စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၇)

by The Call
‘စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၇)’
◼️ ထွင်
ကျွန်ုပ်သည် ဘွဲ့ရတယောက် ဖြစ်သော်လည်း အကြားအာရုံ မသန်စွမ်းသူမို့ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့သော ကျောင်းဆရာအလုပ်ကို လုပ်ခွင့်မရခဲ့ပါ။ အကြားအာရုံ မသန်စွမ်းသူအနေနှင့် ပညာသင်ယူရာမှာ ခက်ခဲခဲ့သောကြောင့် နောင်လာမည့် ကလေးတွေထဲမှာ ကျွန်ုပ်ကဲ့သို့ အကြားအာရုံ မသန်စွမ်းသူကလေးတွေ ပါလာခဲ့လျှင် မခက်ခဲအောင် သင်ပေးချင်စိတ် ဖြစ်ပေါ်လာခဲ့သဖြင့် ကျောင်းဆရာ ဖြစ်ချင်ခဲ့မိပါသည်။
ကျွန်ုပ်သည် ကျောင်းဆရာဖြစ်ချင်စိတ် ရှိသောကြောင့်လားမသိ ပညာရေးလောကကြီးကို စေ့စေ့ငုငု ကြည့်နေမိတတ်ပါသည်။ အွန်လိုင်းတွင်လည်း ပညာရေးနှင့် ပတ်သက်သော ဂရုများထဲ ဝင်ထားတတ်သည်။ အပြင်တွင် ဆရာ/ဆရာမများ ယူနီဖောင်းကလေးနှင့် ဖြတ်သွားလျှင် ငေးမောမိတတ်သည်။ ကျောင်းသားမိဘများက ဆရာ/ဆရာမများအား ထမင်းဖိတ်ကျွေးတာမျိုးကြုံလျှင် ဆရာ/ဆရာမတို့ဘဝကို အားကျနေမိတတ်သည်။
ယခု ပြည်တွင်းစစ်ကာလကြီးတွင် ပညာရေးလောကကို ပိုပိုပြီး ကြည့်နေမိတတ်သည်။ ကြည့်မိရင်းက ရင်မောစရာတွေ မြင်တွေ့နေရသဖြင့် သည်စာကို ရေးမိပါသည်။ ထို မြင်ကွင်းများသည် စစ်ကြောင့်ဖြစ်သော မြင်ကွင်းများပင်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကြီးကြောင့် ကျောင်းများ သုံးနှစ်ခန့် ပိတ်ပင်ခဲ့ရသည်။ တနှစ်ပတ်လုံး ကျောင်းဖွင့်ခဲ့ပြီး စာမေးပွဲ ဖြေခါနီးလေးတွင်မှ ကျောင်းပိတ်ခဲ့ရသဖြင့် ကျောင်းသား/သူများအဖို့ ဘယ်လောက် ရင်နာဖို့ ကောင်းလိုက်သလဲ။ နောင်နှစ်ဆို ဖြေရနိုးနှင့် စောင့်မျှော်နေခဲ့ကြရသော်လည်း လည်ပင်းသာ ရှည်ခဲ့ရသည် ကျောင်းမဖွင့်နိုင်ခဲ့ပြန်။ ကိုဗစ်နိုင်တင်းကပ်ရောဂါကြီး ငြိမ်သက်စ ပြုလို့ ကျောင်းပြန်ဖွင့်ဖို့ အစပျိုးနေချိန်လေးမှာပဲ အာဏာရှင် မင်းအောင်လှိုင်က အာဏာ ထ,သိမ်းလိုက်ရာ ကျောင်းဖွင့်ဖို့ လည်ပင်းရှည်ရှည်နှင့် စောင့်မျှော်နေခဲ့ရသော ကျောင်းသား/သူများအဖို့ လည်ပင်းရှည်လွန်းလို့ ဇက်ပင် ကျိုးကျသွားနိုင်လောက်သည့်အဖြစ်မျိုး ကြုံလိုက်ကြရသည်။ ဆိုတော့ဖြင့် ကျောင်းသား/သူများသည် ပညာသင်ကြားခွင့် များပြားစွာ ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
တချို့သော ဒေသများတွင်တော့ ဆရာ/ ဆရာမ၊ ကျောင်းသား/ သူများက မြို့လုံးကျွတ်/ ရွာလုံးကျွတ်နီးပါး CDM ဝင်ကြသဖြင့် ကျောင်းမဖွင့်ကြပြန်။ သည်တခါတော့ အာဏာရှင်မင်းအောင်လှိုင်၏ စစ်ကျွန်ပညာရေးကို မတတ်မြောက်ချင်သဖြင့် ကျောင်းကို ဇွတ်ဖွင့်ပေးတောင် လုံးဝ မဖွင့်ချင်/မတက်ချင်ကြတော့ပေ။ ပညာမတတ်ချင်လည်း နေပါစေတော့ စစ်ခွေးကျောင်းကနေတော့ ပညာမတတ်ချင်ဘူးဟု ဆိုသည်။
တချို့ဒေသ/မြို့ပြ/ ကျေးရွာများတွင်တော့ အာဏာရှင်မင်းအောင်လှိုင်ကို ထောက်ခံသူများ ရှိသောကြောင့်နှင့် မင်းအောင်လှိုင်၏ လက်ပါးစေများက အင်အားအလုံးအရင်းနှင့် ထိန်းချုပ်ခဲ့သောကြောင့် ကျောင်းများ မဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်ရသည်။ မတက်ချင်တက်ချင်နှင့် တက်ရသည်။
တချို့ဒေသ/မြို့ပြ/ ကျေးရွာများတွင်တော့ အာဏာရှင်မင်းအောင်လှိုင်ကို ပုန်ကန်သူ များပြားသောကြောင့်နှင့် မင်းအောင်လှိုင်၏ လက်ပါးစေများက မထိန်းချုပ်နိုင်သောကြောင့် စစ်ကျွန်ပညာရေးကို မဖွင့်နိုင်ခဲ့ကြပါ။ ထိုဒေသများက ကျောင်းကို ဖွင့်တော့ ဖွင့်ချင်ပါသည်။ စစ်ကျွန်ပညာရေးကိုသာ အလိုမရှိကြခြင်းပါ။ ကိုဗစ်ကြောင့် ပညာသင်နှစ်တွေ နောက်ကျခဲ့ရပြီးပြီ။ သည်တော့ ကျောင်းကို မဖွင့်လို့မဖြစ် ဖွင့်ရလိမ့်မည်။ သည့်ကြောင့် အာဏာသိမ်းကာလ (၂) နှစ်အတွင်းမှာ NUG အစိုးရ၏ ပညာရေးကျောင်းကို ဖွင့်နိုင်ခဲ့ကြပါသည်။
NUG အစိုးရ၏ လက်အောက်၌ ဖွင့်ထားသော ကျောင်းများတွင် ကိုဗစ်နှင့် ပြည်တွင်းစစ်ကြောင့် အနိဋ္ဌာရုံ​များစွာကို ကျွန်ုပ် မြင်ခဲ့ရပါသည်။
ကျောင်းသင်ရိုးစနစ်သစ် မပြဋ္ဌာန်းခင်က အသက်(၅)နှစ်တွင် ကျောင်းထားလို့ ရပြီ။ စနစ်သစ်ပြဋ္ဌာန်းအပြီးတွင်တော့ (၆)နှစ်မှသာ တက်ခွင့်ရတော့သည်။ သည့်ကြောင့် ကျွန်ုပ်တို့ ဆယ်တန်းတက်စဥ်က ဆယ်တန်း ကျောင်းသား/သူ များ၏ အသက်သည် ဆယ့်ငါး/ဆယ့်ခြောက်နှစ်ခန့် ဖြစ်သည်။ ဆယ်တန်းနှစ်ချင်းပေါက် အောင်လျှင် တက္ကသိုလ်တက်ရန် တနှစ်နားရပြီးနောက် ဆယ့်ရှစ်နှစ်မှာ တက္ကသိုလ်ရောက်ကြပါပြီ။
စနစ်သစ် ပြဋ္ဌာန်းအပြီးတွင်တော့ ဆယ့်ခုနှစ်နှစ်တွင်မှ ဆယ်တန်းရောက်ကြမည်ဖြစ်သည်။ သို့တိုင် စနစ်သစ်တွင် ဆယ့်တစ်တန်းနှင့် ဆယ့်နှစ်တန်းပါ ထပ်တိုးထားသဖြင့် တနှစ်တတန်းအောင်လျှင် နှစ်ဆယ့်တနှစ်တွင်မှ တက္ကသိုလ်ရောက်ကြမည်ဖြစ်သည်။ သို့ဆိုလျှင် နှစ်ဆယ့်ခြောက်နှစ်ခန့်တွင် ဘွဲ့ရ ပညာတတ်ကလေးများ ဖြစ်ကြလိမ့်မည်။
ယခုတော့ ထိုသို့ မဟုတ်ပါ။ ကျွန်ုပ်တို့နယ်တွင် ကိုဗစ်ကြောင့်ရော ပြည်တွင်းစစ်ကြောင့်ရော ကျောင်းများ ငါးနှစ်ခန့် ပိတ်ပင်ခဲ့ရသည်။ ပြည်တွင်းစစ်ကာလ နှစ်နှစ်အတွင်း NUG ကျောင်းများ ဖွင့်နိုင်ခဲ့သော်လည်း တချို့ကျေးရွာများတွင်တော့ ယခု ၂၀၂၅ ခုနှစ်ထဲတွင်မှ ဖွင့်နိုင်ကြပါသည်။ မဖွင့်နိုင်သေးသော ကျေးရွာများက ကလေးများကတော့ တခြားရွာသို့ တကူးတကသွားပြီး ကျောင်းတက်ကြရပါသည်။ သို့သော်လည်း ကလေးများကတော့ နှစ်ဆယ့်တနှစ်ခန့်တွင်မှ ဆယ့်နှစ်တန်း အောင်မြင်ကြလိမ့်မည်။ အဘယ်ကြောင့်မူ ကလေးများ အသက်အရွယ် အလွန်အမင်း ကြီးမသွားစေရန်နှင့် ပညာသင်ကြားခွင့် နောက်ကျမကျန်လွန်းစေရန် နှစ်နှစ်ခန့်အတွင်းတွင် သုံးတန်းပြီးအောင် သင်ကြရသောကြောင့် ဖြစ်သည်။ သင်ရိုးတနှစ်ပြီးလျှင် ယခင်ကလို နွေရာသီ ကျောင်းပိတ်ရက်ရှည် သုံးလ မပိတ်ရပါ။ ဆယ့်ငါးရက် သို့မဟုတ် ရက် နှစ်ဆယ်ခန့်သာ ပိတ်ပြီး နောက်တနှစ်စာ ဖွင့်ရသည်။ ကလေးတွေ အသက်အလွန်အမင်းကြီးမသွားစေရန် အချိန်ကို လုသင်ရသည်။ ကျောင်းဖွင့်ရက်ပေါင်း အလုံအလောက် ပြည့်စေရန် တပတ်မှာ တရက်သာ ကျောင်းပိတ်ရသည်။ (သို့သော်လည်း (၂)နှစ်အတွင်း သုံးတန်းပြီးအောင် သင်ဖို့ရာမှာ ခဲရင်းလွန်းပါသည်။
အတန်းငယ်လေးတွေအတွက်တော့ ပညာပြည့်ဝအောင် သင်ပြဖို့လွယ်သော်လည်း အတန်းကြီးများကတော့ မလွယ်ပါပေ။ သည်ကြားထဲ စစ်အာဏာရှင်က အမျိုးမျိုးနှောင့်ယှက်လျှင် ကျောင်းပိတ်ရက်တွေ ရှည်လျားပြီး တတန်းပြီးဖို့ နောက်ကျနေတတ်သည်။ အဲ့သည်လို ကျောင်းပိတ်ရက် ရှည်လျားသည့်အခါ တချို့ကျောင်းသားမိဘများက သားသမီးများအား ကျောင်းနှင့် မဝေးစေရန် ကျောင်းဖွင့်နေသော ရွာသို့ စာလုပ်၊ စာသင်ယူစေရန်သက်သက်အတွက် သွားထားကြသည်။ ထိုကျောင်းမှာ တဝက်တပျက် သင်နေချိန်မို့ အတန်းတင်ပေးလို့မရပေ။ သို့ဆိုလျှင် နှစ်ဆယ့်ခြောက်နှစ်ခန့်တွင်မှ ဘွဲ့ရပညာတတ်ကလေးများ ဖြစ်ကြရလိမ့်မည်။ သည်ကာလကြီးတွင် ထိုအသက်အရွယ်အထိ ပညာတတ် ဘွဲ့ရအောင် သင်ယူမည့်သူ ရှိပါ၏လော။ ရှိလျှင်တောင် ရှားပါးပေလိမ့်မည်။ ဤသည်မှာ ကိုဗစ်နှင့် ပြည်တွင်းစစ်တို့၏ ဆိုးကျိုးကြောင့် ဖြစ်ပါသည်။
သို့ပါသော်လည်း စစ်အာဏာရှင်၏ ဆိုးယုတ်မှုများကြောင့် သင်ရိုးတဝက်စာမျှ သင်ကြားပြီးချိန်တွင် ကျောင်းဆက်မဖွင့်နိုင်တော့ဘဲ တနှစ်ခန့်မျှ ​​ကျောင်းပိတ်ထားရသည့် အခြေအနေမျိုးလည်း ကြုံရပါသည်။ စစ်အာဏာရှင်သည် သူတို့၏ လက်အောက်တွင် ဖွင့်ထားသော ကျောင်းများတွင် သူတို့ကောင်းကြောင်းနှင့် အာဏာရှင်ကို ပုန်ကန်သူတို့ မကောင်းကြောင်း ကလေးများအား ပုံသွင်းသင်ကြားပေးနေသည်။ NUG လက်အောက်ကျောင်းများတွင်တော့ စစ်အာဏာရှင်မကောင်းကြောင်း သင်ကြားပေးလိမ့်မည်။ (မသင်ကြားပေး တောင် နေ့စဥ်လိုလို အာဏာရှင်၏ ယုတ်မာမှုကို မြင်နေရသောကြောင့် ကလေးများက အလိုလို သိနေကြလိမ့်မည်။) သည့်ကြောင့် စစ်အာဏာရှင်က NUG ကျောင်းက မျိုးဆက်ကလေးများကို မျိုးတုံးစေချင်သည့်သဘောနှင့် နေ့စဥ်လိုလို လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထို့ကြောင့် ကလေးများမှာ နဂိုကြီးနေသော အသက်တွေသည် ပိုပိုပြီး ကြီးကုန်ကြရတော့သည်။
ထို့ကြောင့် ကလေးတချို့ကတော့ အသက်က ကြီးနေပြီ၊ အတန်းက ငယ်ငယ်လေးရှိသေးတယ်၊ ရှက်တယ်ဗျာ ဆိုပြီး ကျောင်းထွက်ကုန်ကြပါသည်။ သည့်အပြင် ကုန်စျေးနှုန်း ကြီးမြင့်မှု၊ အလုပ်အကိုင် ဝင်ငွေရှားပါးမှုများကြောင့် ပြည်ပထွက်ကာ အလုပ်လုပ်သွားသူတွေလည်း ရှိသည်။ ဆရာ/ဆရာမများပင် ပါဝင်လိုက်သေးသည်။ မင်းအောင်လှိုင်က ဖုန်းလိုင်းနှင့် အင်တာနက်များ ဖြတ်တောက်လိုက်ခြင်းကလည်း ပညာရေးကို ဆိုးကျိုး သက်ရောက်စေပြန်သေးသည်။ ဖုန်းပြောဖို့ လိုင်းမကောင်းတော့သဖြင့် မက်ဆေ့နှင့် ဆက်သွယ်ကြရသည်။ ယခုခေတ်က ဆိုရှယ်မီဒီယာခေတ်။ သည်တော့ နိုင်ငံက မတိုးတက်တောင် ကလေးများက ခေတ်ဆန်နေကြပြီ။ ရှစ်တန်းအရွယ်ကတည်းက ရည်းစားတွေ ထားကုန်ကြပြီ။ ချစ်သူချင်း ဖုန်းသံနှင့်ဆက်သွယ်ခြင်းထက် မက်ဆေ့နှင့် ဆက်သွယ်ခြင်းက ပိုလို့ အဆင်ပြေနေကြသည်။ အသံနှင့် မဆက်သွယ်ရတော့ တိုးတိတ်သည်ကိုး။
အင်တာနက်လည်း ဖြတ်တောက်ခံရရာ တရွာဆိုလျှင် စတားလင့်အင်တာနက်စက်တလုံးစီ ရှိကြသည်။ ထိုအင်တာနက်ဆိုင်တွင် ကျောင်းသား/သူလေးများသည် အင်တာနက် လာသုံးကြရာ ပြည့်ကြပ်နေတတ်သည်။ သည့်ကြောင့်လည်း ကလေးများသည် ရှစ်တန်းအရွယ်ကတည်းက အိမ်ထောင်ကျ ခိုးရာလိုက်ပြေးကုန်ကြပြီ။ စနစ်သစ် ဆယ်တန်းတက်နေသော ကျွန်ုပ်ညီလေး၏ အတန်းဖော်သည် အိမ်ထောင်ကျသွားသဖြင့် ညီလေးက မင်္ဂလာပွဲတက်သွားလိုက်သေးသည်။ ကလေးတို့၏ အဖြစ်သည် ပညာသင်ယူဖို့က နည်းနည်း ရည်းစားရဖို့က များများ ဖြစ်နေသည်။ တချို့ကောင်လေးများကတော့ ပညာတပိုင်းတစနှင့် တော်လှန်ရေးအဖွဲ့ထဲ ဝင်သွားကြသည်။ သည်တော့လည်း ကျောင်းမှာ ​​​ကျောင်းသား/သူ ရှားပါးလာတော့သည်။ တချို့ကျောင်းများတွင် အတန်းကြီးလေ ကျောင်းသား/သူ ရှားပါးလာရာ သုံးလေးယောက်လောက်သာ ကျန်ရှိတော့သည့် အခြေအနေမျိုး ကြုံရသည်။ သည်တော့ ဆရာ/ဆရာမများကလည်း ကျောင်းသား/သူ နည်းသော ကျောင်းမှာ စာမသင်ချင်တော့သဖြင့် ကျောင်းထွက်သွားကြသလို ကျောင်းပိတ်ရက်ရက်တွေ ရှည်ကြာလာခဲ့ပြန်ရာ ဆယ့်နှစ်တန်းဖွင့်ဖို့ စီစဥ်နေကြသော အစီအစဥ်တို့သည် အထ မမြောက်တော့ပေ။
သည့်အပြင် ကျောင်းကိစ္စများတွင် မမျှတမှုမျိုးစုံ ကြုံကြရပြန်သဖြင့် ဆရာ/ဆရာမများသည် စိတ်ပင်ပန်းဒဏ်ကို မခံနိုင်ဖြစ်ကာ ကျောင်းထွက်သွားကြပြန်သည်။ NUG ၏ လက်အောက်တွင် ဖွင့်သော်ငြား NUG ၏ အထောက်အပံ့ဖြင့် ဖွင့်သော ကျောင်း မဟုတ်၊ ကိုယ်ထူကိုယ်ထ ဖွင့်သော ကျောင်းဖြစ်သောကြောင့် မျှတမှုရှိရှိ စီမံဆောင်ရွက်ဖို့ရာ မလွယ်ကူပါပေ။ ထိုအခါ ဆရာ/ဆရာမ ရှားပါးခြင်းနှင့် ကြုံလာရပြန်သည်။ ဤသည်များမှာ ပြည်တွင်းစစ်ကြောင့် ပညာရေး တိမ်ကောတော့မည့် စစ်အနိဋ္ဌာရုံ မြင်ကွင်းများ ဖြစ်သည်။ နယ်မြေစိုးမိုးနိုင်သော ဒေသများဆီက NUG ကျောင်းများတွင် အချိန်မီ ထိန်းချုပ်ကာကွယ်၊ စီစဥ်ကြံဆ နိုင်ဖို့ လိုအပ်ပါသည်။ သို့မဟုတ်လျှင် စစ်ကောင်စီထက် နောက်ကျကျန်နေပါလိမ့်မည်။
စက်တင်ဘာ၊ ၂၀၂၅

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment