျနော် ဂီတာကို ပရိုတယောက်လို မတီးနိုင်ပေမယ့် ကျနော့်လက်သံက အဆိုးကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် အာဏာသိမ်းပြီးတည်းက အရင်လို ဂီတာဒေါင်ဒေါင်ဒင်ဒင်နဲ့ မတီးသလို သီချင်းတွေလည်း မဆိုဖြစ်ခဲ့တာ ကြာပြီ။
တနေ့တာ ကျနော့်ဘဝကြီးက မနက်လင်းတာနဲ့ သတင်းတွေဖတ်တယ်၊ တင်စရာရှိတဲ့ သတင်းတွေ၊ ရေးစရာရှိတာတွေ ရေးတယ်၊ YouTube မှာ ကျနော် ကူပြီးလုပ်ပေးနေတဲ့ Channelတွေအတွက် ကွန်းတန့်တွေရေးတယ်၊ ဗီဒီယိုတွေ Edit လုပ်တယ်။ဒီအလုပ်တွေနဲ့ပဲ တနေ့ကို ၂၄ နာရီမှာ တခါတလေ ညလုံးပေါက်သွားတာတွေလည်း ရှိတယ်။ လူမှုရေး၊ သာရေး၊ နာရေးလည်း မရှိသလို ခေါင်းထဲမှာလည်း ဒီ တလရအတွက်ပဲ ထည့်ထားဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျနော့်သူငယ်ချင်းတွေက အခုထိ ထောင်ထဲမှာရှိကြတုန်း။ ဒါကြောင့် ကျနော့်မှာ သူများတွေထက် ဒီတလရကို အချိန်ပြည့်လုပ်ဖို့လိုတယ်။
ဒီလိုတွေလုပ်နေလို့ ကျနော် ငွေကြေးအရ ချမ်းသာလားဆိုတော့ မချမ်းသာပါဘူး။ စားလောက်ရုံနဲ့ အိမ်စရိတ်ကာမိရုံသာရပြီး တလရထဲက ကျနော့်သူငယ်ချင်းတွေအတွက် ကူညီနိုင်လောက်ရုံသာရှိတယ်။
ဒီကာလမှာ ကျနော်တို့အနေနဲ့ ကိုယ်နဲ့မဆိုင်တဲ့ နယ်ပယ်တခုမှာ ခြေချပြီး တချိန်က ကိုယ့်အလုပ်တွေဟာ ပုံပြင် တခုလို ဖြစ်သွားတာ ကြာပြီ။ တခါတလေဆို ငါ အရင်က ဘာလုပ်ခဲ့တယ် ဆိုတာကိုပါ မေ့သွားတဲ့အထိပဲ။
ပြောရမယ်ဆိုရင် အာဏာသိမ်းခံလိုက်ရတဲ့နောက်ပိုင်း တလရထဲက အနုပညာသမား တော်တော်များများရဲ့ အနုပညာလှုပ်ရှားမှုတွေဟာ အတော်လေး အထနှေးသွားတာတော့ သေချာတယ်။
ပြီးခဲ့တဲ့လက ဂီတလောကထဲက ဘော်ဒါနဲ့တွေ့တယ်။ တွေ့တော့ ထုံးစံအတိုင်း ဒီကောင့်ကို မေးမိတယ်။
မင်းရော သီချင်းတွေလုပ်ဖြစ်သေးလား ဆိုတော့ …
“လုပ်ဖို့တော့ရှိတယ်၊ ဒါပေမယ့် သေချာ မလုပ်ဖြစ်သေးပါဘူးတဲ့”
ကျနော် ဒီကောင့်ကို ဘာမှ ဆက်မမေးတော့သလို သီချင်းတွေ ဆက်လုပ်ပါ၊ ရပ်မနေနဲ့လို့လည်း မတိုက်တွန်းတော့ဘူး (ကိုယ်ချင်းစာလို့)။
တကယ်တော့ အနုပညာသမားဆိုတာ တခြားအလုပ်တွေလို တာ၀န်တခုအနေနဲ့ လုပ်ရတာမျိုးဆိုတာထက် ကိုယ့်စိတ်ရဲ့ ခံစားမှုနဲ့ပဲ လုပ်ရတာဖြစ်သလို ကိုယ့်အလုပ်ပေါ်မှာလည်း စိတ်ပါဝင်စားမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိဖို့လိုတယ်။
ဒါပေမယ့် ဒီလိုကာလမှာတော့ ဘယ်လိုလုပ်ပြီး အနုပညာကို စျာန်ဝင်စားလို့ရပါ့မလဲ။ ခေတ်ကာလအရ၊ နေ့စဥ်မြင်တွေ့နေရတဲ့ သတင်းတွေနဲ့ တိုင်းပြည်အခြေအနေအရ အနုပညာကို စိတ်လက်ကြည်ကြည်လင်လင်နဲ့ လုပ်ဖို့ဆိုတာ တလရဘက်မှာ ရောက်နေတဲ့ အနုပညာသမားတွေအတွက်တော့ အတော်လေး ခက်ခဲတဲ့ အလုပ်တခုပဲ။
ဒီလို တလရဘက်က အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုက အရမ်းကိုနည်းပါးပြီး အားပျော့နေတဲ့အချိန်မှာ ပြည်တွင်းက အနုပညာသမားတွေကတော့ ပုံမှန်လို လည်ပတ်နေကြတာကို တွေ့တော့ တချို့က ကျနော့်ကို လာပြောကြတယ်။
ဟိုဘက်ကကောင်တွေတောင် ခေတ်ပျက်ကြီးမှာ အနုပညာအလုပ်တွေ မရပ်ဘဲ မင်းတို့က ဘာလို့ (တော်လှန် ရေးသီချင်းတွေ၊ တော်လှန်ရေးဇာတ်ကားတွေက လွဲရင်) တခြား အနုပညာလှုပ်ရှားမှုတွေ နည်းသွားရတာလဲတဲ့။
ဒီမေးခွန်းအတွက် ကျနော့်မှာ အဖြေက တခုပဲ။
“ငါတို့က လူတွေလေကွာ …”
About The Call 654 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*