
“စစ်ကြီးအတွင်းက စာရေးဆရာ -၂”

စာရေးဆရာက သူ့ဇာတ်လမ်းကို တော်လှန်ရေးစခန်းတခု ဝင်စီးခံရတာနဲ့ စပြီးဖွင့်တယ်။ ဖွင့်ဖွင့်ချင်း နိဒါန်းမှာပဲ လက်နက်ကြီးသုံးလုံးကို မြန်မြန်ဆန်ဆန် ဖောက်ခွဲပြီး စခန်းတခုလုံးကို မီးလောင်တိုက်သွင်းလိုက်တယ်။ ပြီးတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် တယောက်တည်းကိုပဲ ချန်ရစ်ပြီး ကျန်တဲ့ရဲဘော်တွေ အားလုံးကို တချက်တည်းနဲ့ သတ်ပစ်လိုက်တယ်။ အခု စခန်းတခုလုံး မီးပွားတွေ တဖွားဖွားလွင့်ပြီး လူသွေးနံ့တွေ၊ အသားမီးလောင်နံ့တွေ ထောင်းထောင်းထနေပြီ။ ဒါပြီး ဘာဆက်ဖြစ်ရင် ကောင်းမလဲ။ ဇာတ်လမ်းအရ ဝတ္ထုရဲ့ အဓိကဇာတ် ကောင် တဦးတည်း ရှင်ကျန်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်လေးကို လိုက်ပြီးသတ်ကြမယ့် ဖက်ဆစ်တပ်က တပ်သားတွေအကြောင်းကို ရေးရမှာပဲ ဆိုတဲ့အသိက စာရေးဆရာရဲ့အတွေးထဲ လှစ်ခနဲ ဝင်လာတယ်။
ဖက်ဆစ်တပ်သားတွေက လောင်မီးကျနေတဲ့ တော်လှန်ရေးစခန်းကို တဖြည်းဖြည်း ဝိုင်းလာမယ်၊ ပြီးတော့ တုံးလုံး ပက်လက် သေနေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ကျော်ခွပြီး စခန်းကို မွှေမယ်။ မဟုတ်သေးဘူး၊ တခုခု လိုနေသလိုပဲ၊ ဟုတ်တယ် တခုခု လိုနေတယ်၊ ဘာလိုနေသလဲ။ စာ အဆက်မပြတ် ရိုက်နေတဲ့ သူ့ရဲ့လက်ချောင်းတွေကို စာရေးဆရာ ရပ်လိုက်တယ်။ ဝတ္ထုက ပေါ့ရွှတ်ရွှတ် ဖြစ်နေတယ်၊ တခုခု လိုနေတာ သေချာတယ်ပေါ့။ ဝင်စီးခံရတဲ့ တော်လှန်ရေးစခန်းက မီးလောင်နေပြီ၊ ဖက်ဆစ်တပ် သားတွေကလည်း တဖြည်းဖြည်း ချည်းကပ်လာပြီ။
အခုရေးခဲ့ပြီးသမျှက ဇာတ်ဝင်ခန်းရဲ့ အရိပ်၊ အနံ့၊ အသံနဲ့ ထိမှုသိမှုအာရုံက ရတဲ့ ပူလောင်မှု။ မဟုတ်သေးဘူး၊ လိုနေတယ်၊ လိုနေတယ်၊ တခုခုလိုနေတယ်။ ဟုတ်တယ်၊ ဒီလို အခြေအနေမှာ တယောက်တည်း အသက်ရှင်ကျန်ခဲ့တဲ့ တော်လှန်ရေးတပ်သားရဲ့ နာကျင်မှုနဲ့ ကြောက် စိတ်။ တိတိကျကျ ပြောရရင် အခု စာရေးဆရာ ရေးခဲ့သမျှက ဇာတ်ကွက်ကို သရုပ်ဖော်ရုံသက်သက်ပဲ ဖြစ်နေပြီး ဇာတ်ကောင်ရဲ့ သိမှု၊ ခံစားချက်နဲ့ အတွေးတွေနဲ့ မချိတ်ဆက် သေးဘူးဖြစ်နေတာ၊ ဒီထက်ပိုပြောရရင် ဇာတ်လမ်းကို ရှေ့တွန်းပို့မယ့် ဇာတ်ကောင်ရဲ့ ဖြစ်တည်မှုက လုံးဝ မပါဝင်သလို ဖြစ်နေတာ။ စဉ်းစားရင်းကပဲ စာရေးဆရာ သတိထားမိသွားတယ်၊ ဟုတ်တယ်၊ သူ အခုရေးနေတာမှာ ဇာတ်ကောင်ရဲ့ နာကျင်မှုနဲ့ ကြောက်စိတ် လိုနေတာပဲ၊ အဲဒါတွေကို သူ ဘယ်လို ဖော်ပြမလဲပေါ့။
မမျှော်လင့်ဘဲ ဖြစ်လာတဲ့အဖြစ်အပျက်၊ ရဲဘော်ရဲဘက်တွေကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းစိတ်၊ လောင်မီးကျသွားတဲ့ စခန်းရဲ့ အခြေအနေ။ မဟုတ်သေးဘူး၊ မေးခွန်းမှားနေတာ မဟုတ်ဘူးလား။ “အဲဒါတွေကို ဘယ်လို ဖော်ပြမလဲ” ဆိုတာထက် “အဲဒါတွေကို ဘယ်သူကတဆင့် ဖော်ပြမလဲ” ဆိုပြီး ဖြစ်သင့်တာ။ ဇာတ်လမ်းကို ရှေ့တွန်းပို့မယ့် ဇာတ်ကောင်ရဲ့ဖြစ်တည်မှုကို ဘယ်သူက တဆင့်ဖော်ပြမလဲပေါ့။ စာရေးဆရာဖြစ်တဲ့ ကိုယ်တိုင်က ပြောပြသလို အားလုံးသိပုံစံနဲ့ပဲ ရေးရမလား၊ ဒါမှမဟုတ် စာရေးဆရာက ဇာတ်ကောင်ရဲ့နေရာကို ဝင်ပြီး အဲဒီဇာတ်ကောင် ရဲ့ သိခြင်းဖြစ်တဲ့ ကန့်သတ်သိကနေပဲ ရေးရမလားပေါ့။ သူ့ဝတ္ထုရဲ့ လာရာနဲ့ လားရာကို စာရေးဆရာ တွေးတယ်၊ ဝတ္ထုရဲ့အစမှာ စခန်းဝင်စီးခံရမယ်၊ ဝတ္ထုတလျောက်လုံး ဖက်ဆစ်တပ်သားတွေရဲ့ လက်ကနေ ပြေးမယ်၊ အဆုံးသတ်မှာ သေသွားမယ်။ အဲဒါတွေကို သရုပ်ဖော်ရမယ့် သူ့ရဲ့ရှုထောင့်ကိုလည်း စာရေးဆရာ စဉ်းစားတယ်။
တော်လှန်ရေးတပ်သားကို သူရဲကောင်းအဖြစ် ပုံဖော်ရာမှာ ဖက်ဆစ်တပ်သားတွေရဲ့ သူတို့ကိုယ်သူတို့ ဗဟိုပြုတဲ့ အတွေးအမြင်တွေ မပါတာက ပိုပြီးကောင်းတာပဲ။ တကယ်လို့ ပါလာခဲ့ရင် သူ့အနေနဲ့ အဲဒီအပိုင်းတွေမှာ လက်လွန်ပြီး တော်လှန်ရေးရဲဘော်လေးကို လူဆိုးအဖြစ် ပုံဖော်မိနိုင်သေးတယ် မဟုတ်လားပေါ့။ ဇာတ်လမ်းတပုဒ်ကို တဦးတဘက်တည်းဆီကပဲ နားထောင်ရတာက မှားယွင်းတဲ့အမြင်တွေ ဖြစ်စေနိုင်တယ်။ မပြည့်စုံတဲ့ ဇာတ်လမ်းကို ယုံစားမိပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိနိုင်တယ်ဆိုပေမဲ့ ဒါက တကယ့်အဖြစ်အပျက်မှ မဟုတ်ဘဲ၊ ဒါက ဝတ္ထုတပုဒ်ပဲ။ စာရေးဆရာအနေနဲ့ ဖက်ဆစ်တပ်က တပ်သားတယောက်ယောက်ရဲ့ အတွေးအမြင်ကို ရေးဖို့ဖြစ်လာပါပြီတဲ့၊ အဲဒီဇာတ်ကောင်က သူ့ကိုယ်သူ ဆိုးပါတယ်လို့ ပြောမှာမဟုတ်သလို သူတို့လိုက်ဖမ်းနေတဲ့ တော်လှန်ရေးရဲဘော်ကိုလည်း သူရဲကောင်းပါလို့ မပြောဖို့က သေချာနေတာပဲ မဟုတ်လားပေါ့။ ဒီလိုဆိုရင် တော်လှန်ရေးရဲဘော်ရဲ့ အမြင်၊ ကန့်သတ်သိ ရှုထောင့်ကပဲ သူ့အတွက် အဆင်အပြေဆုံးပဲ မဟုတ်လားပေါ့။
စာရေးဆရာ တွေးတယ်၊ စဉ်းစားတယ်၊ ပြီးတော့ ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါက အဆင်အပြေဆုံးပဲလို့ ဆုံးဖြတ် လိုက်ပြီး ဒီဝတ္ထုတလျောက်လုံး သူ့အတွက် နေဖို့အသင့်ဆုံးလို့ သူတွေးမိတဲ့ ဝတ္ထုဇာတ်ကောင် တော်လှန်ရေး ရဲဘော်ရဲ့ ကိုယ်ခန္ဓာထဲ ရုတ်တရက်ဆိုသလို ခုန်ဝင်လိုက်တယ်။
ဝုန်းခနဲ အသံကို အရင်ဆုံး ကြားရတယ်။ ပြီးတော့ နောက်က တဖောက်ဖောက်အသံတွေနဲ့ ပေါက်ကွဲသံတချို့ ဆက်လိုက်လာတယ်။ ပူလိုက်တာ၊ ဘာလို့ ဒီလောက်ပူနေရတာလဲ။ သူ့နှာခေါင်းထဲကို အသားတခုခု မီးလောင် ရာက ထွက်လာသလို အနံ့တခု စူးခနဲ ဝင်လာတယ်။ ဘာနံ့လဲ၊ တခုခု မီးလောင်နေတာလား၊ သူ မျက်လုံးဖွင့်ဖို့ ကြိုးစားပေမဲ့ ရုတ်တရက် ဖွင့်လို့မရဘူး။ သူ အိပ်မက် မက်နေသလား၊ မဟုတ်သေးဘူး၊ မီးလောင်နေပြီထင်တယ်။ နောက်တော့ သူ ရှုလိုက်တဲ့လေတွေက ပုံမှန်လေ မဟုတ်ဘူးဆိုတာကို တော်လှန်ရေးရဲဘော်လေး ရုတ်တရက် သတိထားမိသွားတယ်။ အခု သူ ရှုနေတာ မီးခိုးတွေ၊ မီးခိုးလုံးတွေပဲပေါ့။ နောက်တာ့ သူ့မျက်လုံးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ နံဘေးပတ်ပတ်လည်မှာ အလျှံတညီးညီး မီးတောက်တွေ ဝိုင်းနေတာကို အရင်ဆုံး တွေ့ လိုက်ရတယ်။ ဘာလဲ၊ ဘာဖြစ်တာလဲ၊ မီးခိုးတွေ မီးတောက်တွေက ဘာတွေလဲပေါ့။ သူ ချက်ချင်း ထဖို့ကြိုးစားပေမဲ့ သူ့ရဲ့လက်နဲ့ ခြေထောက်တွေက အားမရှိသလို ပျော့ခွေနေတယ်။ မီး၊ မီး၊ တကယ်ပဲ မီးလောင်နေပြီ။ အချိန်က စက္ကန့်ပိုင်းလောက်ပဲ ကြာတယ်။ တော်လှန်ရေးရဲဘော်လေး လှဲအိပ်နေတာကနေ ချက်ချင်း ခုန်ထလိုက်တယ်။
အဲဒီနောက်တော့ သူ့ရဲဘော်ရဲဘက်တွေရဲ့ သွေးသံရဲရဲ တုံးလုံးပက်လက်မြင်ကွင်းက တော်လှန်ရေးရဲဘော်လေးရဲ့မျက်လုံးထဲ ဆက်တိုက် ဝင်ရောက်လာတယ်။ ဘာလဲ၊ ဘာဖြစ်တာလဲ။ သူတို့စခန်းကို လေယာဉ်နဲ့ ပစ်ခံရတာလား။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကောင်းကင်မှာ လေယာဉ်မှ မရှိတာပဲပေါ့။ စဉ်းစားနေတုန်းမှာပဲ ဘန်းခနဲ သေနတ် သံတချက် ကြားလိုက်ရပြီး သူ့လက်မောင်းတဘက် ပြုတ်ထွက်သွားသလို ခံစားလိုက်ရတယ်။ အခုတော့ သူတို့ စခန်း ဝင်စီးခံရတာကို တော်လှန်ရေးရဲဘော်လေး သိသွားပြီ။ မီးတောက်မီးလျှံတွေ ကြားကနေ ဖက်ဆစ်တပ်ရဲ့တပ်သားတွေ သူတို့စခန်းနား တဖြည်းဖြည်း ချည်းကပ်လာတာကိုလည်း တော်လှန်ရေးရဲဘော်လေး သိသွားပြီ။ ပြီးရင် ဘာဆက်လုပ်ရမလဲ။
“ခွေးတွေပဲ”
သူတို့ရဲ့စခန်းဆီကို တဖြည်းဖြည်း တိုးကပ်လာတဲ့ ဖက်ဆစ်တပ်သားတွေကို မီးတောက်တွေကြားကနေ မပီဝိုးတဝါး မြင်လိုက်ရတဲ့အချိန် တော်လှန်ရေးရဲဘော်ရဲ့စိတ်ထဲ တီးတိုးပြောလိုက်မိတဲ့ စကားကို ရေးတုန်းမှာပဲ စာရေးဆရာရဲ့ခေါင်းထဲကို အတွေးတခု ဖျတ်ခနဲ ဝင်လာတယ်။ အဲဒါကတော့ တော်လှန်ရေးစခန်းအနား ကပ်လာတဲ့ ဖက်ဆစ်တပ်ရဲ့ တပ်သားတွေကို ခွေးတွေပဲဆိုပြီး ရဲဘော်လေးက တွေးလိုက်တာမှာ သူ့အနေနဲ့ အဲဒီဖက်ဆစ်တပ် သားတွေကို လူတွေအဖြစ် ပုံမဖော်တော့ဘဲ ခွေးတွေအဖြစ် တိုက်ရိုက် ပုံဖော်လိုက်ရင် ကောင်းမလားဆိုတာပဲ။ အစွယ်အဖွေးသားနဲ့ ခွေးတွေ၊ ကိုက်တော့ ဆွဲတော့မလို တဝုန်းဝုန်း ဟောင်ပြီး မီးလောင်နေတဲ့စခန်းဆီ ပြေးဝင် လာတယ်လို့ ရေးရမလားပေါ့။ ခွေးတွေမို့ ခွေးတွေလို့ ရေးတာ၊ ဒါက မက်တာဖာတောင် ဖြစ်သေးတာပဲပေါ့။
ဒါပေမဲ့ ဇာတ်ကောင်က လက်တဘက်ကို သေနတ်မှန်ခဲ့ပြီးပြီမို့ ခွေးတွေဆိုပြီး ရေးလိုက်ရင် အဲဒီ သေနတ်မှန်တဲ့ကိစ္စက ယုတ္တိတန်ပါ့တော့မလားဆိုတဲ့ စိုးရိမ်စိတ်တခုကလည်း စာရေးဆရာရဲ့ခေါင်းထဲ အပြိုင်တိုးဝင်လာတယ်။ ဝတ္ထုတပုဒ်ဟာ သရုပ်မှန်ပဲဖြစ်ရမယ်လို့ ဘယ်သူက ကန့်သတ်ထားသလဲ၊ ဝတ္ထုတပုဒ်က ယုတ္တိယုတ္တာကင်းမဲ့ပြီး သရုပ်မှန်လွန်ဖြစ်သွားရင် ပိုတောင် လှလာတာမျိုးတွေလည်း ရှိတာပဲ။ ဥပမာပြရရင် မော့ယန်ရဲ့ ပျံသန်းခြင်း (Mo Yan’s The Soaring) ဝတ္ထုဆိုရင် သတို့သမီးက အိမ်ကနေ ထွက်ပြေးတဲ့အချိန် ငှက်တွေလို အတောင်ပံပေါက်ပြီး ကောင်းကင်မှာ ပျံသွားခဲ့တာ၊ ဘယ်လောက်တောင် မိုက်လိုက်သလဲပေါ့။
စာရေးဆရာရဲ့ကိုယ်ထဲ စိတ်နှစ်ခုဖြစ်ပြီး အဲဒီစိတ်နှစ်ခုက တခုနဲ့တခု အပြန်အလှန် မွေးခွန်းထုတ်တယ်၊ စကားစစ်ထိုးတယ်၊ ငြင်းတယ်၊ ခုန်တယ်၊ အဲဒီလိုဖြစ်နေရင်းကပဲ စခန်းကနေ ထွက်ပြေးလာတဲ့ သူ့ရဲ့ဇာတ်ကောင် တော်လှန်ရေးရဲဘော်လေးဟာ မော့ယန်ရဲ့ ဝတ္ထုထဲကလိုမျိုး ကောင်းကင်မှာ ပျံလိုက်ရင် ဖြစ်တာပဲလို့ တွေးမိ သွားတယ်။ သူတို့စခန်းကို သေနတ်ကိုင်ထားတဲ့ ခွေးတွေ ဝင်စီးမယ်၊ အဲဒီနောက် စခန်းကနေ ထွက်ပြေးလာတဲ့ ရဲဘော်လေးဟာ ပြေးရင်းလွှားရင်း လက်က အတောင်ပံတွေလိုဖြစ်သွားပြီး ကောင်းကင်မှာ ပျံမယ်၊ ဒါဆိုရင် ပထမရေးခဲ့တဲ့ ခွေးတွေဆိုတာက ပိုပြီးတော့ ယုတ္တိတန်သွားသလို နောက်ပိုင်းဆက်ဖြစ်မယ့် အတောင်ပံကိစ္စအတွက်လည်း အထောက်အကူ ဖြစ်တာပဲဆိုတဲ့ အညမညဖြစ်တဲ့ အခြေအနေကိုလည်း သတိထားမိလိုက်တယ်။ ပြီးတော့ ဒါဆို … ဟုတ်ပြီ၊ စခန်းကို ဝိုင်းလာတာ ခွေးတွေ၊ တိတိကျကျပြောရရင် သေနတ်ကိုင်ထားတဲ့ ခွေးမျက်နှာနဲ့ လူကိုယ်ခန္ဓာ ရှိသူတွေလို့ ရေးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီနောက်တော့ စာရေးဆရာက တော်လှန်ရေးရဲဘော်ရဲ့ကိုယ်ခန္ဓာထဲ ပြန်ပြီး ဝင်တယ်။ ပြီးတော့ သူ့နံဘေးပတ် ပတ်လည်မှာ ဖြစ်နေတဲ့ အရိပ်၊ အရောင်တွေနဲ့ အသံ၊ အနံ့တွေရဲ့ စေ့ဆော်မှုကို စဉ်းစားတယ်။ အစွယ်အဖွေးသားနဲ့ ခွေးတွေ၊ ပါးစပ်ကို ဖြဲပြီး ဂီးခနဲ မာန်ဖီလိုက်တာ၊ တဟီးဟီးတောက်နေတဲ့ မီးတောက်တွေ၊ ပြီးတော့ နှာဝထဲကို လိမ့်ဝင်လာတဲ့ အသား မီးလောင်ညှော်နံ့နဲ့ မီးခိုးလိပ်တွေ၊ ပူနွေးစေးကပ်တဲ့ သွေးတွေ တရစပ်စီးကျနေတဲ့ လက်မောင်းက သေနတ်ဒဏ်ရာ။ ခွေးတွေ၊ ခွေးတွေပဲ။ ဘာလုပ်ရမလဲ၊ ပြေးရမယ်။ ငါ ပြေးရမယ်၊ ငါ အသက်ရှင် ဖို့ ပြေးရမယ်ပေါ့။
ပြေးရမယ်၊ အခု ဒါတွေအားလုံးကနေ အဝေးဆုံးကို ပြေးရမယ်။ ကနဦးတော့ တော်လှန်ရေးရဲဘော်ရဲ့ ကိုယ်ခန္ဓာထဲ ဝင်ကစွပ်ကောင်လိုမျိုး ဝင်ထားတဲ့ စာရေးဆရာက သူ့စိတ်ထဲမှာ တွေးမိတဲ့အတိုင်း ပြေးတယ်။ မရပ်မနား၊ နောက်မလှည့်စတမ်း ပြေးတယ်။ ဒါပေမဲ့ ပြဿနာက ခြေထောက်တွေက ပြေးနေပေမဲ့ စိတ်က ဦးတည်ရာ ရှိမနေဘူး။ ဒီတော့ လူက ပြေးနေပေမဲ့ မြင်မြင်သမျှ အနက်ရောင်ပင်လယ်ကြီးထဲကနေ မလွတ်မြောက်သွားဘူး။ အရုပ်၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ အာရုံငါးပါး မဲ့နေတဲ့ လေဟာနယ်ထဲကနေလည်း မကင်းလွတ်သွားဘူး။ စာရေးဆရာ စဉ်းစားတယ်။ သူ ဘာလုပ်နေသလဲ၊ သူ ပြေးနေတယ်။ သူ ဘယ်ကို ပြေးနေတာလဲ၊ ခွေးတွေဆီက လွတ်မြောက်ရာဆီကို။ သူ ဘယ်လို ရောက်နေပြီလဲ။
မဟုတ်ဘူး၊ မဟုတ်သေးဘူး။ ဒါက တကယ့်အဖြစ်အပျက် မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်မှာ လူတယောက် က ပြေးခြင်းသက်သက်ကိုပဲ လုပ်ပြီး ကျန်တဲ့မြင်ကွင်းတွေက သူတို့ဟာသူတို့ ဖြစ်တည် ပါဝင်လာကြပေမဲ့ ဝတ္ထုတွေထဲမှာတော့ စာရေးဆရာတယောက်က ပြေးတာကို လုပ်နေတဲ့ တပြိုင်တည်းမှာပဲ သူသွားချင်၊ သူရောက်ချင် တဲ့နေရာကို ပုံဖော်ရမှာ၊ ဒါမှ ဝတ္ထုက အဆုံးသတ်နိုင်မှာ၊ ဒါဆို သူ ဘယ်ကိုပြေးရမလဲ။ စာရေးဆရာ သူ့ကိုယ်သူ မေးတယ်။ သူ့ဘဝတလျှောက် ဖြတ်သန်းခဲ့တာတွေထဲက အမှတ်ထင်ထင်ရှိနေတဲ့ လမ်းတချို့ စာရေးဆရာရဲ့ခေါင်းထဲ လျှပ်ပျက်သလို ပေါ်လာတယ်။ မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ အခု သူပြေးနေတဲ့လမ်းက သူဖြတ်ခဲ့ဖူးတဲ့ လမ်းတွေမဟုတ်ဘူး၊ ပြီး သူ့ဘဝရဲ့လမ်းလည်း မဟုတ်ဘူး။ ဒီလမ်းက သူ့ဝတ္ထုထဲမှာ တော်လှန်ရေးရဲဘော်လေး ပြေးမယ့် လမ်း၊ ညအချိန်၊ စခန်းကနေ အဝေးကိုဦးတည်နေတဲ့ လမ်းပဲပေါ့။ ကမူတွေ၊ တောင်စောင်းတွေ၊ ငုတ်တွေ၊ ကျင်းတွေ။ ချိုင့်တွေနဲ့ လမ်း၊ ပြီးတော့ အဲဒီလမ်းတလျောက် စူးတတ်တဲ့ ဆူးတွေ၊ ရစ်ပတ်တတ်တဲ့ နွယ်တွေ၊ ညိတတ်တဲ့ သစ်ကိုင်းတွေနဲ့ လူကို အရှိန်နဲ့ ရိုက်တတ်တဲ့ သစ်ရွက်တွေ။
စာရေးဆရာရဲ့ခေါင်းထဲမှာ မော့ယန်ရဲ့ဝတ္ထုထဲက ဇာတ်ကောင်အမျိုးသမီး သူ့ရဲ့မင်္ဂလာဆောင်ကနေ ထွက်ပြေးသွားတဲ့လမ်းက ရုတ်တရက်ဆိုသလိုပဲ ပေါ်လာတယ်။ နေဝင်ဆည်းဆာ၊ တဖြည်းဖြည်း ကြီးစိုးလာတဲ့ အမှောင်ထုနဲ့ ခါးအထိရှည်ပြီး မလွတ်မကျွတ်တဲ့ တစ္ဆေတွေလို တရှဲရှဲအော်မြည်နေတဲ့ စပါးပင်ရှည်တွေနဲ့ လမ်း၊ အဲဒီအမျိုးသမီးက ထုံးတမ်းဓလေ့ အစဉ်အလာ နှောင်ကြိုးတွေကနေ ထွက်ပြေးတာ။ စာရေးဆရာရဲ့ တော်လှန်ရေးရဲဘော် လေးကတော့ ဖက်ဆစ်ဓလေ့ကြီးစိုးတဲ့ အာဏာရှင်စနစ်ကနေ ထွက်ပြေးတာ။ နှစ်ယောက်လုံးက လွတ်မြောက်ဖို့ ထွက်ပြေးကြတာပဲပေါ့။ စဉ်းစားရင်းနဲ့ပဲ တော်လှန်ရေးရဲဘော်လေး ပြေးရမယ့်လမ်းက စာရေးဆရာရဲ့ခေါင်းထဲ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတယ်။ သစ်ပင် တောအုပ်တွေရဲ့အဆုံးမှာ ရှိနေမယ့် လယ်ကွင်းတွေ၊ ခါးအထိရှည် လျားနေပြီဖြစ်တဲ့ စပါးပင်တွေ၊ ပြီးတော့ အမှောင်ထု ပြိုကွဲပျက်ပြယ်မှုနဲ့အတူ တဖြည်းဖြည်း ဖြန့်ကြက်လာမယ့် မနက်ခင်းသစ်ရဲ့ရောင်နီ။
မော့ယန်ရဲ့ဝတ္ထုထဲမှာ ညအမှောင်နဲ့အတူ ထူးဆန်းမှုတွေ ပါလာသလို သူ့ရဲ့ဝတ္ထုထဲမှာလည်း မနက်ခင်းလင်းအရုဏ်နဲ့အတူ ဆန်းကြယ်မှုတွေ ပါလာလို့ရတာပဲပေါ့။ အမှောင်တောအုပ်ကြီးထဲကနေ ပြေးထွက်လာခဲ့တဲ့ တော်လှန် ရေးရဲဘော်လေးက သူ့ရဲ့ခါးလောက်အထိ ရှိနေပြီဖြစ်တဲ့ စပါးခင်းကြီးထဲမှာ ဆက်ပြေးမယ်။ အနောက်မှာတော့ သွားရည်တမြားမြား၊ ပါးစပ်အဖြဲသားနဲ့ ခွေးတွေနဲ့ သူတို့ရဲ့ ကြောက်မက်ဖွယ် ထိုးဟောင်သံတွေ။ အဲဒီအချိန် ဆေးအမည်းကို အဖြူပြောင်းပြီး သုတ်လိုက်သလိုမျိုး ကောင်းကင်ကြီးတခုလုံ ရုတ်တရက် လင်းထိန်သွားမယ်။ အဲဒီနောက် ရှေ့နောက် ဝှေ့ယမ်းပြေးနေတဲ့ တော်လှန်ရေးရဲဘော်လေးရဲ့ လက်တွေက တဖြည်းဖြည်းနဲ့ တောင်ပံတွေအဖြစ် ပြောင်းသွားပြီး တော်လှန်ရေးရဲဘော်လေးရဲ့ ခန္ဓာကိုယ်ကလည်း ငှက်တွေလိုမျိုး တဖြည်းဖြည်းချင်း စပါးခင်းတွေရဲ့အထက်ကို မြင့်တက်လာမယ်။ ဒါပေမဲ့ ဒဏ်ရာရနေတဲ့ တောင်ပံတဘက်နဲ့ သေလုမျောပါး ပင်ပန်းနွမ်းလျနေတဲ့ အခြေအနေ။ ဒီလိုနဲ့ ငှက်တဖြစ်လဲ တော်လှန်ရေးရဲဘော်လေး နားဖို့ ဆုံးဖြတ်လိုက်တဲ့နေရာက စစ်ကြီးကြောင့် ပြာကျပျောက်ကွယ်ခဲ့ပြီဖြစ်တဲ့ ရွာဟောင်းတရွာရဲ့အစွန်က သင်္ချိုင်းမြေ ထန်းတောအုပ်အုပ်။
အခုတော့ စာရေးဆရာရဲ့လက်ချောင်းတွေက သူ့ရဲ့ဦးနှောက်က စေခိုင်းတဲ့အတိုင်း ကွန်ပျူတာခလုတ်ခုံပေါ် မရပ်မနား ပြေးလွှားနေတယ်။ ဒဏ်ရာရာနေတဲ့ တောင်ပံတဘက်နဲ့ ငှက်အဖြစ်ပြောင်းလဲသွားတဲ့ တော်လှန်ရေးရဲဘော်ကတော့ ထန်းပင်တပင်ကနေ တပင်ကို ကူးလူးပျံသန်းရင်း လွတ်လမ်းရှာနေတယ်။ အစွယ်ဖွေးဖွေးနဲ့ ခွေးတချို့က ထန်းပင်အောက်ကနေ တဝုန်းဝုန်း ဟောင်တဲ့ကောင်က ဟောင်တယ်။ တချို့က သူတို့ရဲ့လက်ထဲက သေနတ်တွေနဲ့ ထန်းပင်ရဲ့ အကာအကွယ်အောက်ကနေ အစွန်းထွက်လာတတ်တဲ့ ငှက်ကြီးကို ပစ်ချဖို့ ကြိုးစားတယ်။ အချိန်တခုမှာ ငှက်ကြီးကို သေနတ်မှန်သွားမယ်၊ ပြီးတော့ ထန်းခက်၊ ထန်းလက်တွေကြားကနေ လျှောပြီး အောက်ကို ပြုတ်ကျလာမယ်၊ အဲဒီနောက် မြေကြီးပေါ်မှာ တချက်နှစ်ချက် လူးလွန့်ပြီး ငြိမ်သက်သွားမယ်။ ခွေးတွေက သေသွားတဲ့ငှက်ကို ဝိုင်းကြည့်ပြီး ကောက်ကျစ်မှု အပြည့်ပါတဲ့အသံမျိုးနဲ့ တဟားဟား ရယ်ကြမယ်။ ပြီးရင် ဒီဟာကို မီးရှို့ပြီး လက်စဖျောက်လိုက်လို့ ခွေးတွေထဲက တကောင်က ပြောမယ်။ အဲဒီနောက် တိုင်းပြည်အတွက် အသက်စွန့်လွှတ်သွားခဲ့တဲ့ တော်လှန်ရေးရဲဘော်လေးရဲ့အလောင်းက တဝုန်းဝုန်းမီးတောက်ထဲ ပျောက်သွားမယ်၊ အဲဒီမီးပုံက ထွက်လာတဲ့ မီးခိုးငွေ့တလူလူက ကောင်းကင်ပြင်မှာ ဝမ်းနည်းကြေကွဲစရာ ဝေ့ဝဲနေမယ်။
ဘယ်လောက်တောင် အသည်းနာစရာကောင်းတဲ့ အဖြစ်အပျက်လဲပေါ့၊ ဒါကိုဖတ်ရမယ့် စာဖတ်သူတွေအနေနဲ့ ဘယ်လိုတောင် မျက်ရည်မဆည်နိုင်ဖြစ်မလဲပေါ့၊ မရပ်မနား စာရိုက်ရင်း၊ အဆက်မပြတ် တွေးရင်းက စာရေးဆရာ ပြုံးတယ်။ ပြီးတော့ ဝမ်းနည်းစမ်း၊ ဝမ်းနည်းကြစမ်း ဆိုပြီးလည်း ပါးစပ်ကနေ ကျေကျေနပ်နပ် ရေရွတ်တယ်။ ဒီနေရာမှာ ဒီအကြောင်းအရာ၊ အရေးအဖွဲ့တွေကို ဖတ်ပြီး စာဖတ်သူတွေ ထိခိုက် ကြေကွဲ ချိနဲ့သွားရမှာ၊ ဒါမှ နောက်တဆင့်လာမယ့် ဝတ္ထုရဲ့အလှည့်အပြောင်းရဲ့ ဖျားယောင်းသွေးဆောင်မှုမှာ မရုန်းနိုင်ဘဲ ချုပ်နှောင်ခံလိုက်ရမှာပေါ့။
စာရေးဆရာက ချောင်းထဲက ငါး၊ သူ့မြုံးထဲရောက်လာအောင် ဖမ်းနေတဲ့ တံငါသည်လိုမျိုးပဲ စာဖတ်သူတွေကို သူ့ရဲ့ဝတ္ထုထဲမှာ ဖမ်းမိဖို့ စကားလုံးတွေ တလုံးပြီးတလုံး ချရေးတယ်။ တလူလူ ဝေ့ဝဲနေတဲ့ မီးခိုးတန်း၊ တဖြည်းဖြည်း လွှမ်းမိုးလာတဲ့ အမှောင်ထု၊ အဲဒီနောက် ဖွားခနဲ မီးပွားတွေ လွှင့်ထွက်လာမယ့် မီးဖို။ ဝတ္ထု ပြီးသွားပြီလို့ ထင်တဲ့အချိန် ဝတ္ထု မပြီးသေးတာကို စာဖတ်သူတွေ ရုတ်တရက် သိသွားမယ်၊ ပြီးတော့ အဲဒီအချိန် ချိနဲ့မောပန်းနေမဲ့ သူတို့ရဲ့ နှလုံးသားတွေ ရုတ်တရက် တက်ကြွလာမှာ။ ဂီးခနဲ အသံကို ကျယ်ကျယ်လောင်လောင်အော်ရင်း မီးပုံထဲကနေ ပျံသန်းထိုးတက်သွားတဲ့ မီးလျှံငှက်ရဲ့ ပြန်လည်ရှင်သန်ခြင်းနဲ့အတူ ပြန်လည်ရှင်သန်လာတဲ့ တော်လှန်ရေးရဲဘော်။ တော်လှန်ရေးအဓွန့်ရှည်ပါစေ၊ အာဏာရှင်စနစ် ကျရှုံးပါစေဆိုတဲ့ စာသားတွေကို ရေးဖွဲ့နေရင်းကပဲ စာရေးဆရာရဲ့နှလုံးက ပျော်ရွှင်မှုကြောင့် တဒုတ်ဒုတ် ခုန်လာတယ်။ တချိန်တည်းမှာပဲ ကြည့်စမ်း၊ ဘယ်လောက်တောင် တက်ကြွစရာကောင်းလိုက်တဲ့ ဝတ္ထုအဆုံးသတ်လဲ၊ ငါ လုပ်နိုင်ပြီ၊ ငါ လုပ်လိုက်နိုင်ပြီ ဆိုတဲ့ အတွေးကလည်း စာရေးဆရာရဲ့စိတ်ထဲ လှိုင်းထလာတယ်။ တော်လှန်ရဲဘော်တွေဟာ ငါတို့ရဲ့နှလုံးသားထဲမှာ အမြဲတမ်း မသေဘဲ ရှိနေမယ့်အကြောင်း ငါ ရေးလိုက်နိုင်ပြီပေါ့။
“လီဆယ်တာ၊ ဒါ လီဆယ်တာပဲ”
“ဒါက ကိုယ့်အိပ်ခန်းထဲက စားပွဲမှာ သက်တောင့်သက်သာ ထိုင်၊ ဖင်ယားပြီး စစ်သွေးကြွတာသက်သက်ပဲ မဟုတ်ဘူးလား၊ သေပြီးတဲ့သူက ပြန်ရှင်မလား၊ ကိုယ့်အသက်မဟုတ်တိုင်း တခြားသူတွေရဲ့အသက်နဲ့ ဖင်ယားမနေနဲ့”
ဘယ်သူလဲ။ နားထဲ ရုတ်တရက်ဝင်လာတဲ့ စကားသံကြောင့် စာရေးဆရာ အော်မေးလိုက်တယ်။ ဒါပေမဲ့ ကျနော် ဘယ်သူပါဆိုတဲ့ တုံ့ပြန်သံကို မကြားရဘူး။ ဒီဝတ္ထုဖတ်ပြီး လူဘယ်နှယောက်က စစ်တိုက်ဖို့ ဆုံးဖြတ်မယ်ထင်သလဲ၊ စာရေးစားပွဲကနေ စစ်ကို လှုံ့ဆော်နေမယ့်အစား ကိုယ်တိုင် သွားတိုက်တာက ပိုကောင်းတယ် မထင်ဘူးလားဆိုပြီး လှောင်ပြောင်ရယ်သံ တချို့တဝက် ရောနေတဲ့ စကားသံတွေက နားထဲ ထပ်ဝင်လာတယ်။ ဘယ်သူလဲ၊ ဘယ်သူပြောနေတာလဲ။ သူ့စာရေးစားပွဲကနေ ဝုန်းခနဲ ထရပ်ပြီး စာရေးဆရာ ဘေးဘီကို ကြည့်တယ်။ ဒါပေမယ့် တော်လှန်ရေးရဲဘော်လေးရဲ့ ဇာတ်ကောင်ထဲကနေ ပြန်ထွက်လာတဲ့ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူတဦးတယောက်ကိုမှ မတွေ့ဘူး။
“ဝမ်းနည်းစရာဇာတ်ဝင်ခန်းကို ရေးနေတုန်းက မင်းရဲ့ကိုယ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ ဝမ်းသာအယ်လဲရယ်သံတွေကို မင်း ပြန်ကြားသလား။ ကြားမယ်လည်း မထင်ပါဘူး၊ မင်းမှာ စာနာတတ်တဲ့ နှလုံးသားမှ မရှိတာ။ ဒါမျိုးက နားနဲ့ နားထောင်ရတာမဟုတ်ဘူး၊ နှလုံးသားနဲ့ နားထောင်ရတာ။”
“ဘယ်သူလဲ၊ -ီးပဲ၊ ငါ-ိုးမသား”
အသံပိုင်ရှင်ကို လိုက်ရှာရင်းက စာရေးဆရာ လွှတ်ခနဲ တချက်ဆဲလိုက်တယ်။ ဒါပေမဲ့ ဒါက ဘယ်သူမှန်းမသိ သူ့ကိုဝေဖန်နေတဲ့ စကားသံကို ဒေါသထွက်လို့လား ဒါမှမဟုတ် သူ့နားထဲ ကြားနေရတဲ့ ပိုင်ရှင်မဲ့ စကားသံထဲက ဒဏ်ရာကို ဆားနဲ့ပက်သလို ခံရခက်စေတဲ့ အမှန်တရားတွေ ပါနေလို့ပဲလား၊ ဘာကြောင့် ဆဲလိုက်မိမှန်း စာရေးဆရာ မကွဲဘူး။ ဒါက သူ့အလိုအလျောက် တုံ့ပြန်မိတဲ့ ဆဲရေးမှုပဲ။
Be the first to comment