စစ်အနိဋ္ဌာရုံ မြင်ကွင်းများ

‘စစ်အနိဋ္ဌာရုံ မြင်ကွင်းများ’
◼️ထွင်
စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို ရုပ်ရှင်ထဲတွင် မြင်ဖူးကောင်း မြင်ဖူးကြပေလိမ့်မည်။ ရုပ်ရှင်ဆိုသည်မှာ ဖြစ်ရပ်မှန်များကိုလည်း ရိုက်ကူးကြသည် ဆိုပေမဲ့ ရုပ်ရှင်ထဲက စစ်အနိဋ္ဌာရုံ မြင်ကွင်းများကတော့ ရုပ်ရှင်ကို အသက်ဝင်အောင် ဖန်တီးထားသည်များလည်း ရှိသဖြင့် တကယ့်ဖြစ်ရပ်မှန်တော့ ရာနှုန်းပြည့် မဟုတ်မှန်နိုင်ပေ။ ကျွန်ုပ်ပြောပြသည့် စစ်အနိဋ္ဌာရုံ မြင်ကွင်းများကတော့ ကျွန်ုပ်ကိုယ်တိုင် မြင်တွေ့၊ ကြားသိခဲ့ရသည်များကိုသာ ရေးသားထားသဖြင့် ရာနှုန်းပြည့် ဖြစ်ရပ်မှန်များပဲဖြစ်သည်။
ကျွန်ုပ်သည် ရွာသားတယောက်ဖြစ်ပြီး တော်လှန်စားဖိုမှူးတယောက် ဖြစ်ပေသည်။ ကျွန်ုပ်တို့ မြို့နယ်မဟုတ်သော မြို့နယ်တခုမှ ပကဖတပ်ဖွဲ့တခုထံတွင် တော်လှန်စားဖိုမှူးတာဝန်ကို ထမ်းဆောင်နေသည်ဖြစ်ရာ ကျွန်ုပ်ဇာတိရပ်ရွာထံသို့ သုံးနှစ်ကျော်မှသာ အလည်အပတ်အဖြစ် ပြန်နိုင်ခဲ့ပေသည်။ ထိုသုံးနှစ်​ကျော်အတွင်း ကျွန်ုပ်တို့ရွာကလေးသည် စစ်ဒဏ်ကို ခံခဲ့ရသဖြင့် စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို ကျွန်ုပ် မြင်တွေ့ခဲ့ရသည်။
ကျွန်ုပ် ရွာသို့ ပြန်ရာ လမ်းတလျှောက်တွင်လည်း ​စစ်အနိဋ္ဌာရုံ မြင်ကွင်းများစွာ မြင်ခဲ့ရသော်လည်း ထိုမြင်ကွင်းများကိုတော့ နောင် ကြုံမှသာ ပြောပြတော့မည်။ ကျွန်ုပ်ရွာမှ မြင်ကွင်းများကို အရင်ဆုံး ပြောပြချင်သောကြောင့်ပင်။
ကျွန်ုပ်တို့ရွာလေးသည် မုံရွာ-ပုသိမ် လမ်းမကြီးဘေးကနေ ချိုးကွေ့ဝင်ရသည်။ အပြန်လမ်းတွင် ရွာပေါင်းစုံ ဖြတ်ကျော်ခဲ့ရရာ နောက်ဆုံးဖြတ်ရသည့် ရွာတရွာ၏ အစွန်ဘက်သို့ ရောက်ရောက်ချင်း စစ်အနိဋ္ဌာရုံမြင်ကွင်းများကို စတင် မြင်တွေ့နေရပြီဖြစ်သည်။ ထိုမြင်ကွင်းမှာ မုံရွာ-ပုသိမ် လမ်းမကြီး (မြိုင်မြို့နယ် တနေရာ) ပေါ်မှာ ဖြစ်သည်။ ထို ကတ္တရာလမ်းမကြီးပေါ်တွင် ဖောက်ခွဲ၊ ပေါက်ကွဲထားသော မိုင်းတွင်းကြီးများမှာ မုန့်လင်မယားဒယ်အိုးလို လမ်း၏ ဘေးနှစ်ဘက်အထိ အပြည့်ဖြစ်သည်။ သည့်ကြောင့် လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလို့ မရတော့ဘဲ လမ်း၏ဘေးကနေ လွှဲသွားရသည်။ ထိုမြင်ကွင်းကို မြင်မြင်ချင်း ကျွန်ုပ်သည် ကျွန်ုပ်တို့ရွာသား ပကဖ အဖွဲ့ဝင်နှစ်ဦး လိုင်းပေါ်တင်ထားခဲ့သော ပို့စ်နှစ်ခုကို ပြေးသတိရလိုက်သည်။ ”ငါတို့လမ်း ငါတို့ပိုင်တယ်” ဆိုပြီး ထိုလမ်းပေါ်တွင် မိုင်းဆင်နေသော ပို့စ်နှင့် ”ခုချိန် ရွာကိုအလည်လာရင် ဒီလိုလမ်းတွေကို အရင်ဖြတ်ရမယ်၊ လမ်းနာမည်က ခွေးသေလမ်း” ဆိုသော ပို့စ်ပင်။ ထိုလမ်းပေါ်တွင် မင်းအောင်လှိုင်၏ အစောင့်ကျွန်ဖြစ်သော ခြေနှစ်ချောင်းပါသည့် စစ်ခွေး၊ ရဲခွေးကားများ ဥဒဟို ဖြတ်သွားဖြတ်လာနေကျ ဖြစ်သောကြောင့် ခွေးသေလမ်း ဖြစ်နေခြင်းပင်။ တကယ်လည်း ထိုလမ်းပေါ်တွင် ခွေးများစွာ သေခဲ့ဖူးပါသည်။ ခြေတိုလက်ပြတ် ဒုက္ခိတ ဖြစ်ခဲ့ဖူးပါသည်။
ထို မုံရွာ-ပုသိမ် လမ်းပေါ်ကနေဖြတ်ပြီး ရွာရှိရာ လမ်းဘက်သို့ ကွေ့ရသည့်အခါ ထိုလမ်း၏ ဘေးကပ်လျက်လေးမှာပဲ ”— ရွာမှ ကြိုဆိုပါ၏” ဆိုသည့် အင်္ဂတေဆိုင်းဘုတ်နှင့်အတူ ဇရပ်ကလေးကိုပါ တွေ့ရသည်။ ဆိုင်းဘုတ်ပေါ်တွင် သေနတ်ကျည်ရာများစွာလည်း တွေ့လိုက်ရပါသည်။ ခွေးများ လက်သရမ်းသွားခဲ့သော ကျည်ရာများပင်။ လွန်ခဲ့သည့် နှစ်နှစ်လောက်က ခွေးများက ထိုနေရာတွင် ရစ်သီရစ်သီလုပ်ပြီး လက်သရမ်းသွားခဲ့သည့်အကြောင်း ကျွန်ုပ် ကြားသိခဲ့ရသည်။ ဇရပ်၏ ဘေးဘယ်ညာတွင်တော့ သစ်ပင်၊ ပေါင်းမြက်များစွာ ရှုပ်ထွေးနေခဲ့ကြပြီ။ ရေအိုးစင်ပေါ်တွင် ရေရှိဖို့ ဝေးစွ၊ ရေအိုးပင် မရှိတော့။
ဟိုအလျင်က နှစ်မိုင်ဝေးသော အထက်တန်းကျောင်းရှိရာသို့ ကျွန်ုပ်တို့ရွာက ကလေးများ စက်ဘီးကိုယ်စီနှင့် ကျောင်းက ပြန်လာသည့်အခါ အမောဖြေနေကျ ဇရပ်ကလေးပဲဖြစ်သည်။ အင်တာနက်လည်း ကောင်းသဖြင့် ထိုဇရပ်ပေါ်တွင် ရွာက ကာလသားကလေးများ လိုင်းသုံး၊ ဂိမ်းဆော့နေကျ နေရာကလေး ဖြစ်သည်။ သည့်အပြင် ထိုဇရပ်ကလေးသည် မုံရွာ-ပုသိမ် လမ်းမကြီးဘေးကပ်လျက်မှာမို့ ခရီးသွား ကား၊ ဆိုင်ကယ်များစွာ တထောက်ရပ်နားရာ နေရာကလေးလည်း ဖြစ်ခဲ့ဖူးသည်။ ယခုမူ နားဖို့ဝေးစွ ဖြတ်သန်းသွားလာခွင့်ပင် မရှိတော့ပါ။ ထိုဇရပ်ကလေးသည် စစ်ကြောင့် နားခိုသူမဲ့ သုဿာန်တစပြင်လို ဖြစ်နေခဲ့ပေပြီ။ မပြောင်းမလဲရှိနေသည့် အရာကလေးသည်ကား ဇရပ်၏ နံရံပေါ်တွင် ကိုဗစ် ၁၉ ကပ်ရောဂါကာလ မတိုင်ခင်က ကပ်ထားသော စာရေးဆရာကြီးနှစ်ဦးဖြစ်သည့် နေဝင်းမြင့်နှင့် ဦးဘုန်း(ဓာတု) တို့၏ ဗီနိုင်းလေးက ယခုထိ ရှိနေသေးသည်။ တခြားရွာမှ ဆောင်းတညတွင် စာပေဟောပြောပွဲလုပ်မည့် ကြော်ငြာကလေး ဖြစ်သည်။
ထိုဆိုင်းဘုတ်နှင့် ဇရပ်ကလေးကနေ ကျော်လွန်ပြီး ရွာရှိရာဆီသို့ ဆက်လက်သွားသည့်အခါ ယခင်က နွားလှည်းနှစ်စီး ဘေးချင်းယှဥ်ပြီး မောင်းလို့ရအောင် ကျယ်ဝန်းသောလမ်းမှာ ကျဥ်းမြောင်းသွားသည်ကို တွေ့ရသည်။ လှည်းလမ်းတလမ်းသာ တွေ့ရတော့သည်။ အဘယ်ကြောင့်မူ စစ်ကြောင့် တရွာလုံးနီးပါး တောင်သူမလုပ်ရဲကြတော့ဘဲ တချို့သာ တောင်သူလုပ်ကြရတော့သောကြောင့် နွားလှည်းများ ဖြတ်သွားဖြတ်လာ နည်းသွားသောကြောင့်ပင်။ လမ်းဘေးနှစ်ဘက်စလုံး ချုံနွယ်ပိတ်ပေါင်းများစွာ ထူထဲနေကြတော့သည်။ တောင်သူလုပ်သူ နည်းသွားသောကြောင့် လမ်းပေါ်တွင် နွားစာရိတ်သူ နည်းသွားပြီး ပေါင်းမြက်များစွာ ထူထဲနေခြင်းဖြစ်သည်။
ရွာအဝင် ခင်တန်းမရောက်ခင် စာသင်ကျောင်းရှေ့ကို ဖြတ်သွားရသည်။ ဘောလုံးကွင်းကြီးမှာ ကစားသူ မဲ့နေသောကြောင့် မြက်တောကြီး ဖြစ်နေတော့သည်။ စာသင်ကျောင်းကြီးသည်ကား ကိုဗစ်ကာလက စပြီး စာသင်ခွင့် မရတော့သောကြောင့်ကျောင်းပျက်ကြီးသဖွယ် ဖြစ်နေတော့သည်။ ရွာက ကလေးတွေ ဘယ်လောက်တောင် ပညာငတ်မွတ်နေကြရှာပါလိမ့်။ ကျောင်းမတက်ရဘဲ အသက်တွေ ကြီးကုန်ရှာရော့မည်။
အိမ်ရောက်သည့်အခါ အဖေနှင့် အမေ့မျက်နှာကို တွေ့ရသည်။ သုံးနှစ်ကျော်ကြာမှ ပြန်တွေ့ရသည့် သားအား မဝစတမ်း ကြည့်နေသော မျက်ဝန်းမျိုး။ ကျွန်ုပ်သည် အမေ့ကို အကြာကြီး ကြည့်နေမိသည်။ ကံသီခဲ့သော အမေရယ်ပါလေ။ ရွာသို့ စစ်ခွေးတွေ ဝင်လာစဥ်က တံခါးပိတ်ထားသော အိမ်များအား ဖျက်ဆီးပြီး ဝင်ရောက်တတ်သဖြင့် အမေသည် အိမ်ကလေးကို အသက်ပေး ကာကွယ်ချင်သည့်အနေနှင့် စစ်ရှောင်မပြေးဘဲ အိမ်မှာ မြေပဲညှပ်ရင်း ရှိနေခဲ့သည်။ စစ်ခွေးများ ဝင်လာသည့်အခါ စစ်ခွေးများက ”ဪ လူရှိပါ့ပဲ၊ ဆန်အိတ်လာသယ်မလို့ဟာ လူရှိလို့ မသယ်တော့ဘူးနော်” ဆိုပြီး လှည့်ပြန်သွားခဲ့သည်တဲ့လေ။ ထိုအကြောင်းကို ကျွန်ုပ် ကြားသိခဲ့ရတုန်းက အမေ့ကိုသနားကာ မျက်ရည်ကျမိသည်။ ကံသီပေလို့ပေါ့ အမေရယ်။
အဖေကတော့ အိမ်မှ တနေရာရာမှာ ပုန်းနေခဲ့သည်။ အဖေပုန်းသည်ကိုမြင်လျှင် တခုခု လုပ်နိုင်သေးသည်။ တရွာလုံး အိမ်တိုင်းမှာ ဗုံးခိုကျင်း တူးထားမှန်း သိသဖြင့် တူးထားသည့်နေရာအား အမေ့ကို မေးသည်။ အမေက နောက်ဖေးသို့ လိုက်ပြသည်။ တဆက်တည်းမှာပဲ ဝါးခြမ်းခတ် ပိုင်းတားအား လှစ်ဟထားသည့် ခွေးတိုးပေါက်ကလေးကိုပါ ကျွန်ုပ် မြင်လိုက်ရသည်။ တရွာလုံး အိမ်နောက်ဖေး ပိုင်းတားကလေးမှာ ခွေးတိုးပေါက်ကလေးတွေ ဖောက်ထားကြရသည်။ အိမ်ရှေ့မှာ ခွေးတွေရောက်လာသည်ကို မြင်လျှင် ချက်ချင်း နောက်ဖေးပြေးပြီး ခွေးတိုးပေါက်ကလေးကနေ လှစ်ကနဲ ပြေးရန်ဖြစ်သည်။ မင်းအောင်လှိုင်ကြောင့် တရွာလုံး လူစင်စစ်ကနေ ခွေးလုံးလုံး ဖြစ်ကုန်ကြရပြီ။ အိမ်ထဲ ခွေးတွေရောက်လာပြီးမှ ဆိုလျှင်တော့ ပြေးရန် လမ်းမရှိတော့ပြီ။ ဓားစာခံအဖြစ်ပဲ ဖမ်းခေါ်သွားခံရမလား၊ တခုခု လုပ်သွားမလား၊ တခုခုတော့ တခုခုပင်။
ထို ခွေးတိုးပေါက်ကလေးကနေ ကျွန်ုပ်၏အိမ်နှင့် နောက်ဖေးချင်းကပ်အိမ်ကို ကျွန်ုပ် လှမ်းကြည့်လိုက်မိသည်။ ဘေး အိမ်မှာ လူမရှိ။ လူမနေတော့။ အဘယ်ကြောင့်ဆိုမူ ဘေးအိမ်မှ လူတယောက်သည် သူ့အိမ်နှင့် ကျွန်ုပ်အိမ်၏ ဝါးခြမ်းခတ်ပိုင်းတားမှာ ဖောက်ထားသော ခွေးတိုးပေါက်ကလေးကနေ အသက်ရှင် လွတ်မြောက်ခဲ့ဖူးသည်။ ပျူရွာဖြစ်သော ရွာ၏ဘေးမှ ရွာတရွာမှ ပျူစောထီးများက နံနက်မလင်းခင် ဘေးအိမ်မှ လူတယောက်အား လုပ်ကြံသတ်ဖြတ်ရန် လာရောက်ခဲ့ဖူးသည်။ ဘေးအိမ်ကလူက ပျူစောထီးများ မလုပ်ကြံခင် သတိဝီရိယ ရှိသောကြောင့်ထင့် နောက်ဖေးပြတင်းပေါက်ကနေ ခုန်ချပြီး ထိုခွေးတိုးပေါက်ကလေးကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထိုသူ ခုန်ချလိုက်ချင်းချင်း ပျူစောထီးများကလည်း ဒိန်းကနဲ့ သေနတ်နှင့် ပစ်ချလိုက် သေးသည်။ ထိုသေနတ်ကြောင့် တရွာလုံး အထိတ်တလန့် ဖြစ်ခဲ့ရသည်။ ထိုသူကား တခြားမဟုတ် ကျွန်ုပ်တို့ရွာက ပကဖခေါင်းဆောင်ပင် ဖြစ်သည်။ ကျွန်ုပ်သည်လည်း ထိုပစ်ခတ်မှု ဖြစ်ပြီးပြီးချင်း စီဒီအမ်ဝန်ထမ်းဖြစ်သောကြောင့် အချိန်မရွေး လုပ်ကြံခံရနိုင်သည်ကို တွေးမိကာ ရပ်ဝေးသို့ တိမ်းရှောင်ခဲ့ရပါသည်။
အိမ်ကို လှည့်ပတ်ကြည့်မိတော့ သုံးနှစ်ကျော် ခွဲခဲ့ရသည့် အိမ်ကလေးမှာ ကျွန်ုပ်မျက်စိထဲ လျှမ်းနေသည်။ မှန်ဘောင်သွင်းထားသည့် ကျွန်ုပ်၏ ဘွဲ့ဓာတ်ပုံကလေး နံရံမှာ မရှိတော့။ သည်အိမ်ဟာ ကျွန်ုပ်၏အိမ်မှန်း စစ်ခွေးတွေ သိလို့မဖြစ်။ ကျွန်ုပ်က စီဒီအမ်ဝန်ထမ်းကိုး။ ဆရာမနုယဥ်၏ လက်ရာဖြစ်သော အမေစု ပန်းချီကားလေးလည်း မရှိတော့ပြီ။ အမေစုပုံကိုမြင်လျှင် အိမ်ကို မီးရှို့နိုင်သည်။ အိမ်နောက်ဖေးသို့ အပေါ့အပါးသွားတော့ သနပ်ခါး ထင်းပုံကြီးကို တွေ့ရသည်။ ထိုသနပ်ခါးခင်းကား ဘေးရွာတွင်ရှိသော ပျူရွာနားတွင်ရှိသဖြင့် ဂရုမစိုက်နိုင်ဘဲ သုံးနှစ်ကျော် ပစ်ထားခဲ့ရတော့ ပေါင်းတွေ ထူထပ်နေခဲ့သည်။ ထိုသနပ်ခါးသည် ပျူများရှို့သော တောမီးထဲပါသွားပြီး ထိုပျူရွာကို သိမ်းပြီးသည့်အခါမှ တခင်းလုံး ထင်းအဖြစ် ပြန်တူးပစ်ရသည်။(ထို ပျူရွာကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးမှ ကျွန်ုပ်သည်လည်း ရွာသို့ အလည်ပြန်နိုင်ရသည်။) ပေါင်လုံးလောက်ရှိသော သနပ်ခါးတုံးများကို ထင်းအဖြစ် ပုံထားသည်ကို မြင်ရသည့်အခါ ကျွန်ုပ်ရင်ထဲ မချိအောင် ခံစားရသည်။
ပြီးနောက် အဖွား၏ ညီမ အဖွားလေး၏အိမ်သို့ ဝင်ပြီး နှုတ်ဆက်သည်။ ထန်းသီးပင် (ထန်းမြစ်) တူးရင်း စစ်ခွေးများက သေနတ်သုံးချက်ပစ်ပြီး သတ်ဖြတ် သွားသော အဖွားလေး၏ သားဖြစ်သူအတွက် ပူဆွေးသောကရောက်နေသော အဖွားလေးကို အားပေးသည်။ (ထိုအကြောင်း သေနတ်သံသုံးချက် အမည်ရှိ ဝတ္ထုတိုခေါင်းစဥ်နှင့် မီးဒုတ်စာစဥ်တွင် ဖော်ပြခံရ။)
သုံးနှစ်ကျော် ခွဲခဲ့ရသည့် ရွာလေးသို့ ပြန်ရောက်သည့်အခါ ကျွန်ုပ်သည် ခွဲခဲ့ရသည့် အချိန်များအစား ရွာလေးကို အတိုးချပြီး လှည့်ပတ်ကြည့်မိသည်။ ရွာလေးက ကျဥ်းပါသည်။ အိမ်ခြေ ၂၀၀ ကျော်ရုံသာ။ တချို့အိမ်များမှာ လူမနေကြတော့။ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကုန်ပြီ။ ရွာ၏ဘေးမှာ သိမ်းပိုက် ပြီးစီးခဲ့ပြီးပြီဖြစ်သော ပျူရွာနှင့် စစ်တပ်အများအပြား တပ်စွဲထားသော စက်မှုဝန်ကြီးဋ္ဌာနတခု ရှိနေသောကြောင့် ဖြစ်သည်။(ထို စက်မှုဝန်ကြီးဋ္ဌာနကတော့ ကျွန်ုပ် စီဒီအမ်လုပ်ရာ ဋ္ဌာနဖြစ်ပြီး မသိမ်းပိုက်နိုင်သေး။) တချို့အိမ်များမှာ ကျွန်ုပ်မသိသည့် မိသားစုဝင်များ နေနေကြသဖြင့် ဘယ်သူတွေလဲဟု အမေ့ကို မေးကြည့်ရသည်။ အထက်တွင် ဖော်ပြခဲ့သော ပျူရွာမှ ပြည်သူများဖြစ်ကြောင်း သိရသည်။ သူတို့ပျူရွာမှာ သိမ်းပိုက်နိုင်ခဲ့ပြီးပြီဖြစ်သော်လည်း အိမ်မပြန်နိုင်ကြသေး။ တော်လှန်ရေးသမားက နေခွင့်မပေးသေးသောကြောင့်နှင့် တချို့မှာကား နေအိမ် မီးထဲပါသွားသောကြောင့် နေစရာအိမ် မရှိတော့သဖြင့် မပြန်နိုင်ကြတော့ခြင်းဖြစ်သည်။
ရွာလယ်လမ်းမှာ လွယ်အိတ်ကိုယ်စီနှင့် ကျောင်းသားကလေးများကို တွေ့သည်။ ခါတိုင်း အဖြူအစိမ်း ဝတ်နေကျကနေ အဖြူနှင့် ကြက်သွေးရောင် လုံချည် ကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ ကြားကာလမှာ NUG အစိုးရက ခက်ခက်ခဲခဲနှင့် ဖွင့်ပေးထားသည့် ကျောင်းကလေးမှ ကျောင်းသားကလေးများ ဖြစ်သည်။ သည့်ကြောင့် လုံခြည်အရောင် ပြောင်းသွားရခြင်းပင်။ ထိုကာလအတွင်း စစ်အာဏာရှင် မင်းအောင်လှိုင်ဖွင့်သော ကျောင်းများတွင်တော့ အဖြူအစိမ်းနှင့်ပဲ ဖြစ်သည်။ အဖြူနှင့် ကြက်သွေးရောင် ကွာခြားခြင်းမှာ မင်းအောင်လှိုင် ဖွင့်သောကျောင်းနှင့် NUG ဖွင့်သောကျောင်း ဆိုပြီး ကွာခြားသည့် အဓိပ္ပါယ်ပင်။ ထိုကျောင်းကလေးဆီ ကျွန်ုပ် လှမ်းလိုက်မိတော့ ထန်းလက်တဲကလေးသာသာ။ ဘေးမှာတော့ ဗုံးခိုကျင်းကြီးက အကြီးကြီးဖြစ်သည်။ ရွာအပြင် ဘက်မှ ရွာပိုင်စာသင်ကျောင်းတွင် ကျောင်းမဖွင့်ဘဲ ထန်းလက်တဲကလေးဆောက်ပြီး ကျောင်းဖွင့်ရခြင်းမှာ စစ်အာဏာရှင် မင်းအောင်လှိုင်က NUG လက်အောက်ခံ စာသင်ကျောင်းများအား ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်လေ့ရှိသောကြောင့် ယခုလို တိုးတိုးတိတ်တိတ် ကျောင်းဖွင့်ခြင်းဖြစ်သည်။ စစ်အနိဋ္ဌာရုံ၏ မြင်ကွင်းများပင်။
ကျွန်ုပ်ရွာမှ ပကဖအဖွဲ့၏ ကန့်သို့ ကျွန်ုပ် အလည်အပတ် ရောက်ရှိခဲ့သည်။ ထိုကန့်သို့ ကျွန်ုပ် မကြာခင် ပြောင်းရွှေ့လာတော့မည်ဖြစ်သည်။ ထိုကန့်မှာ ကျွန်ုပ်ရွာမှ ပီဒီအက်ဖ်အဖွဲ့ဝင်လေးတွေရော တခြားရွာမှ ပီဒီအက်ဖ်အဖွဲ့ဝင် ကလေးများစွာ တွေ့ရသည်။ ကန့်သို့ရောက်တော့ ကျွန်ုပ်အိမ်၏ဘေးအိမ်က ပကဖခေါင်းဆောင်နှင့် စကားစမြည် ပြောကြသည်။ ဘယ်ဋ္ဌာနေ၊ ဘယ်ဋ္ဌာန၊ ဘယ်ကန့်၏ အကြောင်းများကို ဖောင်ဖွဲ့ကြသည်။ ထိုသို့ပြောကြရင်း ဗိုလ်မုန့် ဆူဆိုက်သွားသည့် နေရာလေးက ဘယ်နေရာလဲဟု မေးလိုက်သည်။ ကျွန်ုပ်တို့ လက်ရှိထိုင်နေသည့် တမာပင်အောက်က တဲကလေးသာဖြစ်ကြောင်း ​ရှင်းပြသည်။ တဲကို မီးရှို့ပြီး အသစ်ပြန်ဆောက်ထားခြင်း ဖြစ်ကြောင်း။ သည်သို့ကြားမိတော့ ကျွန်ုပ် ဗိုလ်မုန့်ကို သနားမိသည်။ ဘာအကြောင်းကြောင့်များ သေနတ်နှင့် ကိုယ့်ကိုယ်ကိုယ် ဆူဆိုက်သွားရပါလိမ့်။ သူ့မှာ ဆောက်လက်စ တိုက်ကြီးနှင့် ဇနီးရယ်၊ အသက်ငါးနှစ်အရွယ် သမီးကလေးရှိသေးသည်။ အာဏာမသိမ်းခင်က ဗိုလ်မုန့်က နယ်ခြားမှာ ကျောက်အရောင်းအဝယ်လုပ်ပြီး ကြီးပွားသွားသည်။ သည့်ကြောင့် တိုက်ကြီးဆောက်နိုင်ခြင်းပင်။ အာဏာသိမ်းပြီးနောက် စီးပွားရေးတွေ ​ချွတ်ခြုံကျသွားသည်။ စီးပွား အလွန်အမင်း အဆင်ပြေနေရာကနေ အလွန်အမင်း ကျဆင်းသွားခဲ့လျှင် အလွန်အမင်း စိတ်ဓာတ်ကျသွားတတ်ကြသည်လို့ ကျွန်ုပ်သိဖူး ကြားဖူးပါသည်။ ဗိုလ်မုန့်လည်း ထိုသို့ဖြစ်သွားတာ ဖြစ်နိုင်ပါသည်။ လတ်တလောမှာ စီဒီအမ်ဝန်ထမ်းတွေရော၊ ပီဒီအက်ဖ်တွေရော ဆူဆိုက်သည့်အကြောင်း ခဏခဏ ကြားခဲ့ရသေးသည်ပဲ။
တဆက်တည်းမှာပဲ ဖိုးစီကလေးကော ဘယ်အဖွဲ့ထဲ ရောက်နေသလဲဟု ကျွန်ုပ် မေးလိုက်မိသည်။ ဖိုးစီသည် တခြားမြို့မှအဖွဲ့တွင် တာဝန်ကျရာ လွန်ခဲ့သည့် နှစ်နှစ်က တိုက်ပွဲမှာ ကျသွားပြီဖြစ်သည့်အကြောင်း၊ ရွာထဲကလူတွေ မသိသေးကြောင်း၊ တချို့သာ သိကြောင်း၊ မိဘများလည်း သိကြောင်း၊ ဖိုးစီ၏ အဖွား သိသွားလျှင် ရင်ကွဲနာကျပြီး သေသွားနိုင်သောကြောင့် ဇာတ်မြှုပ်ထားရခြင်းဖြစ်ကြောင်း၊ ကျွန်ုပ်ကိုလည်း ဘယ်သူ့မှမပြောဖို့ တားမြစ်သွားသည်။ ကျွန်ုပ် အလွန်အမင်း စိတ်မကောင်းဖြစ်ရသည်။ ဖိုးစီသည် ကျွန်ုပ်၏ ညီနှစ်ဝမ်းကွဲ တော်စပ်သည်။ သူ့အမေ၊ ကျွန်ုပ်၏ အရီးလေးကို အလွန်သနားမိသည်။ အပြန်မှာ အရီးလေးအိမ်ဝင်တော့ အရီးလေး အလွန်ပိန်ချုံးသွားသည်ကို စိတ်မကောင်းဖွယ် တွေ့ရသည်။
ကံကောင်းခြင်းတခုသည်ကား ကျွန်ုပ်တို့ရွာလးသည် ယခု သည်စာမူ ရေးနေသည့်အချိန်အထိ ဗုံးဒဏ် မခံရသေးသလို နေအိမ်တလုံးမှလည်း မီးရှို့မခံရသေးခြင်းပင်။ သို့ပါသော်လည်း နှစ်တွေ ဘယ်လောက်ကြာကြာ စစ်ကြောင့် ရွာထဲက ရွာသူရွာသားများ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကတော့ ကြုံတွေ့ခဲ့ရသူတိုင်း မေ့ပျောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ မသိမမီလိုက်သော ဆွေစဥ်မျိုးဆက် ကလေးများကိုလည်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို လက်ဆင့်ကမ်း​ကြလိမ့်မည်။ အထက်တွင်ဖော်ပြခဲ့သော အကြောင်းအရာများအပြင် တခြား ရင်နင့်ဖွယ် အဖြစ်အပျက်များလည်း ဖြစ်ပျက်ခဲ့ကြသေးသည့်အကြောင်း၊ မကြည်၏ လင်ယောကျ်ား ကိုဌေးသည် စက်မှုဝန်ကြီးဋ္ဌာနမှ စစ်ခွေးများက ရွာထဲ လာမွှေစဥ်က ပက်ပင်းတိုးမိသဖြင့် ခေါ်သွားသည့်အကြောင်း၊ ကိုဌေးသည် ကြောက်လန့်ပြီး ​ထွက်ပြေးသဖြင့် သေနတ်နှင့် ပစ်သတ်ခဲ့ကြကြောင်း။ ထိုစဥ်က မကြည်၏ အငယ်ဆုံး သားကလေးသည် နှစ်လသားကလေးသာ ရှိသေးကြောင်း၊ တခါ စစ်ခွေးများက ဦးကြုံ၏ လှည်းနွားနှင့် ရွာထဲက ပစ္စည်း၊ ပစ္စယများကို ခိုးဝှက်ယူပြီး စက်မှုဋ္ဌာနသို့ သယ်သွားရာ ဦးကြုံ၏ နွားများကို သတ်စားပစ်သည့်အကြောင်း၊ တခါ ဦးထင်၏ နွားတကောင်မှာ နေပူကြီးထဲ စစ်ရှောင်ပြေးရသဖြင့် အပူရှပ်ပြီး သေခဲ့ရသည့်အကြောင်း၊ မထက်၏ လင်နှင့် မသော်၏ လင်ယောကျ်ားမှာ ခရီးသွားရင်း စစ်ခွေးဂိတ်တွင် စစ်ခွေးများက ဖုန်းကိုစစ်ဆေးရာ တော်လှန်ရေးနှင့် ပတ်သက်သော ပုံများကိုတွေ့သဖြင့် မထက်၏ လင်မှာ နှစ်ပေါင်းနှစ်ဆယ် ထောင်ချခံရကြောင်း၊ မသော်၏ လင်ကတော့ ကံကောင်းစွာ ငွေနှင့် ရွေးယူနိုင်ခဲ့ကြောင်း၊ မလှိုင်၏ လင်ကတော့ ပီဒီအက်ဖ်တယောက်ဖြစ်ပြီး နယ်အဝေးတွင် လက်နက်မှောင်ခိုသယ်ရင်း ဖမ်းမိသဖြင့် နှစ်ပေါင်း ၃၀ ထောင်ကျသည့်အကြောင်း၊ တခါတခါ တရွာလုံး နွားစာများနှင့် ဆန်၊ ဆီ၊ ဆား အပါအဝင် အထည်အဝတ်များနှင့် လှည်းပေါ် အပြည့်အသိပ်တင်ပြီး စစ်ရှောင်ကြရသည့်အခါ လှည်းတန်းကြီးမှာ တသီတတန်းကြီး ဖြစ်နေကြောင်း၊ ထိုလှည်းတန်းကြီးသည် ဟိုးယခင်က ရွာတရွာတွင် ဇာတ်ပွဲရှိလျှင် လှည်းများဖြင့် သွားကြည့်ကြရာ ထိုစဥ် တုန်းက ပွဲဇာတ်ကြည့်သွားသည့် လှည်းတန်းကြီးနှင့် တူသည့်အကြောင်း၊ ကိုမင်းသည် မင်းအောင်လှိုင်ကို ထောက်ခံသောကြောင့် မိသားစုလိုက် စက်မှုဝန် ကြီးဋ္ဌာနသို့ ပြောင်းရွှေ့သွားကြရာ ရွာ့သူပုန်အဖြစ် တရွာလုံးက သတ်မှတ်ထားသည့်အကြောင်း၊ ဦးမိုးနှင့် ဦးသောင်မှာ ဒလန်၊ သူလျှို၊ သတင်းပေး၊ ရွာ့သစ္စာဖောက်များ ဖြစ်သဖြင့် တော်လှန်ရေးသမားများက သုတ်သင်ခဲ့ပြီးပြီဖြစ်ကြောင်း၊ မည်သည့်အဖွဲ့က သုတ်သင်သည်ကို တရွာလုံးက မသိရကြောင်း။ ဦးမိုးသတင်းပေးမှုကြောင့် ပြည်သူတဦး မသေရုံတမယ် ရိုက်နှက်ခံရကြောင်း၊ သည့်အပြင် ပီဒီအက်ဖ်ငါးဦးလည်း ဖမ်းဆီးခံရပြီး ကံကောင်းထောက်မစွာနှင့် တနှစ်ကျော်အကြာမှာ ငွေနှင့် ရွေးယူနိုင်ခဲ့ကြောင်း၊ ဦးသောင်သည် စက်မှုဝန်ကြီးဌာနအတွက် အဝယ်တော်လုပ်ပေးခဲ့ပြီး သူ့သမီးကိုလည်း စစ်သားနှင့် ပေးစားခဲ့ကြောင်း စသည့် စသည့် စစ်အနိဋ္ဌာရုံ မြင်ကွင်း၊ အဖြစ်အပျက်များကို နောက်လာမည့် ဆွေစဥ်မျိုးဆက်ကလေးများအား လက်ဆင့်ကမ်းကြလိမ့်မည်။
စစ်ကို ရွံမုန်းသင့်ကြောင်း၊ စစ်ကို ဖန်တီးသူ မင်းအောင်လှိုင်၏ သမိုင်းဆိုးအား မသေအောင် သမိုင်းချန်ရမည့်အကြောင်း၊ စစ်ကိုလည်း မဖန်တီးမိစေရန် သွန်သင်ရမည့်အကြောင်း။ ကျွန်ုပ်ကိုယ်တိုင် မပြောပြနိုင်ခဲ့လျှင် သည်စာမူလေးက ကျွန်ုပ်ကိုယ်စား ပြောပြသည့်သဘောနှင့် ကျန်ရစ်စေလိမ့်သည်ဟု ကျွန်ုပ် မျှော်လင့်သည်။
(19.1.2025)
ရွာအမည်နှင့် လူအမည်များကို လွှဲပြောင်းထားပါသည်။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*