စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၆)

‘စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၆)’
◼️ထွင်
မှတ်မိကြသေးရဲ့လားတော့မသိ။ မြင်မိ၊ ဖတ်မိခဲ့ကြသေးရဲ့လားတော့မသိ။ February 2025 တုန်းက The Irrawaddy သတင်းဌာနကြီးတွင် ”အညာဒူဘိုင်း၏ နောက်ကွယ်” ဟု ခေါင်းစဥ်တပ်ထားသော ဆောင်းပါးတပုဒ် တက်လာခဲ့သည်။ ဆောင်းပါးရှင်အမည်မှာ ”May” ဟု တပ်ထားသည်။
တိုက်ဆိုင်မှုလားတော့ မပြောတတ်ပါ။ ထိုအညာဒူဘိုင်း၏နောက်ကွယ်နှင့် ပတ်သက်သော ဆောင်းပါးတက်လာပြီးနောက်ပိုင်း စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို ကျွန်ုပ်တို့ အညာဒေသတွင် မြင်တွေ့ခဲ့၊ ကြုံတွေ့ခဲ့ကြရပါသည်။ ကျွန်ုပ်၏ လက်ရှိနေရပ်နှင့် ဇာတိကလည်း အညာဒူဘိုင်းအနားတွင် ရှိသည်မို့ မျက်မြင်ကိုယ်တွေ့ ကြုံရခြင်းဖြစ်သည်။
အညာဒူဘိုင်းသည် ကျွန်ုပ်တို့၏ နယ်နှင့် ကျွန်ုပ်တို့၏နယ်နှင့်ထိစပ်နေသော နယ်၏ ကြားတွင် ရှိလေသည်။
အညာဒူဘိုင်းဆောင်းပါးကြောင့်ဟုတော့ ကျွန်ုပ် တပ်အပ်မပြောလိုပါ။ ဆောင်းပါးပိုင်ရှင်ကိုလည်း ကျွန်ုပ်က ထိခိုက်နစ်နာလိုစိတ်မရှိ။ ဝေဖန်လိုစိတ်လည်း မရှိ။ တိုက်ဆိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့ပါသော်လည်း အညာဒူဘိုင်းဆောင်းပါး တက်လာပြီးနောက်ပိုင်း ဖြစ်ပျက်လာသော ကိစ္စများကို “အညာဒူဘိုင်းကိစ္စအပြီး ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံနေရမှုကို ညွှန်း” ဆိုပြီး ခေါင်းစဥ်တပ်ကြသည်။ ခေါင်းစဥ်တပ်သည်မှာ ကျွန်ုပ်တို့ တနယ်လုံးတင် မဟုတ်။ ကျွန်ုပ်တို့နယ်နှင့် ထိစပ်နေသော နယ်မှ တနယ်လုံးတွင် ဖြစ်သည်။ ခေါင်းစဥ်တပ်ခံရသော အဖြစ်အပျက်များမှာ အတော့်ကို ဆိုးရွားသော၊ အတော့်ကို ပြာယာခတ်စေခဲ့သော၊ အတော့်ကို ဂျွမ်းထိုးမှောက်ခုံဖြစ်စေသော စစ်အနိဋ္ဌာရုံ မြင်ကွင်းများပါ။ ထိုဖြစ်ရပ်တွေကို ခံခဲ့ရသူထဲမှာ ကျွန်ုပ်လည်း ပါဝင်ခဲ့သည်မို့ ရေးသင့်သည်ဟု ကျွန်ုပ်ထင်ပါသည်။
အညာဒူဘိုင်းအရပ်ဆိုသည်မှာ ရေနံမြေဒေသ ဖြစ်သည်။ မင်းအောင်လှိုင် အာဏာမသိမ်းခင်က ထိုရေနံမြေဒေသသည် စစ်ကောင်စီများ စိုးမိုးအုပ်ချုပ်ရာ ​​နေရာဒေသဖြစ်သည်။ ရေနံအလွန်အမင်းပေါကြွယ်ဝသောကြောင့် ချမ်းသာကြသည်။ တိုက်အိမ်ကောင်းကောင်းဆောက်နိုင်၊ ကားကောင်းကောင်း စီးနိုင်ကြသည်။ ဒူဘိုင်းနိုင်ငံကဲ့သို့ စည်ကားသိုက်မြိုက်ပြီး နေပျော်ချင်စရာကောင်းသော ဒေသတခုဖြစ်သည်။
ရေနံနှင့် ပတ်သက်သော ပစ္စည်း၊ ပစ္စယမျိုးစုံရောင်းသော ဆိုင်များ၊ အရက်ဘီယာဆိုင်၊ မိတ်ကပ်ဆံသဆိုင်၊ လက်ဖက်ရည်အီကြာကွေးဘယာကြော်မျိုးစုံဆိုင်၊ ထမင်းမုန့်ဟင်းခါးဆိုင်၊ အထည်ဆိုင်၊ စတားလင့်အင်တာနက်ဆိုင်များအပြင် KTV ခန်းများလည်း ရှိသည်။ သည်တော့ ရေနံမှော်သည် ​ဖွံ့ဖြိုးတိုးတက်သော မြို့ကြီးတမြို့အလား စည်ကားသိုက်မြိုက်နေပါသည်။ ထိုသို့ စည်ကားသိုက်မြိုက်နေသည်မှာ အာဏာမသိမ်းခင်ကတည်းက ဖြစ်သည်။ (ဘုရားစူး ထိုဒေသအား ဆိုင်ကယ်နှင့်အသွား မိနစ်နှစ်ဆယ်သာ ကြာလောက်သော အရပ်တွင် နေထိုင်သည့် ကျွန်ုပ်သည် အညာဒူဘိုင်းဟု ခေါ်တွင်သည်ကို လုံးဝ မသိ။ မှော် ဟုသာ ခေါ်ကြသည်။ ထိုဆောင်းပါးကို ဖတ်ရမှ အညာဒူဘိုင်းဟု ကြားဖူးသည်။ ဆောင်းပါးပိုင်ရှင်က ဒူဘိုင်းမြို့တော်နှင့် နှိုင်းယှဥ်ပြောသောကြောင့် အညာဒူဘိုင်းဟု ခေါ်တွင်သွားသလားတော့ မပြောတတ်ပါ။)
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စည်ကားသိုက်မြိုက်ခဲ့သော ရေနံမှော်ကြီးသည် နေ့ချင်းညချင်း ခြောက်သယောင်းသွားခဲ့ပါသည်။ အဘယ်ကြောင့်မူ စစ်အာဏာရှင်ကို ထောက်ခံသောသူများ၏ သတင်းပေးမှုကြောင့် စစ်တပ်သည် အလုံးအရင်းနှင့် ဝင်ရောက်လာပြီး ရေနံမှော်အား အပိုင်သိမ်းပိုက်လိုက်သောကြောင့် ဖြစ်သည်။ မှော်လုပ်သားများသည် စစ်အာဏာရှင်အား မကြိုက်သောကြောင့် စစ်တပ်နှင့် နီးစပ်သော နေရာတွင် မလုပ်ကိုင်ရဲသောကြောင့်၊ မလုံခြုံသလို ခံစားရသောကြောင့် မှော်အား စွန့်ခွာသွားခဲ့ကြသည်။
ပြည်တွင်းစစ် ဖြစ်နေသော မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်ပေါင်းစုံက စစ်ကောင်စီစိုးမိုးထားသော ထိုရေနံမြေအား ခက်ခက်ခဲခဲ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြသည်။ ယခုမူ NUG လက်အောက်ခံတပ်များက စိုးမိုးအုပ်ချုပ်နေပါသည်။ သည့်နောက်ပိုင်း ရေနံမှော်ကြီးသည် အာဏာမသိမ်းခင်ကကဲ့သို့ ပြန်လည်စည်ကား သိုက်မြိုက်သွားခဲ့ပါသည်။ ဘယ်လောက်တောင် စည်ကားသိုက်မြိုက်နေသလဲဆိုလျှင် မြန်မာတနိုင်ငံလုံး ပြည်တွင်းစစ်မီး တောက်လောင်နေချိန် ရေနံမှော်အရပ်ကတော့ လွတ်လပ်ရေးရနေသည်ဟု ဆိုရမလိုပင်။ သို့သော်လည်း ​မှော်အရပ်သူအရပ်သားများကို အပြစ်ဆိုလို့ မရပေ။ သည်လို လွတ်လပ်ရေးရအောင် တာဝန်ကျေကျေနှင့် တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်မဟုတ်လား။
ထိုသို့ နတ်ပြည်ဘုံပမာ စည်ကားနေသော ရေနံမှော်အား NUG လက်အောက်ခံတပ်များက စိုးမိုးအုပ်ချုပ်နေသည်မှာ လက်ဝါးကြီးအုပ်နေမှု၊ နိုင်ထက်စီးနင်းပြုမူမှု၊ အကျင့်ပျက်ခြစားမှုမျိုး ဖြစ်ပေါ်နေသည်ဟု အညာဒူဘိုင်း၏နောက်ကွယ်ဆောင်းပါးရှင်က ထင်မြင်နေဟန်တူပါသည်။ တကယ်လည်း ထင်မြင်သည့်အတိုင်း ဟုတ်မှန်ချင် ဟုတ်မှန်ပါလိမ့်မည်။ လူဆိုတာ အပြောင်းအလဲ မြန်တတ်ကြသူများမဟုတ်လား။ ရာထူး၊ အာဏာ၊ စည်းစိမ်များအပေါ် တပ်မက်ပြီး မလုပ်သင့်၊ မလုပ်အပ်သော လုပ်ရပ်များကို ကျူးလွန်မိတတ်ကြသည်။ သည့်ကြောင့်လည်း ”အာဏာရှင်ကို တော်လှန်နေချိန် ကိုယ်တိုင်ကလည်း အာဏာရှင်ဆန်မသွားအောင် သတိချပ်ကြရမယ်” လို့ NUG ခေါင်းဆောင်ပိုင်းများက ဆိုခဲ့ကြသည်ပဲ။ သည့်ကြောင့် ထိုသို့ မဖြစ်စေချင်စိတ်နှင့်၊ ဖြောင့်မှန်တည့်မတ်မှန်ကန်စွာ ဖြစ်စေချင်စိတ်နှင့် ရေးသားတာလည်း ဖြစ်နိုင်ပါသည်။ အထက်ဖြစ်သော NUG သိစေရန် တိုင်ကြားတာလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ဆောင်းပါးရှင်၏ ရေးသားတင်ပြမှုက မှားယွင်းနေသလားတော့ မပြောတတ်ပါ။ ရေးသားပုံမှာ တိုင်ကြားသည်နှင့် မတူဘဲ မနာလိုစိတ်နှင့် စကားတင်းဆိုသလို ဖြစ်နေပါသည်။
အညာဒူဘိုင်းဆောင်းပါးသည် အညာဒူဘိုင်း၏ လိပ်စာအတိအကျကို ဖော်ပြထားသည်။ ထိုလုပ်ရပ်မှာ ရန်သူစစ်ကောင်စီအား သူလျှိုကဲ့သို့ သတင်းပေးသလို ဖြစ်စေကြောင်း ကျွန်ုပ် အားနာနာနှင့် ပြောရပါမည်။ ထိုဆောင်းပါးအား စစ်ကောင်စီဖတ်မိလျှင်(စစ်ကောင်စီ ဖတ်မည်မှာ သေချာပါသည်။ The Irrawaddy သတင်းဌာနသည် တနိုင်ငံလုံးက စောင့်ကြည့်နေသော သတင်းဌာနဖြစ်သည်။) ယခုစိုးမိုးအုပ်ချုပ်နေသော တော်လှန်ရေးတပ်များအား မနာလိုစိတ်၊ ဖျက်လိုဖျက်ဆီးချင်စိတ် ဖြစ်အောင် နှိုးဆွသလို ဖြစ်နေစေပါသည်။
သည့်ကြောင့်လား မပြောတတ်ပါ။ အညာဒူဘိုင်းဆောင်းပါးတက်လာအပြီး နှစ်ရက်ခန့်အကြာမှာပဲ အညာဒူဘိုင်းတွင်ရှိသော ရွာတရွာမှ မင်္ဂလာဆောင်အား စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲခြင်းကို ခံလိုက်ရသည်။ ပြည်သူအများအပြား သေကြေခဲ့ရသည်။ သည့်မတိုင်ခင် (အညာဒူဘိုင်းဆောင်းပါး တက်မလာခင်) ကလည်း ဗုံးကြဲခံရမှုများ ရှိပါသော်လည်း ယခုဟာက အညာဒူဘိုင်းနေရာတည့်တည့်မှ ဗုံးကြဲခံလိုက်ရခြင်းဖြစ်သည်။ ထူးခြားသည်ကား မင်္ဂလာသတို့သားသည် တော်လှန်ရေးခေါင်းဆောင် ဖြစ်နေခဲ့သည်။ သည်တော့ တိုက်ဆိုင်မှုဟု ပြောရမှာလည်း ခပ်ခက်ခက်ရယ်ပါ။
နောက်ရက်များမှာလည်း ရေနံမှော်နှင့် နီးစပ်သော ပတ်ဝန်းကျင်မှ ရွာပေါင်းစုံအား နေ့စဥ်ရက်ဆက် လေယာဥ်ဖြင့် ဗုံးကြဲခြင်းကို ခံခဲ့ရသည်။ ပြည်သူများစွာ သေကြေကြသည်။ ထိခိုက်အနာတရဖြစ်ကြရသည်။ တိုက်တာအိုးအိမ်များ ပျက်စီးရသည်။ အညာဒူဘိုင်းအနားတွင်ရှိသော ရွာတရွာဆိုလျှင် နှစ်စဥ် မနှစ်ကအပါအဝင် နတ်ပွဲနှင့်အတူ စျေးပွဲတော်ကြီးပါ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ သို့သော်လည်း လေယာဥ်နှင့် ဗုံးကြဲမခံရ။ အညာဒူဘိုင်းကိစ္စ ဖြစ်လာပြီးမှ နတ်ပွဲမဟုတ်သော အစည်းအဝေးပွဲငယ်လေးတခုကို ဗုံးကြဲခံလိုက်ရသည်။ ပြည်သူတဦး သေခဲ့ရသည်။ သည်နှစ်တော့ နတ်ပွဲမကျင်းပရတော့ပေ။ ဤသည်များဟာ စစ်အနိဋ္ဌာရုံ မြင်ကွင်းများပါ။
(*သည်စာမူ လေယာဥ်သံကြားကနေ ရေးခြင်းဖြစ်သည်။ ရေးနေသည့် နေ့တွင် ခွေးလေယာဥ်သည် ကျွန်ုပ်တို့နယ်နှင့် ရွာအပေါ်သို့ ဆယ်ကြိမ်မက ဖြတ်ပျံသွားခဲ့သည်။ ပျူ​​စောထီးများ တပ်စွဲထားသော ရွာထံ လေထီးနှင့် ရိက္ခာချခြင်းဖြစ်သည်။ အကြိမ်ရေ ဆယ့်နှစ်ကြိမ်ချပြီး ရိက္ခာထုပ်ပေါင်း သုံးဆယ့်ခြောက်ထုပ် ချသည်။ ကျွန်ုပ်တို့ရွာကနေ ရိက္ခာထုပ်များ လေထီးနှင့် ပျံဝဲနေသည်ကို မြင်နေရသည်။ ထိုနေ့က ကျွန်ုပ်၏ သုံးတန်းတက်နေသော တူမလေးသည် စောစောစီးစီး ကျောင်းကပြန်လာခဲ့သည်။ လေယာဥ်ကြောင့် ကျောင်းစောစော ဆင်းလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်၏ တူမလေးက ပြောသည်မှာ တူမလေးက စာသင်နေချိန် လေယာဥ်သံကြားကြားချင်း ”လေယာဥ်သံကြားတယ်” ဟု တကျောင်းလုံးကြားအောင် အော်လိုက်ပြီး ဗုံးခိုကျင်းထံသို့ အလျင်ဦးဆုံး ပြေးဝင်ခဲ့သည်တဲ့။ နောင်နေ့၌ တူမလေး၏ လည်ပင်းတွင် ခရာဝီစီကလေး ဆွဲထားသည်ကို တွေ့ရသည်။ လေယာဥ်သံကြားလျှင် ဝီစီမှုတ်ဖို့ တာဝန်ပေးခြင်းကို ခံလိုက်ရခြင်းဖြစ်လေသည်။)
နေ့စဥ်ရက်ဆက် ဗုံးကြဲခံနေချိန်မှာပဲ စစ်ကောင်စီထံမှ ဗုံးကြဲခံရမည့် အညာဒူဘိုင်းနှင့် ထိစပ်နေသော နှစ်နယ်လုံး၏ ရွာများစာရင်း အွန်လိုင်းတွင် ပေါက်ကြားလာခဲ့သည်။ ထိုသတင်းကြောင့် အညာဒူဘိုင်းနှင့် ထိစပ်နေသော နယ်နှစ်နယ်လုံးမှ ပြည်သူများ ထိတ်လန့်တုန်လှုပ်ကြရသည်။ စာရင်းတွင် ပါဝင်သော ရွာသူရွာသားများသည် ကြိုတင်စစ်ရှောင်ပြေးကြသည်။ တချို့တွေကဆို လိုင်းပေါ်မှာ ”မအေရိုးစစ်တပ် အညာဒူဘိုင်းနဲ့ အကွာကြီးကွာတဲ့ ငါတို့ရွာတောင်မချန် ဗုံးကြဲရတယ်လို့” ဟု ညည်းညူကြသည်။
သည်တော့ တော်လှန်ရေးခေါင်းဆောင်များက “အညာဒူဘိုင်းကိစ္စအပြီး ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံနေရမှုကိုညွှန်း” ဟု ခေါင်းစဥ်တပ်ပြီး နယ်နှစ်နယ်လုံး လိုက်နာရမည့် စည်းကမ်းများကို ချမှတ်တော့သည်။ NUG လက်အောက်ခံ တက္ကသိုလ်၊ စာသင်ကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း။ စတားလင့်အင်တာနက်ဆိုင်များ ပိတ်ရမည်ဖြစ်ကြောင်း။ အိမ်တိုင်းအိမ်တိုင်း၊ စာသင်ကျောင်းတိုင်း ဗုံးခိုကျင်း မတူးမဖြစ် တူးရမည်။ မတူးလျှင် ဒဏ်ငွေရိုက်မည်။ ဗုံးခိုကျင်းမရှိသောစာသင်ကျောင်းဟာ လုံးဝကျောင်းမဖွင့်ရ။ လူစုလူဝေးဖြစ်စေသော အလှူပွဲ၊ မင်္ဂလာပွဲ၊ ဘုရားပွဲ၊ ဥပုသ်ပွဲများ ခွင့်ပြုချက်မရှိဘဲ လုံးဝ မဆင်နွှဲရ။ အိမ်သို့ လူစိမ်းဧည့်သည်များ တည်းခိုခွင့် မပြုရကြောင်း စသဖြင့် စာအရှည်ကြီးနှင့် ထုတ်ပြန်ကြတော့သည်။
သည့်မတိုင်ခင်ကလည်း NUG အစိုးရက အထက်ပါ ထုတ်ပြန်ချက်ထဲက တချို့ကို လုပ်ဆောင်ကြဖို့ နေ့စဥ်တိုက်တွန်းနေပါသည်။ သို့သော်လည်း တချို့ပြည်သူများက မလိုက်နာဘဲ ဖြစ်ကတတ်ဆန်း နေကြသည်။ ဗုံးခိုကျင်းတူးဖို့ နေရာမရှိလို့၊ မတူးနိုင်လို့၊ အငှားတူးဖို့အတွက် ငွေမရှိလို့ စသဖြင့် အကြောင်းအမျိုးမျိုးပြကာ ဗုံးခိုကျင်းမတူးဘဲ ​​နေ နေကြသည်။ အထက်ပါ ကြေညာချက် ထွက်လာမှ မတူးမဖြစ် တူးကြပါတော့သည်။ မလိုက်နာလို့မဖြစ် လိုက်နာကြပါတော့သည်။
သည့်ကြောင့် ရွာတိုင်းရွာတိုင်း၊ အိမ်တိုင်းအိမ်တိုင်း အလုပ်ရှုပ်ကုန်ကြတော့သည်။ မတူးနိုင်သည့်အိမ်တွေက အခကြးငွေပေးပြီး ငှားရမ်းတူးကြရသည်။ ကျင်း၏ အပေါ်မှာထားဖို့ သစ်ရှာကြ၊ သဲမြေကျုံးကြရနှင့် ဗုံးခိုကျင်းတကျင်းပြီးဖို့ သုံးလေးရက်လောက် အချိန်ပေးလိုက်ကြရသည်။ ဗုံးခိုကျင်း မရှိသေးသော စာသင်ကျောင်းအတွက်တော့ တရွာလုံးက တူးပေးရပါသည်။ တကျောင်းလုံးစာအတွက်ဆိုတော့ လေးငါးကျင်းမျှ အကျယ်ကြီးတူးကြရသည်။ ကျင်းပေါ်ဖိဖို့ သစ်ပင်အကြီးတွေ ခုတ်လှဲရ၊ သဲမြေဖို့ဖို့ ချောင်းရိုးဆီ လှည်းနှင့် သွားသယ်ကြရနှင့် လုပ်အားပေးသူများ တရုန်းရုန်း ဖြစ်နေတော့သည်။
ဤသည်မှာ စစ်အနိဋ္ဌာရုံ မြင်ကွင်းများပဲ ဖြစ်သည်။ ဘယ်တုန်းကမျှ မကြုံဖူးသော၊ မဖြစ်ပျက်ခဲ့ဖူးသော၊ ဖြစ်မည်ကြုံမည်မြင်ရမည်ဟု လုံးဝ ထင်မှတ်မထားသော ဖြစ်ရပ်များပဲ ဖြစ်ပေသည်။ သည်ဖြစ်ရပ်များကို ကြုံခဲ့သူများကတော့ နှစ်ပေါင်း ဘယ်မျှကြာကြာ မေ့နိုင်လိမ့်မည်မဟုတ်သည်ကတော့ အသေအချာပဲ ဖြစ်သည်။
July 2025
(အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။)
About The Call 793 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*