
“စစ်ကိုင်းငလျင်အလွန် တော်လှန်ရေး”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
မတ်လ ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုလှုပ်သွားတဲ့ ငလျင်ဟာ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးစေခဲ့တယ်။ သဘာဝဘေးဒါဏ်ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ သတ်သတ်မှတ်မှတ်မရှိတဲ့ နိုင်ငံတနိုင်ငံအတွက် သတင်းတွေမှာဖော်ပြလာတဲ့ သေကြေထိခိုက်ဒါဏ်ရာရမှုတွေနဲ့ အပျက်အစီးတွေဟာ ရှေ့မှာ ဆက်လက်ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကြီးမားစေပါလိမ့်မယ်။
ဒီငလျင်ဟာ တဘက်မှာဘာကိုဖော်ပြသလဲဆိုရင် မြို့ကြီး ၃ မြို့နဲ့ တခြားမြို့ငယ်လေးတွေမှာ တပြိုင်နက်တည်း စစ်ပွဲတွေဖြစ်ခဲ့ရင် ဘယ်လိုအခြေအနေတွေကြုံရနိုင်သလဲဆိုတာနဲ့ အလားသဏ္ဍန်ဆင်တူမယ်လို့ တွေးဆစရာဖြစ်တယ်။
‘ကြေညာချက်များ’
ငလျင်လှုပ်ပြီး ၂ ရက်အတွင်းမှာပဲ နုဂျီက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ၂ ပတ်ကြာ အပစ်ရပ်နားထားမယ်ကြေညာခဲ့သလို နောက် ၂ ရက်အကြာမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း တလတာ အပစ်ရပ်နားထားမယ်လို့ ကြေညာခဲ့ပြန်တယ်။ ဒီကြေညာချက်တွေကို စကစဘက်က စစ်ဆက်တိုက်နေမှာဖြစ်တယ်လို့ မအလကိုယ်တိုင် တုန့်ပြန်ကြေညာခဲ့တာကို တွေ့ရတယ်။ သူတုန့်ပြန်ပုံက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ အကြမ်းဖက်လက်နက်ဆွဲကိုင် တိုက်ပွဲဝင်နေတဲ့အတွက် စစ်ပွဲနဲ့ပဲ ပြန်လည်ဖြေရှင်းသွားဖို့ဖြစ်တယ်လို့ အကြောင်းပြခဲ့တယ်။
ဒီလိုတုန့်ပြန်မှုအပြင် ငလျင်ဘေးဒါဏ်ကျရောက်တဲ့နေ့ကစလို့ ရက်တိုင်းနီးပါးလောက် ငလျင်ဘေးဒါဏ်ကျရောက်တဲ့ဒေသတွေနဲ့ အခြားဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် စကစဟာ နေပြည်တော်တွင်းထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကြောင့် အားနည်းသွားတဲ့စစ်တပ်အခြေအနေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလား စဥ်းစားစရာဖြစ်တယ်။ တပြိုင်နက်တည်းမှာ သဘာဝဘေးအန္တရာယ်အကျပ်အတည်းကြောင့် စစ်ပွဲကနေ တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းကို ပြောင်းလဲသွားနိုင်မလား သုံးသပ်နေ၊ လမ်းကြောင်းပေးနေတဲ့ ပြည်တွင်းပြည်ပက လူတွေ၊ အဖွဲ့အစည်းတွေကို စိတ်ကူးမယဥ်ဖို့ သတိပေးလိုက်သလို ဖြစ်ပြန်တယ်။
ဒါပေမယ့် ဧပြီ ၂ ရက်နေ့မှာ စကစဘက်က ၂ ရက်နေ့ကနေ ၂၂ ရက်အထိ အပစ်ရပ်သွားမယ်လို့ ထပ်မံကြေညာလာတယ်။ တရုတ်ဖိအားလို့ တချို့ကသုံးသပ်ကြတာလည်း တွေ့ရတယ်။ နိုင်ငံတကာမှာ တကိုယ်တော်စစ်ဆက်တိုက်နေတယ်လို့ အထင်မခံရအောင်ဖြစ်တယ်လို့ သုံးသပ်မှုတွေတွေ့ရသလို စစ်ခေါင်းဆောင်ထိုင်းခရီးမှာ မျက်နှာမပျက်ရဖို့လည်းဖြစ်နိုင်တယ်တွက်ဆရပြန်တယ်။
‘လူသားချင်းစာနာမှုအထောက်အကူ’ (humanitarian assistance)
တကယ်တော့ လူသားချင်းစာနာမှုအထောက်အကူဆိုတာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရေးမှာ တကွေ့မဟုတ်တကွေ့ ပေါ်ထွက်လာတတ်တဲ့ သဘောတရားတခုဖြစ်တာတွေ့ရတယ်။ စစ်အာဏာသိမ်းပြီး ၃ လအတွင်း ၂၀၂၁၊ ဧပြီလ ဂျာကာတာအစည်းအဝေးကနေ တရားဝင်ထုတ်ပြန်ခဲ့တဲ့ အာစီယံရဲ့ သဘောတူညီချက်ငါးချက်ဟာ ဘာတွေလုပ်နိုင်တယ်ဆိုတာထက် မြန်မာစစ်တပ်နဲ့ပတ်သက်လာရင် ဘာတွေလုပ်ဖို့ခက်ခဲမယ်ဆိုတာကို ဖော်ပြနေတာနဲ့ အတူတူပဲဖြစ်တယ်။
အာစီယံငါးချက်ကို အကျဥ်းချုပ်ပြန်ကြည့်ချင်သူတွေအတွက် အလွယ်ပြောရရင် အာစီယံအထူးကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ ၂ ချက်ကို ဘေးဖယ်ထားလိုက်၊ ကျန်တဲ့ ၃ ချက်က အပစ်ရပ်၊ ဆွေးနွေးနဲ့ လူသားချင်းစာနာမှုအထောက်အကူတွေပေးဖို့ဆိုတာ ဖြစ်တယ်။ ဒီ ၃ ချက်မှာ အလွယ်ဆုံးလို့ ယူဆရတဲ့ လူသားချင်းစာနာမှုအထောက်အကူတွေဆိုတာမှာတောင် အခက်အခဲတွေရှိနေတာတွေ့ရမှာဖြစ်တယ်။ သာမန်အခြေအနေတွေမှာမပြောနဲ့ ကယ်ဆယ်ရေးတွေ အလျှင်အမြန်လိုအပ်ချိန်မှာတောင် စကစဟာ ထိုင်ဝမ်ကယ်ဆယ်ရေးကို ပေးမဝင်ဘူး၊ တရုတ်ကနေ တအောင်းကိုဖြတ်ဝင်လာတဲ့ကြိုတင်သတင်းပေးထားတဲ့ ကယ်ဆယ်ရေးကားတွေကို စစ်တပ်ဘက်က ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာတွေက သက်သေပဲဖြစ်တယ်။
တရုတ်ငြိုငြင်မှာကြောက်လို့ ထိုင်ဝမ်ကိုပေးမဝင်တဲ့ စကစဟာ တရုတ်ဘက်ကလာတဲ့အကူအညီတွေကိုတောင် သူတို့နဲ့ တိုက်ရိုက်ညှိနှိုင်းတိုင်ပင်ထားတာမဟုတ်ရင် (ရန်သူနဲ့သဘောတူလာတဲ့ ရန်သူ့နယ်မြေဖြတ်သန်းလာတဲ့ ကယ်ဆယ်ရေးကို) မယုံကြည်ဘူး၊ လက်မခံဘူးဆိုတဲ့သဘော ဖြစ်တယ်။ နောက်ဆုံးတော့ သဘာဝဘေးဒါဏ်သင့်ကာလအတွင်း စစ်နဲ့ပတ်သက်တဲ့သဘောထား၊ ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့သဘောထားတွေမှာ စကစဟာ ယခင်စစ်ခေါင်းဆောင်အဆက်ဆက်လို သံသယနဲ့ကိုယ်ကျိုးစီးပွားအဓိကထားတဲ့အမြင်ကို တရားသေဆုပ်ကိုင်ထားဆဲပဲဖြစ်တယ်။ ဒီတော့ စစ်တပ်နဲ့ အပစ်ရပ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုရင် စစ်တပ်ကဦးဆောင်မယ့်ငြိမ်းချမ်းရေးနဲ့ စစ်တပ်ကဖိထားမယ့်တည်ငြိမ်ရေးကို ယုံကြည်နိုင် လက်ခံနိုင်ကြမှာသာ ဖြစ်နိုင်မှာဖြစ်တယ်။
စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ စစ်တပ်သဘောကျတဲ့ပါတီက အနိုင်ရဖို့လိုတယ်ဆိုတဲ့ သဘောထားနဲ့ စစ်တပ်ကဖိနှိပ်ထားတဲ့ ငြိမ်းချမ်းရေးသဘောထားဟာ အတူတူဖြစ်တယ်။ မြန်မာနိုင်ငံရေးမှာ စစ်တပ်ကိုဖယ်ထုတ်ထားလို့မရဘူးဆိုတဲ့သဘောထားအဟောင်းကို ဖုံသုတ်ပြီး ပွဲထုတ်လာတာသာ ဖြစ်တယ်။ လူထုနဲ့ မျိုးဆက်သစ်တော်လှန်ရေးကို ပေါ်ပေါ်ထင်ထင် မျက်ကွယ်ပြုခြင်းမျှသာဖြစ်တယ်။
‘လူသားချင်းစာနာမှုအရ ဝင်ရောက်စွက်ဖက်မှု’ (humanitarian intervention)
တကယ်တော့ စစ်အာဏာသိမ်းအပြီး လူထုဆန္ဒပြပွဲတွေနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးသဘောထားကို ဆွဲကိုင်ထားကြချိန်၊ နောက်ပိုင်းလူထုကိုယ်တိုင်ယမ်းထောင်းပြီး လက်လုပ်သေနတ်တွေ တူမီးတွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ခုခံစစ်ဦးကာလမှာကတည်းက မြန်မာလူထုဟာ အာတူးပီ (R2P) ကို တောင်းဆိုခဲ့ကြ မျှော်လင့်ခဲ့ကြဖူးတယ်။ တကယ်တော့ အာတူးပီဟာ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာတပ်ဖွဲ့တွေက လူသားချင်းစာနာမှုအရ အာဏာသိမ်းစစ်တပ်ကို ဝင်ရောက်တားဆီးဖို့ ဝင်ရောက်စွက်ဖက်စေဖို့ ဖြစ်တယ်။
သို့သော် နောက်ပိုင်းမှာ လေများပြီး လက်မပါတဲ့ နိုင်ငံတကာအကူအညီတွေအစား လူထုကိုယ်တိုင်ကိုယ့်အားကိုယ်ကိုးတိုက်ပွဲဝင်ဖို့ လိုအပ်လာပြီဆိုတာသိမြင်လက်ခံလာခဲ့တယ်။ တော်လှန်ရေးဟာ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇတ်ဝတ်မှုတွေကိုရပ်တန့်ဖို့ ကိုယ်အားကိုယ်ကိုး ကြိုးစားအားထုတ်တဲ့ ခုခံစစ်တခုအဖြစ် နားလည်နိုင်ကြဖို့ ဖြစ်တယ်။
“စစ်နဲ့ငြိမ်းချမ်းရေး”
စစ်ကိုင်းငလျင်ဟာ ရှေ့မှာလာတော့မယ့် လူမှုရေးစီးပွားရေးအကျပ်အတည်းကြီးတခုရဲ့ ရှေ့ပြေးဖြစ်လာဖို့ရှိနေတယ်။ ဒီအကျပ်အတည်းထဲကို စစ်ပွဲတွေ ထည့်သွင်းစဥ်းစားမယ်ဆိုရင် အခြေအနေတွေဟာ ပိုပြီးဆိုးဝါးလာမှာက အသေအချာပဲဖြစ်တယ်။ ဒီအခြေအနေတွေက အချိန်ကာလတခုအတွင်း တော်လှန်ရေးကိုအပြတ်ဖြတ်နိုင်ဖို့ အမြဲတောင်းဆိုနေမှာဖြစ်တယ်။
တော်လှန်စစ်မှာ တော်လှန်ရေးအင်အားစုအတွင်း လျှင်လျှင်မြန်မြန်နဲ့ စုစည်းတိုက်ပွဲဝင်နိုင်စွမ်းဟာ မဖြစ်မနေ လိုအပ်လာတယ်။ ဒီလိုမှမဟုတ်ရင် ငြိမ်းချမ်းရေးဟာ ရေရှည်စစ်ကို တချိန်မှာဖိအားပေးပါလိမ့်မယ်။ လူသားချင်းစာနာမှုအတွက်တော်လှန်ရေး (humanitarian intervention) ကိုစုစည်းပုံဖော်နိုင်စွမ်းမရှိရင် လူသားချင်းစာနာမှုအတွက်အထောက်အကူ (humanitarian assistance) သက်သက်က နေရာယူလာဖို့ရှိနေတယ်။
Be the first to comment