
“စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၂)”

ကျွန်ုပ် တော်လှန်စားဖိုမှူးအဖြစ် တာဝန်ထမ်းဆောင်တယ်ဆိုတာက တော်လှန်ရေးကာလမှာ ကြုံတွေ့ရသော အဖြစ်အပျက်များကို စာပေကုန်ကြမ်းအဖြစ် ထည့်သွင်း ရေးသားလိုသောကြောင့်ဆိုလျှင် မငြင်းနိုင်ပါ။
(သည်တော့ စာပေရေးသားခြင်းကို ဝါသနာပါသောကြောင့် ဝါသနာအတွက် တော်လှန်ရေးကို အသုံးချသလို ဖြစ်နေစေပါသည်။ သည့်အတွက် တောင်းပန်ချင်ပါသေးသည်။ သို့သော်လည်း တော်လှန်ရေးမှာ စာပေနှင့် တော်လှန်ခြင်းသည်လည်း တခန်းတကဏ္ဍ အရေးပါသေးသည် မဟုတ်ပါလား။)
သည်နေရာမှာ ကျွန်ုပ်၏ ဖြစ်တည်မှုအတွက် အားငယ်မိတယ်လို့ ရင်ဖွင့်ချင်ပါသည်။ ကျွန်ုပ်က မွေးရာပါ အကြားအာရုံ ကိုးဆယ်ရာခိုင်နှုန်းမျှ ချွတ်ယွင်းနေသည်ကိုး။ တကယ်ဆို ကျွန်ုပ်က လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ချင်ပါသည်။ ရှေ့တန်း လိုက်ချင်ပါသည်။ အဲသည်လို ရှေ့တန်းလိုက်ပြီး တိုက်ပွဲဝင်သည့် အခါ တိုက်ပွဲအတွေ့အကြုံများစွာ ကြုံတွေ့ရမည် မဟုတ်လား။ ထိုအတွေ့အကြုံတွေကမှ ဖြစ်ရပ်ဆန်းကြယ်တွေ စုံမည်၊ ကိုယ်တွေ့ဖြစ်ရပ်မှန်တွေ ကြုံမည်။ ထိုအကြောင်းအရာတွေကမှ စာရေးဖို့အတွက် ကုန်ကြမ်းကောင်းကောင်းတွေ ဖြစ်မည်မဟုတ်လား။
ကျွန်ုပ်က အကြားအာရုံ ချွတ်ယွင်းနေတော့ လက်နက်ကိုင်ခွင့် မရတော့၊ ရှေ့တန်း မလိုက်နိုင်တော့။ သည်တော့ အတွေ့အကြုံဆန်းကြယ်တွေ မကြုံတွေ့ရနိုင်တော့ဘူးပေါ့။ သည်တော့ စာရေးဖို့အတွက်လည်း ကုန်ကြမ်းကောင်းတွေ မရနိုင်ပေတော့ဘူးပေါ့။
သို့ပါသော်လည်း တော်လှန်ရေးမှာ ကျွန်ုပ်တတ်နိုင်သည့် တော်လှန်စားဖိုမှူးတာဝန်ကိုသာ ယူခဲ့ရသော်လည်း နဂိုရည်ရွယ်ချက်အတွက် အတွေ့အကြုံကုန်ကြမ်းများရအောင် ကျွန်ုပ် အစွမ်းကုန် ကြိုးစားခဲ့ပါသည်။ ရှေ့တန်းအတွက် ရိက္ခာထမင်းထုပ် သွားပို့တာတို့၊ ရန်သူ့စခန်း သိမ်းပိုက်ပြီးသည့်အခါ ရန်သူတို့နေခဲ့သော စခန်း၏ အခြေအနေများကို မြင်တွေ့လိုတာကြောင့် စားဖိုမှူးတာဝန် မအားလပ်သည့်ကြားကကို ကိုယ်တိုင် ကွင်းဆင်းလေ့လာတာတို့ လုပ်ဖြစ်အောင် လုပ်ခဲ့ပါသည်။
ကျွန်ုပ်က မြိုင်မြို့နယ်တွင် ရှိနေသည်မို့ တော်လှန်ရေးသူရဲကောင်းများ သိမ်းပိုက်နိုင်ခဲ့သော ရန်သူ့စခန်းနှစ်ခုထံသို့ ကျွန်ုပ်ကိုယ်တိုင် ကွင်းဆင်းလေ့လာနိုင်ခဲ့ပါသည်။ ထိုစခန်းများကား မြိုင်မြို့နယ်မှ ပျူစောထီးတို့ တပ်စွဲရာ ရွာများဖြစ်သော ဝက်ပုတ်ရွာနှင့် သရက်ကွရွာများ ဖြစ်သည်။ ဝက်ပုတ်ရွာအား ၈. ၈. ၂၀၂၄ နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး သရက်ကွရွာကိုတော့ ၂၁. ၁၂. ၂၀၂၄ နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ မှတ်မှတ်ရရပြောရလျှင် ထိုရွာ နှစ်ရွာစလုံး သိမ်းပိုက်ပြီးသည့် နောက်နေ့မနက်ဖြန်တွင် သွားရောက် ကွင်းဆင်းလေ့လာခြင်းပင်။ ကျွန်ုပ်ကိုယ်တိုင်က ဘာမှမလုပ်ဘဲ တော်လှန်ရေးသူရဲကောင်းများ သိမ်းပိုက်ပြီးပြီးချင်း မနက်ဖြန်တွင် ချက်ချင်း ကွင်းဆင်းလေ့လာသည့် ကျွန်ုပ်၏ လုပ်ရပ်အတွက်လည်း ရှက်မိပါသေးသည်။ ကျွန်ုပ်က အခွင့်အရေးကို အချောင် ထိုင်စောင့်နေသလို ဖြစ်နေခဲ့သည်ကိုး။
ဝက်ပုတ်ရွာကို အလျင်ဆုံး သိမ်းပိုက်နိုင်ခဲ့သော်လည်း သရက်ကွရွာထံသို့ ကွင်းဆင်းလေ့လာခဲ့သည့် အကြောင်းကိုသာ အလျင်ဆုံး ပြောပြချင်ပါသည်။ ဝက်ပုတ်ရွာသို့ ကွင်းဆင်းလေ့လာသည့်အကြောင်းကိုတော့ နောင် ကြုံမှသာ ပြောပြတော့မည်။
သရက်ကွရွာသည် ကျွန်ုပ်၏ တော်လှန်စားဖိုမှူးကာလအတွင်း အတွေ့အကြုံများစွာ ပေးခဲ့သောရွာဖြစ်သည်။ ထိုရွာ မသိမ်းပိုက်နိုင်ခဲ့သေးခင်က အတွေ့အကြုံများကို ကျွန်ုပ် ရေးသားခဲ့ပြီးပြီ။ အိမ်ကို မပြန်ချင်ဘူး၊ ပျူစောထီး ရွာသူရွာသားများနှင့် ပတ်သက်၍ အမည်ရှိ ဝတ္ထုတိုများနှင့် တော်လှန်စားဖိုမှူးဘဝ အတွေ့အကြုံများ အမည်ရှိ ဆောင်းပါးဖြစ်သည်။
သရက်ကွရွာအား သိမ်းပိုက်ပြီးသည့်အခါလည်း ကျွန်ုပ်အား အတွေ့အကြုံ ပေးခဲ့ပြန်သည်။ ၂၁. ၁၂. ၂၀၂၄ နေ့က သရက်ကွရွာကို သိမ်းပိုက်နိုင်ခဲ့ပြီဟု တော်လှန်စားဖိုမှူးဘဝ အတွေ့အကြုံများ ဆောင်းပါးအား ရေးသားနေစဥ် သတင်းကောင်း ကြားရသဖြင့် ကျွန်ုပ်သည် လက်နက်ကိုင် ရဲဘော်တဦးအား မနက်ဖြန်တွင် သရက်ကွရွာသို့ ကွင်းဆင်းလေ့လာလိုသည့်အကြောင်း ပြောပြရာ ရဲဘော်က လိုက်ပို့မည်ဟုဆိုသည်။ သည့်ကြောင့် ရဲဘော်များ၏ မနက်စာအတွက် ညကတည်းက ပဲပြုတ်ကို ကြိုတင်ပြုတ်ထားသည်။ ကြက်သွန်နီ ကြိုတင် နွှာထားသည်။ ထမင်းကိုတော့ မနက်စောစော ထချက်မည်။ ပြီးမှ ပဲပြုတ်ကို ကြက်သွန်နီနှင့် သုပ်ကျွေးမည်။ သည် ဟင်းတမျိုးတည်းနှင့် ရဲဘော်တွေက မြိန်နေကျ။
သရက်ကွရွာနှင့် အနီးဆုံးဖြစ်သော တောင်တလုံးရှိရွာကို ဖြတ်လိုက်သည်နှင့် စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို မြင်ရပြီ။ ကျွန်ုပ်သည်သာ ဓာတ်ပုံသတင်းထောက်ဆိုလျှင် ထိုမြင်ကွင်းများကို ဓာတ်ပုံများဖြင့် ဖော်ပြမည်။ ကျွန်ုပ်က စာပေသတင်းထောက် ဖြစ်သောကြောင့် စာပေဖြင့်သာ ဖော်ပြနိုင်ရတော့သည်။
တောင်တလုံးရှိရွာနှင့် သရက်ကွရွာကြား ဖောက်လုပ်ထားသော လမ်းမကြီးသည် မင်းအောင်လှိုင် အာဏာသိမ်းသည့် အချိန်ကစပြီး ပိတ်ပစ်လိုက်သဖြင့် လမ်းမကြီး ပျောက်သွားခဲ့သည်။ သရက်ကွရွာမှရန်သူများ မလာနိုင်ရန်နှင့် ပြည်သူများလည်း သရက်ကွရွာသို့ မသွားရောက်နိုင်ရန်ဖြစ်သည်။ ခြုံနွယ်ပိတ် ပေါင်းများ ရှုပ်ထွေးခဲ့ပြီ။
တောင်တလုံးရှိရွာသည်လည်း သရက်ကွရွာမှ ရန်သူများ၏ရန်ကို နေ့စဥ်လိုလို ထိတ်လန့်နေခဲ့ရသည်။ ထိုလမ်းဘက်မှ တောင်သူယာမြေများ သုံးနှစ်ကျော် မစိုက်ပျိုးခဲ့ကြရ။ ကျွန်ုပ်တို့ ထွက်လာသည့်နေ့မှာပဲ ဘူဒိုဇာကြီးနှင့် လမ်းဖောက်နေသည်ကို တွေ့ခဲ့ရသည်။
တောင်တလုံးရှိရွာနှင့် သရက်ကွရွာသည် များစွာ မဝေးလှပါ။ တမိုင်ကျော်ရုံသာ။ သရက်ကွရွာသို့ ဝင်ဝင်ချင်း ပျူစောထီးများ၊ စစ်ခွေးများ၏ ခံတုပ်ကျင်းကို မြင်လိုက်ရသည်။ ရွာအဝင်ဝသည် ဘုန်းကြီးကျောင်းကြီးဖြစ်သဖြင့် မင်းအောင်လှိုင်ကျွန်တို့၏ အထိုင်ချစခန်းသည် ဘုန်းကြီးကျောင်းသာဖြစ်သည်။ သည်တော့ သူတို့ထုတ်ထားသော ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေခြင်း။ ဘာသာရေးအဆောက်အဦးများနှင့် ပညာရေးကျောင်းများအား ဘာအကြောင်းကြောင့်မှ အထိုင်ချစခန်းအဖြစ် အသုံးမပြုရဟု ဥပဒေ ရေးဆွဲထားသည်ပဲ။ ဘုန်းကြီးကျောင်းဆောင်တခုအား ကျည်ကာရန်အတွက် သဲအိတ် အပြည့်အသိပ် ထပ်တင်ထားပြီး သေနတ်ပြောင်းဝ ဝင်သာရုံ အပေါက်ကလေး ဖောက်ထားသည်။ ထိုအပေါက်ကလေးသည် ကျွန်ုပ်တို့လာခဲ့သည့် လမ်းမကို မျက်နှာမူထားသည်။
ပြီးနောက် လှည့်ပတ်ကြည့်ရာ ခြေနှစ်ချောင်းပါ ခွေးတို့၏ ဝပ်ကျင်းသည် ခြေလေးချောင်းပါ ခွေးတို့၏ ဝပ်ကျင်းအတိုင်း။ ဘယ်လိုမှ တင့်တယ်မှု မရှိ။ ကျည်ကာရန်နှင့် ဗုံးဒဏ်ကာကွယ်ရန် မြေနက်နက် တူးထားသည်။ နေရာတိုင်းနီးပါး သဲအိတ်အပြည့် ကာရံထားသည်ချည်း။ မနေ့က စစ်ဖြစ်ခဲ့သည့်အတွက် နေရာတိုင်းတွင် ပစ္စည်းပစ္စယများ ပြန့်ကျဲလျက်ရှိသည်။ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ လူ့အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များစွာ ဆန်၊ ဆီ၊ ဆား၊ မြေပဲဆံ၊ ဘူးသီး၊ ဖရုံသီး စသဖြင့်။ ထမင်းခြောက်များလည်း တွေ့သည်။ ဘုရားတန်ဆောင်းများ၊ အုတ်တံတိုင်းများ ကျိုးလိုကျိုး၊ ပဲ့လိုပဲ့။ ကျောင်းထိုင်ဘုန်းကြီးလည်း အာဏာသိမ်းကတည်းက ပြေးခဲ့ရပြီဟု သိရသည်။ ဘုန်းကြီးကျောင်းဖြစ်ပြီး ဘုန်းကြီးမရှိ၊ ကိုရင်မရှိ၊ ဘုန်းကြီးကျောင်းသား မရှိ။ ဘာသာကို ကာကွယ်ပါသည်၊ ချစ်မြတ်နိုးပါသည်ဆိုသော စစ်တပ်ကပဲ ဘာသာရေးအဆောက်အဦးကို ပျက်စီးအောင် လုပ်ထားသည်။ တိတ်ဆိတ်ငြိမ်သက်ပြီး တရားဓမ္မ အားထုတ်ရန်ကောင်းသော နေရာအဖြစ် မဖန်တီးဘဲ စစ်အထိုင်ချစခန်းအဖြစ် ခံတုပ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေ ဖန်တီးထားသည်။ ဤလုပ်ရပ်များက ဘာသာကို ချစ်မြတ်နိုးရာ၊ ကာကွယ်ရာ ကျသလော။
ဘုန်းကြီးကျောင်းထဲမှာ ပီဒီအက်ဖ်သူရဲကောင်းတွေ လှည့်ပတ်နေကြသည်။ သူတို့ဟာ သရက်ကွရွာက ပီဒီအက်ဖ်တွေပဲ။ သရက်ကွရွာမှာ ပျူတွေရှိသလို ပီဒီအက်ဖ်တွေလည်း ရှိသည်။ သူတို့နှင့် ကျွန်ုပ်က ရင်းနှီးသည်။ အလျင်က သရက်ကွရွာက အလင်းဝင် ပျူတွေရော၊ ပြည်သူတွေရော၊ ပျူတို့၏ သားသမီးများရော ခိုးထွက်လာစဥ်က သရက်ကွရွာနှင့် အနီးဆုံးဖြစ်သော ကျွန်ုပ်တပ်ထံသို့ ပြည်သူတွေကို ကျွေးမွေးခိုလှုံစေခဲ့ဖူးသည်။ ထိုစဥ်က သရက်ကွရွာက ပီဒီအက်ဖ်တွေလည်း ရောက်ရှိလာခဲ့ကြသည်။
ပီဒီအက်ဖ်တွေက ထမင်းအိုးကြီး ချက်နေတာ မြင်လိုက်ရတော့ ညကတည်းက ရှိနေတာဖြစ်ရမည်။ မနေ့ကတည်းက ရွာကို သိမ်းပိုက်နိုင်ခဲ့သဖြင့် သူတို့တပ်စွဲရာနေရာသို့ မပြန်ကြတော့ဘဲ ရွာကိုပြန်ယူပြီး နေရာယူလိုက်ကြပြီဖြစ်သည်။ သို့မှသာ နောင် ပျူစောထီးတွေပြန်လာပြီး တပ်မစွဲနိုင်မှာဖြစ်သည်။
အလျင်က ရွာပြင်မှာ နေခဲ့ရသော သရက်ကွရွာမှ ပြည်သူများလည်း ပြန်ရောက်လာခဲ့ကြသည်။ သူတို့အတွက်တော့ အာဏာသိမ်းကတည်းက ပစ်ခဲ့ရ သောအိမ်သို့ ပထမဆုံးအကြိမ် ပြန်နိုင်ခဲ့ကြခြင်း။ ရွာကိုပြန်ရသဖြင့် သူတို့ ပျော်နိုင်ကြတော့မည်။ အပြီးပိုင် နေဖို့တော့မဟုတ်။ နေခွင့်မရသေး။ ဝက်ပုတ် ရွာကို သိမ်းပိုက်နိုင်တာ ကြာပြီဖြစ်သော်လည်း ပြည်သူတွေ အိမ်ပြန်ခွင့်မရသေး။ အိုးပစ်၊ အိမ်ပစ် ပြေးခဲ့ရတုန်းက ကျန်ခဲ့သော ပစ္စည်းကလေးများကို ပြန်ယူရန်အတွက်ပဲ ဖြစ်သည်။ အိမ်ကလေးကို အလွမ်းပြေ ကြည့်ရန်အတွက်လည်း ဖြစ်သည်။ မြေအောက်မှာ မြှုပ်နှံထားခဲ့ကြသော တန်ဖိုးကြီးပစ္စည်းကလေးများ၊ ငွေကြေးကလေးများကို လာယူကြရန်လည်း ဖြစ်သည်။ (မှတ်မှတ်ရရ ကျွန်ုပ်တို့ပြန်ခါနီးမှာ ပြည်သူအမျိုးသမီးတဦးသည် မြှုပ်နှံထားရာမှ ခုနကတင်ပဲ ယူလာခဲ့သော ငွေကြေး သိန်းတရာကျော် ပျောက်ဆုံးသွားခဲ့သဖြင့် သည်နေ့ သရက်ကွရွာသို့ လာသူတိုင်း စစ်ဆေးခံရသည်။ ကျွန်ုပ်သည်လည်း စစ်ဆေးခံခဲ့ရသည်။ ကျွန်ုပ်ခိုးယူခြင်း မဟုတ်သော်လည်း ကျွန်ုပ်မှာ လန့်နေရသည်။ အဘယ်ကြောင့်ဆိုမူ ကျွန်ုပ်၏အိတ်ထဲတွင်လည်း ငွေကြေးအချို့ ပါလာခဲ့သည်။ ထိုငွေတွေကိုမြင်ပြီး စွပ်စွဲမည်ကို စိုးရိမ်သဖြင့် လန့်နေရခြင်းပင်။ နောက်မှ သိန်းတရာကျော်မှန်း သိရသည့်အခါ အမောပြေသွားရတော့သည်။)
ပြီးနောက် ကျွန်ုပ်တို့သည် ရွာဘက်သို့ လှည့်ခဲ့ကြသည်။ အိမ်တိုင်းမှာ လူမနေသော အရိပ်အယောင်များ မြင်နေရသည်။ ရွာလယ်တွင် ခွေးတို့၏ ဝပ်ကျင်းတခု တွေ့လိုက်ရပြန်သည်။ ထိုနေရာမှာလည်း ရှုပ်ပွလျက်။ ရွာလယ်တွင်ဖြစ်ငြား ခံတုပ်ကျင်းက ဆောက်ထားသေးသည်။ ကြောက်ချေးပန်းချက်။ ထိုနေရာမှာ လေထီးကို မြင်ခဲ့ရသည်။ ကျွန်ုပ်တသက် ပထမဆုံးအကြိမ် လေထီးကို ကိုယ်တိုင်မြင်ဖူးခြင်း။ ထိုလေထီးဖြင့် သရက်ကွရွာသို့ ခွေးလေယာဥ်များဖြင့် ရိက္ခာများစွာ လာလာချဖူးသည်။ ထိုရိက္ခာများသည် ခွေးတို့ထံ ရောက်သည်လည်းရှိသည်၊ ပီဒီအက်ဖ်များထံ ရောက်သည်လည်း ရှိသည်။
ထိုနေရာတွင် စာအုပ်အချို့ တွေ့သဖြင့် စာဖတ်ဝါသနာပါသော ကျွန်ုပ်က ကိုင်ကြည့်လိုက်မိသည်။ ဝီရသူ၏ …. ဆိုသော စာအုပ်။ ကျွန်ုပ် ပြုံးလိုက်မိသည်။ ဝီရသူကို အားပေးမှတော့၊ ဖတ်မှတော့ သည်ကောင်တွေ မိုက်လုံးကြီးကြတာ မဆန်း၊ အသိဉာဏ် နုံနည်းကြတာ မဆန်း။ ဝီရသူ၏ဝါဒမှိုင်း မိနေကြသူတွေ။ ဒါ့ကြောင့် သရက်ကွရွာကနေ လွတ်မြောက်လာကြသူတွေ ရှိပါလျက်နှင့်၊ လွတ်မြောက်ဖို့ အခွင့်အရေး ရှိကြပါလျက်နှင့် လွတ်မြောက်ဖို့ မကြိုးစားကြဘဲ မနေ့ကတိုက်ပွဲမှာ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရပြီမဟုတ်လား။
ဝက်ပုတ် ပျူစောထီးရွာအား သိမ်းပိုက်ပြီးသောအခါ၌ သရက်ကွရွာမှ ပျူစောထီးများရော ပြည်သူများရော တသုတ်ပြီးတသုတ် ထွက်လာခဲ့ကြဖူးသည်။ သူတို့အား ကျွန်ုပ်တို့တပ်မှ ခေါ်ယူကျွေးမွေး စောင့်ရှောက်ထားခဲ့ကြသည်။ ထွက်လာခဲ့ကြသောအသုတ်မှာ ငါးသုတ်ထက် မနည်းခဲ့ပါ။ ထို့ကြောင့်လည်း ကျွန်ုပ်တို့တပ်မှ ပီဒီအက်ဖ်များရော၊ ပြည်သူ့ဘက်တွင်ရှိပြီး ရွာအပြင်နေရာပေါင်းစုံ၌ နေကြသော သရက်ကွရွာမှ ပြည်သူများနှင့် ပီဒီအက်ဖ်များရော ကျွန်ုပ်တို့တပ်တွင် စုဝေးပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ ဝက်ပုတ်ပျူရွာအား သိမ်းပိုက်ပြီးသွားပြီဖြစ်သောကြောင့် သရက်ကွရွာအား သိမ်းပိုက်တော့မည်မို့ ဘယ်နေ့ ဘယ်ရက်တွင် သိမ်းပိုက်သင့်သည့်အကြောင်း ဆွေးနွေးကြခြင်းဖြစ်သည်။ သရက်ကွပျူများနှင့် ပြည်သူများ တသုတ်ပြီးတသုတ် ထွက်လာနေကြသောကြောင့် အခွင့်အရေးပေးသည့်အနေနှင့် သိမ်းပိုက်မည့်နေ့ကို နောက်ဆုတ်ရန် ဆွေးနွေးကြခြင်းဖြစ်သည်။ ကျန်ခဲ့သော သရက်ကွပျူများသည် ခေါင်းမာပြီး ထွက်မလာကြတော့မှန်း သေချာသွားသည့်အခါမှ သိမ်းပိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့်သာ ဝက်ပုတ်ပျူရွာအား သိမ်းပိုက်သည့် နေ့နှင့် သရက်ကွပျူရွာအား သိမ်းပိုက်သည့်နေ့မှာ ကွာခြားနေခြင်း ဖြစ်သည်။ (လွတ်မြောက်နိုင်သည့်အကြောင်း အိမ်ကိုမပြန်ချင်ဘူး ဝတ္ထုနှင့် ပျူစောထီးရွာသူရွာသားများနှင့် ပတ်သက်၍ ဝတ္ထုတိုတွင် ဖတ်ရှုနိုင်)
ကျွန်ုပ် သည်စာကို ရေးရခြင်း၏ ရည်ရွယ်ချက်က ဝီရသူအကြောင်း ပြောချင်သောကြောင့်ဖြစ်သလို ဝီရသူ၏လုပ်ရပ်များကို ဝေဖန်ချင်တာကြောင့်လည်း ပါသည်။ ဝီရသူဆိုသည်မှာ သံဃာတုတယောက်ဖြစ်သည်။ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးတွင် ဘာသာရေးအစွန်းရောက်သူအဖြစ် ဖော်ပြခံရဖူးသည်။
ဝီရသူသည် မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရန် အဓိကလှုံ့ဆော်ခဲ့သူဖြစ်သည်။ မြန်မာလူမျိုးများသည် တခြား မည်သည့်နိုင်ငံသား၊ မည်သည့်လူမျိုးနှင့်မှ လက်မထပ်ရ၊ မြန်မာလူမျိုးနှင့်သာ လက်ထပ်ရမည်ဆိုသော ဥပဒေပင်ဖြစ်သည်။
ကျွန်ုပ်အထင် ပြောရလျှင် သည်ဥပဒေမှာ မြန်မာတနိုင်ငံတည်းသာ ရှိသည်။ ထိုဥပဒေထုတ်သော ကာလကား ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ မတိုင်မီတွင်ဖြစ်သည်။
ကျွန်ုပ်အထင် ပြောရလျှင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းမှာ ဒေါ်အောင်ဆန်းကြည်အား သမ္မတ မဖြစ်စေလိုသောကြောင့် ဟု။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသားနှင့် လက်ထပ်ထားသည်မဟုတ်လား။
ဝီရသူပြောခဲ့သော စကားတခွန်းကိုလည်း ကျွန်ုပ် ဝေဖန်ချင်ပါသေးသည်။ စင်မြင့်ထက်တွင် ပြောခဲ့သောစကား။ ”ဗုဒ္ဓဘာသာကို ထိပါးရင် သေနတ်နဲ့ ပစ်မယ်” တဲ့။ ဝီရသူသည် စစ်တပ်၏ အပေါင်းအပါဖြစ်သည်။ ထိုစကားကို လက်နက်များ ကိုင်ဆောင်ထားသော စစ်သားများကို ကိုယ်ရံတော်အဖြစ် ထားရှိရင်း ပြောခြင်းဖြစ်သည်။
ကျွန်ုပ် ဝေဖန်ချင်သည်က ကျွန်ုပ်၏အမြင်သာ ဖြစ်ရမည်။ ဗုဒ္ဓဘာသာကို ထိပါးရင် သေနတ်နဲ့ပစ်မယ် ဟု ပြောလိုက်သောစကားသည် ဗုဒ္ဓဘာသာကို ထိပါးလိုက်ခြင်းသာ ဖြစ်သည်ဟု။ သူ့စကားထဲမှာ ဗုဒ္ဓဘာသာကို ထိပါးရာရောက်နေသော စကားများ ပါနေသည်ကို သူကိုယ်တိုင်လည်း သိပုံမရ။ ဟုတ်သည်လေ။ သင်္ကန်းဝတ်ထားသည့် သံဃာတပါးသည် ထိုကဲ့သို့ ရုတ်ရင်းကြမ်းတမ်းသော စကားမျိုး ပြောခွင့်မရှိ။ ပြောပါက သံဃာ့ကျင့်ဝတ်နှင့် မညီ။ ကျင့်ဝတ်နှင့်မညီသော စကားကို ပြောကြားလျှင် ဘာသာကိုထိပါးရာ ကျသည်ပဲ။ ဘာသာကို ညှိုးနွမ်းစေသည်ပဲ။
ဝီရသူသည် သံဃာတု ဖြစ်သည်နှင့်အညီ ဘာသာကို ထိပါးနေသော စစ်တပ်၏လုပ်ရပ်များကို မမြင်။ မြင်လျှင်တောင် မသိကျိုးကျွန် ပြုနေသည်။ ယခု စစ်တပ်သည် မြန်မာနိုင်ငံအနှံ့အပြားနီးပါး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများအား ဗုံးကြဲနေသည်၊ မီးရှို့ပစ်သည်။ ဘုန်းကြီးကျောင်းထဲ ဝင်စီးပြီး ဘုန်းကြီးများကို ရက်ရက်စက်စက် သတ်ဖြတ်သည်၊ ဘုန်းကြီးကျောင်းထဲ တပ်စွဲသည်။ ဤသည်မှာ ဗုဒ္ဓဘာသာကို ထိပါးနေတာ မဟုတ်သလော။ ဤ အခြင်းအရာများကို ဝီရသူ မြင်ပါသည်။ သို့သော် လုံးဝ ပါးစပ်မဟ၊ မဝေဖန်။ မြင်ပါလျက် မမြင်ချင်ယောင် ဆောင်နေခြင်းပင်။
ကျွန်ုပ်သည် ထိုစာအုပ်ကိုမြင်မြင်ချင်း ဆုတ်ဖြဲပစ်လိုက်သည်။ နောက်လူတွေ မဖတ်မိစေရန်ဖြစ်သည်။ ဖတ်လျှင် ဝီရသူ၏ဝါဒမှိုင်း မိနေမှာ စိုးရသည်။
ပြီးနောက် ကျွန်ုပ်တို့ ရွာထဲ လှည့်ပတ်ကြသေးသည်။ အိမ်တိုင်းအိမ်တိုင်းသည် လူမနေတာ ကြာပြီ။ ရုပ်ရှင်ထဲက သွေးစုပ်ဖုတ်ကောင်များ ကြီးစိုးသော မြို့များကဲ့သို့ တိတ်ဆိတ်ချောက်ချားလျက် ရှိနေသည်။
တချို့အိမ်များတွင် ဆိတ်ကလေးများကို မြင်လိုက်သည်။ မနေ့ကတိုက်ပွဲကနေ သည်နေ့အထိ အစာ စားရဟန်မတူ။ ယခုမူ ဆိတ်ကလေးများသည် ပိုင်ရှင် မဲ့သွားကြပြီ။ သခင်မရှိကြတော့။
တချို့အိမ်များတွင် ဆိုင်ကယ်များစွာ တွေ့ရသည်။ အစီးရေ တရာနီးပါး။ ထိုဆိုင်ကယ်များသည် ရွာနီးချုပ် ကျေးရွာပေါင်းစုံမှ ဆိုင်ကယ်များသာ ဖြစ်ရမည်။ ရွာပေါင်းစုံ လှည့်လည် ခိုးဝှက်စဥ်က ဆိုင်ကယ်များလည်း ခိုးယူသွားခဲ့ကြသေးသည်ပဲ။ ကျွန်ုပ်အထင် စစ်ခွေးများသည် ဆိုင်ကယ်ကို စီးစရာ အကြောင်း ရှိမည်မဟုတ်။ ရွာပြင်သို့ ထွက်စရာအကြောင်းလည်း မရှိ။ ထွက်လည်း မထွက်ရဲ။ မလိုအပ်ဘဲနှင့်ကို တမင်ယုတ်မာပြီး ပြည်သူ့ဆိုင်ကယ်များကို ခိုးယူခြင်းဖြစ်သည်။
ပြီးနောက် အဖော်က ကျွန်ုပ်အား မနေ့က မီးရှို့ခဲ့သော ခွေးဂိတ်တခုသို့ လိုက်ပြသည်။ အိမ်တအိမ်ဖြစ်သည်။ ရွာကို ပြန်ရနိုင်ရန်အတွက် ထိုအိမ်ကိုလည်း ပေးဆပ်ခဲ့ရသည်။ ပြီးနောက် စာသင်ကျောင်းသို့ ဆက်သွားခဲ့ကြသည်။ စာသင်ကျောင်းကြီးသည် လုံးဝ ပျက်စီးနေပြီ။ ကျောင်းသုံးစာအုပ်များ နေရာအနှံ့ ပြန့်ကျဲလျက်။ ကောင်းမွန်သေးသော ဗလာစာအုပ်များကို တွေ့သဖြင့် ကျွန်ုပ် ကောက်ယူဖို့ ကြံမိသည်။ ကျွန်ုပ်မှာ NUG လက်အောက် ကြားကာလပညာရေးတွင် တက်နေသော ညီလေးနှင့် တူမလေးရှိသည်။ သူတို့အတွက် ယူသွားရ ကောင်းမလားဟု တွေးနေစဥ် သည်ရွာကို ပြန်လည်ရရှိပြီမို့ ကျောင်းပြန်ဖွင့်ရန်အတွက် စာအုပ်များ လိုအပ်မည်ကို တွေးမိသဖြင့် မယူဘဲ နေခဲ့လိုက်သည်။ ရွာ၏ လေးဘက်လေးတန်စလုံးတွင် ခွေးဂိတ်များ ရှိနေသည်ကို တွေ့ခဲ့ရသည်။ တချို့ဂိတ်များတွင် မြေစာခဲများထည့်ထားသော ဆာလာအိတ်ဖြင့် ခံတုပ်ကျင်းလုပ်ရန်အတွက် မြေစာခဲများ အပုံပုံဖြစ်အောင် တူးထားသည်။ သည့်အတွက်ကြောင့် တော်လှန်ရေးသမားများသည် သည်ရွာကိုရရန် အတော့်ကို ကြိုးစားခဲ့ကြရမည်ဟု ကျွန်ုပ်တွေးမိသည်။ တကယ်လည်း တော်လှန် ရေးသမားတဦး ကျရှုံးခဲ့ရပါသေးသည်။
သည်ရွာသို့ ကျွန်ုပ်သည် အာဏာသိမ်းစ၊ CDM ဝင်စတုန်းက ရောက်ရှိခဲ့ဖူးပါသည်။ မင်္ဂလာဆောင်တခုက ဖိတ်သောကြောင့်ပင်။ မင်္ဂလာပွဲတွင် အမဲသားနှင့် ဝက်သား နှစ်မျိုးကျွေးသည်ကို မှတ်မိသေးသည်။ အဲ့သည်တုန်းက ရွာကလေးသည် လွန်စွာ သာယာလှပ စည်ကားခဲ့သည်။ ပျူစောထီးများ ကြီးစိုးလာသောအခါ ယခုလို စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို မြင်ရတော့သည်။ ယခုလို မြင်လိုက်ရသည့်အခါ ကျွန်ုပ်သည် ရွာကိုပိုင်စိုးချင်သော ပျူစောထီးများနှင့် စစ်ခွေးများအား ပြောလိုက်ချင်သည်။ ရွာကို အပိုင်လိုချင်ရင်လည်း ရွာကို သည့်ထက် သာယာလှပပြီး နေပျော်ချင်စရာ၊ ဖွံ့ဖြိုးတိုးတက်တဲ့ ရွာကလေးဖြစ် အောင် ဘာကြောင့် မဖန်တီးရတာလဲ၊ ဘာကြောင့် အစစအရာရာ ယိုယွင်းနေတဲ့ ရွာဖြစ်အောင် ဖန်တီးရသလဲ။ ဖွံ့ဖြိုးတိုးတက်ဖို့ ဝေးစွ ခေတ်အဆက်ဆက် သမိုင်းဆိုးကျန်နေမည့် ပျူစောထီးရွာကြီး ဖြစ်ခဲ့ပြီ။ ပျူစောထီးတွေ ပေါ်ခဲ့တယ်ဆိုတဲ့ သမိုင်းဟာလည်း ရွာ့အတွက် ရှက်ဖွယ်။ တိုက်ပွဲကြီး ဖြစ်ပွားခဲ့သည့် ရှေ့တန်းနေရာ ဖြစ်ခဲ့ပြီ။ သည်လို အစစအရာရာ ပျက်စီးအောင် ဖျက်ဆီးထားပြီး ဘာတွေ မျှော်လင့်နေသေးလို့ သည်ရွာမှာပဲ ကပ်ပါးကောင်တွေလို ကပ်နေကြသေးသလဲ။ တသက်လုံးနေနိုင်မယ်လို့ ဘယ်လို အသိဉာဏ်မျိုးနဲ့ ထင်မြင်နေကြသလဲ။ ဘာကြောင့် သည်လောက် မိုက်လုံးကြီးရတာလဲ။ အခုတော့ မင်းတို့ အရှုံးနှင့် ရင်ဆိုင်လိုက်ကြရပြီမဟုတ်လား ဟု။
ဪ … အားလုံးကို ခြုံကြည့်လိုက်တော့ အဓိက တရားခံဟာ မင်းအောင်လှိုင်ပါပဲ။ မကောင်းသော မင်းအောင်လှိုင်ကို ထောက်ခံသူမှန်သမျှ မကောင်းသော လူသားသာ ဖြစ်ရသည်။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
Be the first to comment