ငါတို့တွေ ၂၀၁၉ တုံးက

by The Call
52 views
◼️လူရောင်လွင်
“သင်သိပါသလား ၂၀၁၉ ဟာ ၅ နှစ် ကြာသွားပါပြီ” ဆိုတဲ့ အင်တာနက်ပေါ်က စာကိုမြင်တော့ ကျနော် တွေဝေပြီး မှိုင်ကျသွားခဲ့တယ်။ ၂၀၁၉ တဲ့။ ၂၀၂၄ တဲ့။ ပျော်ရွှင်မှုကို ကျနော် လွမ်းမိသွားတယ်။ လွတ်လပ်မှုကို သတိရသွားတယ်။ ၂၀၁၉ တုန်းက ကျနော်တို့ ဘာတွေ လုပ်နေခဲ့သလဲ။
အဲတုန်းက ကိုဗစ်ကာလ။ ဘွဲ့တခုရခဲ့ပေမဲ့ သွားမယူတော့ဘဲ အလုပ်တွေ ဖိလုပ်နေခဲ့တဲ့ကာလ။ မျှော်လင့်ချက်တွေ တောမီးလို ဟုန်းဟုန်းတောက်နေခဲ့ရာကနေ အနည်းငယ် အနည်ထိုင်သွားတဲ့ကာလ။ ကျနော်တို့ မသိလိုက်ခင် အမှောင်ဟာ ကျနော်တို့ဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာတဲ့ နှစ်ကာလတွေ။
ကျနော်၂၀၁၉ တုန်းက 1917 ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ခဲ့တယ်။ “I am a poor wayfaring stranger” ဆိုတဲ့သီချင်းကို ညည်းဆိုခဲ့တယ်။ Once Upon a Time in Hollywood ရုပ်ရှင်ထဲမှာ ဘရက်ပစ်က စတီဗင်ချောင်ကို ထိုးလိုက်တာကို သဘောကျခဲ့တယ်။
၂၀၁၉ တုန်းက ကိုဗစ်တွေ ဖြစ်နေကြပြီ။ ရွေးကောက်ပွဲကြီး နီးနေပြီ။ သမိုင်းဟာ တပတ်ပြန်လည်လာတော့မယ့် အသံတွေကို ဟိုနားဒီနားကနေ ကျနော်တို့ ကြားနေကြရပြီ။ ဆူးလေ ဂုံးတံတားပေါ်ကနေ ၉၃ ဘတ်စ်ကားဂိတ်ကို သွားတိုင်း ကျနော် ရုပ်ရှင်ရုံရှေ့က ခိုတွေကို မြင်နေရတယ်။ ကင်းမွန်သုပ်တပွဲ ဒါမှမဟုတ် ကော်ဖီအေးတဘူးဝယ်ပြီး ကျနော် အဆောင်ကိုပြန်တယ်။ ကျနော့်အိတ်ထဲမှာ အဲတုန်းက ဘယ်သွားသွား စာအုပ်နှစ်အုပ် အမြဲပါတယ်။တအုပ်က ငြိမ်းအေးအိမ်ရဲ့ သေခြင်းရဲ့ရနံ့။ နောက်တအုပ်က မောင်ဒေးရဲ့ မီးကိုပြုလုပ်ခြင်း။
စာကြည့်တိုက်တခုခုမှာ အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့ကာလ။ ဖြစ်မလာခဲ့ပါဘူး။ တကယ်တော့ ၂၀၁၉ ဆိုတာဟာ ကျနော်တို့ လူငယ်ဘဝရဲ့ Expire Date ပဲ။ ၂၀၁၉ ပြီးတော့ ၂၀၂၀။ ၂၀၂၀ ခုနှစ်မှာ ကျနော် ဘာမှ သိပ် ထွေထွေထူးထူး မလုပ်ဖြစ်ဘူး။ ရှိရင်းစွဲအလုပ်ကိုပဲ စိတ်မပါလက်မပါလုပ်ရင်း ကပ်ဆိုးလို့အများခေါ်တဲ့ကာလကို လေထဲက ကြွပ်ကြွပ်အိတ်တခုလိုပဲ ဖြတ်သန်းပစ်ခဲ့တယ်။ အသဲကွဲတယ် ။ရုပ်ရှင်ကြည့်တယ်။ ညနက်မှ အိမ်ပြန်တယ်။
၂၀၂၁။ ကျနော်တို့ကို ဝါးမြိုဖို့ သားရဲတွေ စိုင်းပြင်းနေတဲ့ကာလကို ရောက်လာတယ်။ နောက်တော့ ခွေးအ အူသံရှည်ကြီးနဲ့အတူ ရောက်လာတဲ့ အမှောင်ထု။
လန့်လန့်နိုးတဲ့ညတွေ များလာတယ်။ အိပ်ယာဘေးမှာ နတ်စင်ပေါ်က ဓားကိုယူထားပြီး အိပ်ရ။ မနက်ဘက်တွေ နိုးလာတိုင်း ကျိုးကြေသွားတဲ့ အိပ်မက်နဲ့ ကျနော့်လက်ထဲမှာ ခဲခြစ်ပြီးသား ငွေဖြည့်ကဒ်တွေပဲ မြင်ရတယ်။ သွေးတွေနဲ့ ရွံ့စရာ သတ္တဝါတွေ မြင်ရနောက်တော့ ညီမလေး မြသွဲ့သွဲ့ခိုင်။
ဒီဘက်နှစ်တွေ ရောက်လာတယ်။ ဘယ်ရက် ဘယ်လ မမှတ်သားဖြစ်တော့သလို မှတ်လည်း မမှတ်မိဘူး။ ဝေးခေါင်ရဲ့ မြစ် ကဗျာထဲကလို ပြောရရင် အဲဒီ့နေ့ဟာ အဲဒီ့နေ့ပဲ။ ရုပ်ရှင်တွေ သိပ်မကြည့်ဖြစ်တော့ဘူး။ သီချင်းတွေ နားမထောင်ဖြစ်တော့ဘူး။ အသက်ရှူလိုက်တိုင်း အာဏာရှင်အခိုးအငွေ့ဟာ အဆုပ် ကို သွားသွားရိုက်လို့။ စိတ်ပြေလက်ပျောက် တခါတလေ ရဲဘော်တွေနဲ့ ရုပ်ရှင်တွေ ဖလှယ်ကြရင်း ၂၀၂၁ လို့များ ရေးထားရင် ဟာ ရုပ်ရှင်အသစ်ပဲလို့ တွေးမိ။ နောက်တော့ တယောက်ယောက်က သတိပေးလိုက်သလို ဖျက်ကနဲ သတိရ။ ၂၀၂၄ ရောက်နေပြီ ယောက်ဖရေ။
ဘယ်မှာလဲ။ ကြားကာလနှစ်တွေ။ ၂၀၂၁ ဘယ်မှာလဲ။ ၂၀၂၂ တုံးက ရေကျော်ပွဲစျေးကို မသွားလိုက်ရဘူး။ ၂၀၂၃ နှစ်ကာလကြီးက ဘယ်ပျောက်သွားတာလဲ။ သုဝဏ္ဏပန်းခြံမှာ နှစ်သစ်ကူး show ပွဲတွေ။ အခု ၂၀၂၄ တဲ့။
ကြားထဲက ကျနော်တို့ရဲ့ နှစ်ကာလတွေကို ဘယ်သူတွေ ခိုးယူသွားတာလဲ။ ကြားထဲက နှစ်ကာလတွေမှာ ဘယ်သူတွေ မရှိတော့ဘူးလဲ။ ဘယ်သူတွေ ဘယ်ဘက်ခြမ်းမှာ ရပ်တည်သွားသလဲ။ ဘယ်သူတွေ ခြောက်ကမ်းပါးအောက်ခြေက အမှောင်ထဲကို ခုန်ဆင်းသွားသလဲ။
“သူတော်စင်က အခုလိုမိန့်တယ်
မင်းပြန်လိုချင်တဲ့ ခုနှစ်တခုကိုပြော
သူတော်စင်ရဲ့ နဖူးကို ငါ သေနတ်နဲ့ထိုးချိန်လိုက်မိတယ်
ပြီးတော့ ငါငိုတယ်” (အောင်ခင်မြင့်၊ နိုင်ငံတော်သီချင်း)
ဘယ်ခုနှစ်ကို ပြန်လိုချင်လဲ။ ငါတို့ဆီက ခိုးယူသွားတဲ့ နှစ်ကာလတွေကို ဘာနဲ့ ပြန်လျော်ပေးမလဲ။ ဒိတ်ကုန်သွားတဲ့ ဒိန်ခဲတွေလို လူငယ်တွေအတွက် ဘယ်သူတွေ ဘာပြန်ပေးမလဲ။ ဘယ်မှာလဲ ငါတို့ ရဲ့ ၂၀၂၁။ ဘယ်မှာလဲ ငါတို့ရဲ့ ၂၀၂၂။
သူတော်စင်ရဲ့ နဖူးကို ငါ သေနတ်နဲ့ထိုးချိန်လိုက်မိတယ်။
“ခင်ဗျားသိလား။ ၂၀၁၉ ဟာ ၅ နှစ်ကြာသွားပြီဆိုတာ”

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment