စစ်ပွဲတို့၏နောက်ကွယ်

‘စစ်ပွဲတို့၏နောက်ကွယ်’
◼️ ချန်းမီ
ကျွန်မတို့နေသည့်နေရာကလေးမှာ ‌ရောက်စကလိုစစ်ဘေးရှောင်တဲတန်းနှင့် မတူဘဲ စျေးတန်းလေးလိုဖြစ်နေသည်။ အကုန်လုံးနီးပါးက ဆွဲမိဆွဲရာပြေးခဲ့ကြသူတွေများသဖြင့် ဘာဆိုဘာမှ ပါမလာကြပါ။ ငွေသားနည်းနည်း ရွှေစရှိတဲ့သူက ရွှေစနည်းနည်းလောက်သာ ပါကြသည်။ စပြီးပြေးလာခဲ့ကြတုန်းက ခဏတဖြုတ်ပဲလို့ထင်ခဲ့ကြသည်မှာ အမှန်ပင်။
ဘာအလုပ်အကိုင်မှမရှိ။ ပါလာသည့် ငွေနည်းနည်းရယ်၊ ရွှေလေးတွေ ပေါင်၊ ရောင်းလုပ်တာရယ်ကလည်း တအိအိနဲ့ ကုန်သလောက်ဖြစ်နေသည်။ ကျွန်မတို့မိသားစု(၆)ယောက်အတွက် နေထိုင်စားသောက်ရေးမှအစ အားလုံး ခက်ခဲလှသည်။ ကျွန်မတို့ထက် မိသားစုပိုများသူတွေ၊ ရွှေငွေအတိုအစတောင် မပါခဲ့ကြသူတွေဆို ပိုဆိုးကြသည်။
စစ်ဘေးရှောင်ရန် ထွက်လာခါစကဆိုလျှင် ပိုဆိုးသည်။ ရွာတွေကလည်း သိပ်လက်မခံချင်ကြ။ စစ်ဘေးရှောင်လာခါစ တရက်တွင် ​ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်အားလုံးကို လာတွေ့သည်။ သူလာတွေ့သည့်အချိန်အထိ ရွာထိပ်ဇရပ်မှာ စုပြုံနေကြရတုန်းပင် ရှိနေသေးသည်။ အုပ်ချုပ်ရေးမှူးက စာရင်းကောက်ပြီးသည်နှင့်
” အားလုံးကိုလည်း စာနာပါတယ်။ ပြောရမှာလည်း အားနာတယ်ဗျာ။ ကျုပ်ရွာနဲ့တိုင်ပင်သေးတယ်။ ရွာဘက်ကတော့ လက်မခံချင်ကြဘူး။ တခြားဘက်မှာ ဖြစ်တာတွေကြားထားရတော့ သူတို့ကတော့ လက်မခံဖို့ပြောထားတယ်။ အဓိကကတော့ စစ်ဘေးရှောင်တဲတန်းတွေရှိတဲ့နေရာဆို ဗုံးကြဲလို့ဆိုတာရယ်၊ ပစ္စည်းခိုးဝှက်တာတွေဖြစ်လို့ ဆိုတာရယ်ကြောင့်ပါ။ တခြားနေရာတခုခု စီစဥ်ပေးနိုင်ဖို့ ကြိုးစားပေးပါမယ်။” ဟု ပြောသွားသည်။
နိုင်ငံကူးပြောင်းလာသည့် ဘာသာစကားမတူသူများ၊ ယဥ်ကျေးမှုဓလေ့စရိုက်မတူသူများ မဟုတ်ဘဲ အခုလိုဖြစ်ရသည်ကို အတော်လေးခံရခက်သည်။ အိုးအိမ်စီးပွားကောင်းမွန်သည့်အခြေနေကနေ နေ့ချင်းညချင်း ယခုလိုအနှိမ်ခံ၊ အပါယ်ခံဖြစ်ရသည်ကို သိမ်ငယ်ပြီး စိတ်မကောင်းလည်းဖြစ်မိသည်။
နောက်ရက်တွင် ရွာဦးကျောင်းဆရာတော်ရောက်လာပြီး “ဗုံးကျဲချင်သပဆိုလည်းကျဲပါစေ ဦးဇင်းကျောင်းဘေးသာ လာနေကြ။ ကျောင်းထဲထားချင်ပေမယ့် အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ ရေရှည်ဆို အဆင်မပြေနိုင်ဘူး။ ကျောင်းဘေးပါတ်လည်မှာ အဆင်ပြေသလိုတဲလေးထိုးနေကြ။ ဆွမ်းကျန်ကွမ်းကျန်လည်းလာယူပေါ့။” ဟု ပြောသွားသည်။ ကူညီပေးသည့်အဖွဲ့အစည်းတွေ လာ‌ရောက်ထောက်ပံ့မည် ဟုဆိုကာ စာရင်းလာကောက်သည်က အကြိမ်ကြိမ်။ လေးငါးလအကြာမှ ရောက်လာပြီး အဖွဲ့အစည်းနာမည်များမိတ်ဆက်ကာ ဆန်၊ ဆီ၊ မိုးကာ၊ ပိုက်ဆံ ထောက်ပံ့တာတွေလုပ်သည်။ ဒါပေမယ့် တခါလောက်သာလုပ်ပြီး နောက်ပိုင်းနှစ်လလောက်အထိ လူတယောက်ကို ဆန်သုံးပြည် ဝေသည်။ အဲ့ဒီကတည်းကအခုထိ လုံးဝပေါ်မလာတော့။
တိုက်ပွဲတွေအေးသွားသည့်အချိန် မြို့အနီးနားရွာတွေကနေ စစ်ဘေးရှောင်လာကြသူတွေထဲက တချို့ရွာတွေပြန်ဝင်လို့ရသဖြင့် ပစ္စည်းတွေသွားပြီး ပြန်ယူလို့ရကြသည်။ ဒါလည်းအကန့်အသတ်ဖြင့်သာ ယူလို့ရသည်။ အများစုကဘာပစ္စည်းမှ သိပ်ပြန်မရကြ။ စစ်ဖြစ်နေသည်ကို အခွင့်ကောင်းယူသည့် အချောင်သမားများက အိမ်ပိုင်ရှင်ဟန်ဆောင်ပြီး ဝင်ယူကြတာရယ်၊ ခိုးယူကြတာရယ်နှင့် ကုန်​သလောက်ဖြစ်နေပြီဖြစ်သည်။ စပါးလှောင်ထားကြသူတွေလည်း သူခိုးကြောက်လို့ ရွာထဲဝင်ပြီး ပြန်ထုတ်ချင်ကြသည်။ ဘေးနားကစစ်ဘေးရှောင် အစ်မတယောက်ကိုမေးလိုက်တော့ အားလုံးဝိုင်းပြောကြသဖြင့် ထုတ်ခွင့်ပေးသော်လည်း ရောင်းချင်သည့်နေရာ ရောင်းခွင့်မရကြဘဲ သူတို့ကန့်သတ်ပေးသည့်နေရာကိုသာ ရောင်းကြရသည်။ တချို့ကိုအလှူခံသဖြင့် ပေးလိုက်ရတာမျိုးရှိသည်။ မလှူချင်တာမျိုးမဟုတ်ပေမယ့် နူရာဝဲစွဲ လဲရာသူခိုးထောင်းဖြစ်သဖြင့် စိတ်ထဲတော့ အဆင်မပြေဖြစ်ရသည်ဟုဆိုသည်။ သက်ပြင်းသာ အထပ်ထပ်ချမိသည်။
အခုလည်း မိုးတွင်းကာလဖြစ်သဖြင့် တဲတွေကလည်းမလုံ စားဝတ်နေရေး ကလည်းခက်၊ လက်ထဲရှိတဲ့ ငွေစနည်းနည်းလေးကို မထိရက်မကိုင်ရက် ကျစ်ကျစ်ပါအောင် ဆုပ်ထားရသည်။ တချို့အဆင်ပြေကြသူတွေကတော့ ပျဥ်ကာသွပ်မိုးအိမ်ကလေး၊ စျေးဆိုင် ကလေးဖြင့် တထူတထောင်ပြန်ဖြစ်နေကြပါပြီ။ စစ်ဘေးရှောင်သူအချင်းချင်း မုဒိတာပွားနိုင်သော်လည်း ရွာခံများကတော့ ထိုကဲ့သို့မဟုတ်။ တထူတထောင်ဖြစ်လာ ပြန်တော့လည်း ရွာ​နေစျေးဆိုင်တွေက “သူတို့ကျအခွန်ကောက်တယ်။ စစ်ဘေးရှောင်လည်း စျေးရောင်းကောင်းတာပဲ သူတို့လည်းကောက်လေ” ဟု ပြောလာကြပြန်သည်။ ရပ်ရွာသာ‌ရေးနာ‌ရေး ကိစ္စများတွင်လည်း ဖယ်ကျဥ်ထားကြသည်ကများသည်။ တချို့စာနာကူညီကြသော်လည်း အများစုကတော့ ထို့သို့မဟုတ်ကြ။ ဖြစ်နိုင်ရင်တော့ တခြားတနေရာရာကို ပြေးထွက်သွားချင်မိသည်။
ကာလအတော်ကြာသည်အထိ ကျွန်မတို့မိသားစု ‌ဘာမှမယ်မယ်ရရမလုပ်နိုင်သေးဘူး။ အများစုက အသေးအဖွဲကနေ ကုန်စုံ၊ အထည်ဆိုင်အထိ ရှိသည့်ပိုက်ဆံလေးဖြင့် စလုပ်နေကြပြီ။ အမေကတော့ အကြော်လေးကြော်ရောင်းရအောင်ဟု ပြောသည်။ စမ်းရောင်းကြည့်ပေမယ့် အဆင်မပြေ။ ကျောင်းနားလိုက်ရသည့် ညီမနှစ်ယောက်အတွက်လည်း ကျောင်းထားဖို့ပြန်စီစဥ်ရမှာ တွေပါတွေးလိုက်တိုင်း ညညတွေ တော်တော်နဲ့အိပ်မပျော်ဖြစ်ရသည်။ စစ်ဘေးရှောင်ဖို့ ထွက်လာတုန်းက ပစ္စည်းတွေ အကုန်သယ်ခဲ့မိရင်အကောင်းသားဟု နောင်တရနေမိတော့သည်။ အိမ်ကမောင်လေး အလုပ်ထွက်လုပ်နေတာကလည်း သူ့စားရိတ်တောင်အနိုင်နိုင်ဖြစ်နေသည်။
အရင်ကဆို ငွေလေးတသိန်းနှစ်သိန်းဟာ ဘာမှမဟုတ်ပေမယ့် အခု တန်ဖိုးကြီးလွန်းသည်။ အင်တာနက်ရသည့်နေရာသွားပြီး သူ့ကိုဆက်သွယ်သည့်အချိန် “အစ်မရေ ငါလည်း အဆင်မပြေသေးဘူး” ပြောလာခိုက် စိတ်တိုတိုနှင့် “နင်ကဘယ်ကောင်မတွေပေးနေရလို့ အဲ့လောက်ကုန်နေတာလဲ၊ နင့်တကိုယ်ရေစာကြည့်မနေနဲ့ အိမ်ကတအိမ်လုံးငတ်နေတာ” ဟု အော်ပြောမိပြီးမှ စိတ်ထဲမကောင်း ဖြစ်ရပြန်သည်။ တကယ်ဆို သူ့လစာလေး နှစ်သိန်းရှစ်သောင်းနဲ့ ဘာများကျန်မှာမလို့လဲ။
တခြားစစ်ဘေးရှောင်တွေနဲ့ဆုံတိုင်း ဘာတွေလုပ်နေလဲ။ ပိုက်ဆံ ဘယ်လောက်ရလဲသာ မေးဖြစ်သည်။ တရက်က အတူတူစစ်ဘေးရှောင်နေရင်း ခင်နေသည့် အသိလင်မယား အင်္ကျီတွေဝယ်လာတာမြင်တော့ နှုတ်ဆက်ရင်းစကားပြောဖြစ်သည်။ အဓိကက ပိုက်ဆံဘယ်ကဝင်လဲ သိလိုရင်းသာဖြစ်သည်။ လတ်တလောဒါက အရေးကြီးဆုံး ဖြစ်နေသည်မဟုတ်လား။ သူကလည်း မေးလိုရင်းကိုသိသည်။ “သူ့ယောကျာ်းဆိုင်ကယ်နဲ့ ဆီသယ်ပို့နေတာ တခေါက်ကို တသိန်းနီးပါးလောက်ကျန်တယ်” ဟုပြောသည်။ အဖေ့ကို လုပ်ခိုင်းရင်ကောင်းမလားလို့ သေချာလေးမေးပြီး စုံစမ်းကြည့်သည်။ ရှောင်လမ်းကွင်းလမ်း များပြီး လမ်းဆိုးပုံနှင့် အဖေ့အသက်အရွယ်နှင့်မဖြစ်နိုင်။
မိသားစုရှိသည့်နေရာဟာအိမ်ဟု ဆိုကြပေမယ့် ဒါဟာအိမ်မဟုတ်ဘူး ဆိုသောအသိက ပျက်ဆီးနေသည့်အိမ်ရဲ့ နေရာလွတ်ထောင့်ကလေးမှာဖြစ်ဖြစ် သွားပြီးသာ လှဲအိပ်နေချင်တော့သည်။ စိတ်ပျက်လက်ပျက်နှင့် ပစ်လှဲကာနေလိုက်မည်ဟု တွေးနေစဥ်မှာ လေယာဥ်သံကြားလိုက်သဖြင့် ဘုန်းကြီးကျောင်းဘေးက ရေမြောင်းဆီသို့ ထပြေးရပြန်သည်။
About The Call 719 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*