စိတ်ကုထုံးဝတ္ထု -၂

‘စိတ်ကုထုံးဝတ္ထု -၂’
◼️ရေအေး
၁။
မောင်လှဦးရဲ့ အဖေက တောထဲ မျှစ်ချိုးထွက်ရင်း မြေဇာမြက်ပင်ပေါ်က ပြုတ်ကျပြီး ဆုံးတယ်။ မောင်လှဦးနှမ အငယ်ဆုံးလေးက ကျောင်းမှာ စာအံသွားရင်း ကကြီးစာလုံးနင်ပြီး သေတယ်။ အဲဒီလိုပဲ မောင်လှဦးရဲ့အမေနဲ့ နှမအကြီးလေးကလည်း အိမ်မှာ ထမင်းစားတုန်း ဟင်းချိုခွက်ထဲ ပြုတ်ကျတဲ့ဇွန်းကို လိုက်ဆယ်ရင်း ဟင်းရည်ထဲနစ်ပြီး ပြန်ပေါ်မလာတော့ဘူး။ နွေဦးပေါက်မှာပဲ မိသားစုအကြောင်း သတင်းဆိုးတွေက မောင်လှဦးရှိနေတဲ့ “မြစိမ်းရောင်စပါးခင်းများ” ဆပ်ကပ်အဖွဲ့ဆီ တခုပြီးတခု ရောက်လာတယ်။ ပထမတော့ မောင်လှဦး ဝမ်းနည်းတယ်။ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ရေရွတ်ပြီး ငိုတယ်။ နောက် ဒေါသထွက်တယ်။ ပြီးတော့ မုန်းတယ်။ မိသားစုအတွက် ဘာမှ လုပ်မပေးနိုင်တဲ့ သူ့ကိုယ်သူ မုန်းတယ်။ သူတို့မိသားစုအပေါ် ရက်စက်တဲ့ ကံကြမ္မာကို မုန်းတယ်။ ပြီးတော့ သူ့အတွက် လောကကြီးမှာ အသက်ရှင်ရတာက ကလေးငယ်ရဲ့လက်ထဲက လွတ်ထွက်ပြီး လေရဲ့သယ်ဆောင်ရာကို ဦးတည် ရာမဲ့ မျောပါရတဲ့ မိုးပျံပူပေါင်းလိုပဲ ဆိုရမလား။ မောင်လှဦးရဲ့ဘဝက ဘာကိုဦးတည်ရမှန်းမသိ ဖြစ်သွားတယ်။ အဲဒီရဲ့ အကျိုးဆက်က မောင်လှဦးရဲ့ ပွဲကပုံတွေ ရင်ထိတ်သည်းဖိုနဲ့ ကြောက်စရာ ကောင်းလှတာပဲ။
မီးကွင်းကကြမယ်ဟေ့ ဆိုရင်လည်း မောင်လှဦးက မကြောက်ဘူး။ သူ မီးလောင်ပြီး သေသွားလည်း အရေးမကြီးဘူး ဆိုတဲ့စိတ်နဲ့ မီးကွင်း အကွင်းလေးငါးဆယ်ခုကို ခါးမှာ တပြိုင်တည်း ပတ်တယ်။ အဲဒီလိုပဲ ဓါးနဲ့ ပေါက်တဲ့ပြကွက်၊ သေနတ်နဲ့ပစ်တဲ့ ပြကွက်မျိုးဆိုရင်လည်း သူ့ ထိပါစေ၊ မကြောက်ဘူးဆိုတာမျိုး၊ ပစ်ကွင်းတည့်တည့်မှာ ခေါင်းမော့ ရင်ကော့လို့။ သူ့ရင်ဘတ်တည့်တည့်ကို၊ ဒါမှမဟုတ် လည်မျိုတည့်တည့်ကို သေနတ်၊ ဒါမှမဟုတ် ဓားမှန်ပြီး သေသွားရင် ကောင်းမယ်လို့ တွေးမိတာလည်း အကြိမ်ကြိမ်ပဲ။ အဲဒီလိုပဲ ကျွမ်းဘားခုန်ကြမတဲ့ဆိုရင်လည်း မောင်လှဦးက ငှက်ကလေးတကောင် လေထဲမှာ အလွတ်ပျံဝဲသလို ဖြစ်နေတဲ့အပြင်ကိုမှ စိတ်ထဲကလည်း သူဆွဲရမယ့်ဘားတန်းတွေကို မဆွဲဘဲ လွှတ်လိုက်ဖို့ အကြိမ်ကြိမ် တွေးတယ်။ ပရိသတ်ကတော့ ဘာသိမလဲ။ သူတို့မျက်စိရှေ့ မြင်နေတဲ့ ပြကွက်တွေအတွက် အမယ်လေး၊ ဘုရား ဘုရားနဲ့ အော်ကြဟစ်ကြရင်း လက်ခုပ်သံတဖြောင်းဖြောင်းပေါ့။
ဒါပေမယ့် ဇာတ်သမားအချင်းချင်းကျ သိတယ်။ မောင်လှဦးရဲ့သတ္တိဟာ သတ္တိမဟုတ်ဘူး၊ သူ့ဘဝကိုသူ ချစ်ရမယ့် အကြောင်းပြချက် မရှိတာကြောင့် သူ့ကိုယ်သူမချစ်ဘဲ ညှဥ်းပန်းနှိပ်စက်နေတာ၊ သူ့ဘဝကို ဆက်ပြီး အသက်ရှင်ရမယ့် အကြောင်းပြချက် မရှိတာကြောင့် သူ့ကိုယ်သူ သေကြောင်းကြံနေတာ၊ သူ့ကိုယ်သူ ဂရုစိုက်ရမယ့် အကြောင်းပြချက် မရှိတာကြောင့် ဂရုမဲ့ လုပ်နေတာပဲပေါ့။ ဒီအတိုင်းထားလို့ မဖြစ်ဘူး၊ ကြာရင် ဒီကောင် ဒုက္ခရောက်လိမ့်မယ်၊ ဒါကြောင့် ဒီကောင်အတွက် လက်ရှိအခြေအနေမှာ ပျော်လာအောင် တခုခုလုပ်ပေးဖို့ လိုမယ်၊ ကဲ ဘယ်လိုလုပ်ကြမလဲပေါ့။ ဒီလိုနဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်ကြရင်း၊ ဆွေးနွေးကြရင်းက မောင်လှဦးကို ပျော်အောင်လုပ်ဖို့ဆိုတဲ့ တာဝန်က မြစိမ်းရောင်စပါးခင်းများ ဆပ်ကပ်ထဲက ဘဝကို ပေါ့ပေါ့ပါးပါးနဲ့အပျော်ရွှင်ဆုံး ဖြတ်သန်းတတ်တယ်ဆိုတဲ့ ကိုသိန်းဒန်ရဲ့လက်ထဲ ရောက်သွားတယ်ဆိုပါတော့။
၂။
ကိုသိန်းဒန်ဆိုတာက ဆပ်ကပ်အဖွဲ့ထဲ စန္ဒယားဆရာကိုမှ အသက်လေးဆယ်သီသီ ကပ်နေပြီဖြစ်တဲ့ လူပျိုကြီး။ မျက်စိကလာတဲ့ အမြင်၊ နားကလာတဲ့ အသံ၊ အဲဒီလိုပဲ နှာဝကလာတဲ့ ရနံ့၊ လျှာကလာတဲ့ အရသာ၊ ကိုယ်ကလာတဲ့ အထိအတွေ့၊ ပြီး အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာတတ်တဲ့ စိတ်၊ လူတယောက်မှာ အာရုံခြောက်ပါးရှိပြီး အဲဒီအာရုံတွေက လူကို ဘယ်လိုပျော်အောင် လုပ်ပေးနိုင်တယ်ဆိုတာကို သေချာသိတဲ့သူ။ အဲဒါထက် ပိုပြီး တိတိကျကျပြောရရင် လူတွေအတွက် ကြည်မွေ့နှစ်လိုစရာ အာရုံတွေကို ဘယ်နေရာမှာ ရနိုင်တယ်ဆိုတာကိုလည်း သိတဲ့သူ။ အဲဒီမှာ အထက်ရဲ့တာဝန်ပေးချက်အရ မောင်လှဦးကို ပျော်အောင်လုပ်ပေးဖို့၊ ဘဝမှာ အသက်ရှင်ရတာ ပျော်ဖို့ကောင်းပါလား ဆိုတာကို သိအောင်လုပ်ပေးဖို့ တာဝန်ရှိသွားပြီဆိုရင်ပဲ ဟင်းစားပေးရုံတင်မက ကွန်ချက်ပါ ပြဆိုသလို ကိုသိန်းဒန်က မောင်လှဦးကို သူကျင်လည်တဲ့နေရာတွေဆီ တခုပြီးတခု ခေါ်သွားတယ်။ ပြီးတော့ သောက်စမ်းပါဟ၊ စားစမ်းပါဟ၊ ပျော်စမ်းပါဟ၊ ဒါတွေ ဒါတွေ ရှိနေတဲ့ လောကကြီးမယ် အသက်ရှင်နေရတာကို ဘာတွေ စိတ်လေလွင့်နေဦးမလဲနဲ့ ကိုယ်ဖိရင်ဖိ သင်တယ်။
ဒါပေမယ့် ပြဿနာက မောင်လှဦးပဲ။ သူက ကိုသိန်းဒန်ပြောတဲ့အတိုင်း မသောက်ဘူးလားဆို သောက်တယ်၊ မစားဘူးလားဆို စားတယ်၊ မပျော်ဘူးလားဆို ပျော်တယ်။ ဒါပေမယ့် သူ သောက်ပုံ၊ စားပုံ၊ ပျော်ပုံက သောက်ပြီဟေ့ဆိုရင် ပုလင်းကုန်၊ စားပြီဟေ့ဆိုရင်လည်း ခွက်မှောက်၊ ပျော်ပြီဟေ့ဆိုရင်လည်း ဝုန်းဒိုင်းကြဲနဲ့ ပက်လက်လန်လဲတဲ့အထိ၊ လောကစည်းစိမ်ကို ခံစားတယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ပန်းသထက်ပန်းအောင် ညှဥ်းပန်းနှိပ်စက်သလိုမျိုး ဖြစ်နေတာ။ ဒါနဲ့ပဲ ရက်တွေ တရက်ပြီးတရက် ကုန်သွားရာက ရက်ကနေ လကိုရောက်ပြီး နောက်ဆုံး အဲဒီနည်းနဲ့ အဆင်မပြေဘူးဆိုတာကို လက်ခံလိုက် ကြရတယ်။ ပြီးတော့ မောင်လှဦးပြဿနာက ကိုသိန်းဒန်ခေါင်းပေါ်ကနေ ဆပ်ကပ်အဖွဲ့ထဲက လူတွေဆီ ပြန်ရောက်သွားတယ်။ ဒီအတိုင်းတော့ မဖြစ် သေးဘူး၊ တခုခုတော့ လုပ်ပေးမှသင့်မယ်၊ ကြာရင် ဒုက္ခတွေ ဖြစ်ရချည်ရဲ့ပေါ့။ အဲဒီလိုနဲ့ပဲ တယောက်နဲ့တယောက် တိုင်ပင်ကြပြီး သူ့အဖြစ်က သူ့ကို ထိန်းမယ့်သူ၊ ချည်နှောင်မယ်သူမရှိလို့ ဖြစ်နေတာပဲ၊ မိန်းမရှာပေးရင် ကောင်းမလား ဘာညာနဲ့ အိမ်ထောင်ချပေးဖို့ ဖြစ်လာပါရော။ အဲဒီမှာ မောင်လှဦးနဲ့ လှော်ပေးကြတဲ့ ကောင်မလေးက မယ်ပိတောက်တဲ့။
၃။
မယ်ပိတောက်ရဲ့ဘဝက မောင်လှဦးနဲ့ ခပ်ဆင်ဆင်လို့ ဆိုရမလား။ နွေဦးမှာ လေကြမ်းမိလို့ အပွင့်တွေအားလုံး ကြွေကျပြီး လက်ရှိမှာ ရနံ့မရှိဘဲ ဖြတ်သန်းနေရတာ။ ဒါပေမယ့် မတူညီတာက မယ်ပိတောက်က သူ့ဆီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဆိုးကို တန်သင့်သလောက် ကျော်လွှားနိုင်ပြီ။ တစိမ့်စိမ့် ဖြန်းပက်တတ်တဲ့ မိုးရေ၊ သူ့ရဲ့အရွက်တွေကြား တိုးဝှေ့သွားတဲ့ လေနုအေး၊ မနက်ခင်း သူ့ကိုယ်ပေါ် ဖြာကျလာတဲ့ နေခြည်နွေးနွေး၊ သဘာဝတရားကို လက်ခံဖြတ်သန်းရင်းက တချိန်ချိန် သူ့မှာ ပိတောက်ဖူးတွေ ပြန်ဝေလာမှာပဲဆိုတဲ့ အနာဂတ်ကို မျှော်တတ်တဲ့စိတ် ရှိနေပြီ။ ဆိုရရင် မိန်းကလေးပေမယ့် အဆိုးကနေ ပြန်ရုန်းထပြီး ဘဝကို ကြံ့ကြံ့ခံ ဖြတ်သန်းနေနိုင်တဲ့ အနေအထား။ အဲဒီလို မယ်ပိတောက်နဲ့ မောင်လှဦးကို ဇာတ်သမားတွေက ဖြစ်သင့်တယ်၊ ချဟနဲ့ ဘေးတီးပေးကြတော့ အဖြစ်က ကနဦးတော့ လေစီးအတိုင်း ပါနေတဲ့ မိုးပျံပူပေါင်းက ကွင်းပြင်ထဲ ထီးထီးကြီးရှိနေတဲ့ ပိတောက်ကိုင်းမှာ ရည်ရွယ်ချက် မရှိ ငြိမိသလိုမျိုးလို့ပဲ ဆိုရမလား။
ဇာတ်သူဇာတ်သားတွေက ဝိုင်းလှော်ကြလို့သာ ဖြစ်ရပေမယ့် မောင်လှဦးစိတ်ထဲ မယ်ပိတောက်ကို ချစ်လှတယ်မဟုတ်ဘူး။ ဟိုက ဒီက ဝိုင်းစကြတာမှာ သွေးသားဆန္ဒကို မထိန်းချုပ်နိုင်တာရယ်၊ ယောက်ျားပီပီ လွန်မိမှတော့ တာဝန်ယူရမယ်လို့ တွေးတာရယ်ကြောင့်သာ ခရီးပေါက်ရတယ်။ ဒီ့မတိုင်ခင်ကတော့ ဒီမိန်းကလေး ရုပ်ကလေးမဆိုးဘူး ဆိုတာလောက် ရှိတာ။ အဲဒီလိုပဲ မယ်ပိတောက်ကလည်း ကနဦးမှာ မောင်လှဦးကို အလွန်အမင်း ချစ်လှချည်ရဲ့မဟုတ်ဘူး။ ကျန်းမာသန်စွမ်းတဲ့ အရွယ်တော် ယောက်ျား၊ သူ့ဘဝ၊ သူ့အနေအထားအရ အားကိုးလောက်တယ်၊ ပြီးတော့ မောင်လှဦးဟာ သူ့ကိုယ်သူ့မုန်းလို့သာ ဒီလို ဗြဲလရမ်း၊ ဂရုမဲ့ ပြုမူနေပေမယ့် တခြားသူကို နှိပ်စက်ကလူပြုတတ်တဲ့ လူမျိုးမဟုတ်ဘူး၊ စိတ်ကောင်းစေတနာ ရှိတဲ့လူပဲ၊ မဆိုးဘူးလို့ စဉ်းစားတာက တခု။ နောက်တခုက ဆပ်ကပ်စင်ပေါ်မှာ အသုံးတော်ခံတဲ့ မောင်လှဦးရဲ့ ကျွမ်းကျင်မှုက ဖမ်းစားတာက တခုနဲ့ ငါမကယ် သေဖွယ်ရှိဆိုသလို ဒုက္ခသည်ကို သနားကြင်နာ ကယ်မချင်တဲ့ မိန်းကလေးစိတ်ထားက ဆောင်လိုက်တာမှာ ဇာတ်သမားတွေဖန်တီးတဲ့ ဇာတ်ဝင်ခန်းက အတည်ကြီး ဖြစ်သွားတော့တာမျိုး။
ဒါပေမယ့် တကယ်ကကျတော့ ဇာတ်က အချစ်သက်သက်မဟုတ်တဲ့ အိမ်ထောင်သည်ဇာတ် ဖြစ်နေတာကလား။ ဒီတော့ မယ်ပိတောက်ခမျာလည်း သနားစရာ မောင်လှဦးကို ဘယ်လိုနှစ်သိမ့်ရမလဲ နည်းလမ်းရှာပေါ့။ ဒါက ခက်ခဲတာတော့လည်း မဟုတ်ဘူး။ အခု မောင်လှဦး ဖြစ်နေတာတွေက သူ့အပွင့်တွေအကုန် နွေဦးလေပြင်းမှာ ပါသွားတုန်းက သူကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရတာတွေပဲ။ ဒီတော့ ဝမ်းနည်းပူဆွေးနေတဲ့ မောင်လှဦးကို ဝမ်းနည်းပါ၊ ပူဆွေးပါ၊ ဒီလိုအဖြစ်အပျက်ဆိုး ကြုံရတာကို ဝမ်းမနည်းနဲ့၊ မပူဆွေးနဲ့ တားလို့ ဘယ်ရပါ့မလဲတဲ့၊ မယ်ပိတောက်က စိတ်ဖွင့်ခိုင်းတယ်။ ကျမတုန်းကဆိုရင်လည်း ပန်းတွေ နွေဦးလေမှာပါပြီး ကြွေကုန်တာကို ပထမ မယုံနိုင်ဘူး၊ နောက်တော့ ဘယ်သူ့ကို ဒေါသထွက်ရမှန်းမသိ ဖြစ်တယ်၊ ဝမ်းနည်းတယ်၊ သူတို့အစား ငါပဲဖြစ်လိုက်ချင်တယ်လို့လည်း တွေးမိတယ်၊ ငါသေသွားရင်ကောင်းမယ်ပေါ့နဲ့ သူ့တုန်းက ဖြစ်ခဲ့တာတွေကိုလည်း ပြန်ပြောပြတယ်။
တခါတလေတော့လည်း မောင်လှဦးရဲ့ မိသားစုအကြောင်း ကောင်းတဲ့အဖြစ်အပျက်တွေကို ပြန်ပြောပြခိုင်းတာမျိုး။ ဘာဆိုဆို ဒီဟာတွေကို ရှင့်ကြောင့် ဖြစ်ရတယ်၊ ရှင့်အမှားလို့တော့ မတွေးစေချင်ဘူးတဲ့။ တွေးမိတယ်ဆိုရင်တောင် ဘာကြောင့် ရှင့်ကြောင့်ဖြစ်ရတယ် ထင်သလဲ၊ ရှင့်ကြောင့်မဟုတ်ဘူးဆိုတာကို ပြောနေတဲ့အချက်တွေကော မရှိဘူးလား၊ သေချာပြန်စဉ်းစားဖို့ပဲတဲ့။ ပြီး ဒီနေ့ ရှင့်အဖေဆုံးတာ လေးလပြည့်ပဲ၊ ရှင့်နှမလေးဆုံးတာ ဘယ်နှလပြည့်ပဲ၊ ကျမတို့ ဘုန်းကြီးကျောင်း ဆွမ်းပို့ကြရအောင်နဲ့လည်း ကမကထလုပ်တယ်။ မယ်ပိတောက်ကပဲ လိမ္မာလို့လား၊ သေသောသူ ကြာရင် မေ့ဆိုတဲ့ ဆိုရိုးကပဲ မှန်းသလားမသိဘူး၊ မောင်လှဦးက ဟိုတုန်းကလို တက်ကြွမှုအပြည့်၊ မျှော်လင့်ချက်အပြည့်ဆိုတာမျိုး မဟုတ်သေးပေမယ့် နည်းနည်းတော့ ဖြေဆည်နိုင်တဲ့ပုံ ပေါက်လာတယ်။ အဲဒီလိုနဲ့ နေ့တွေ တနေ့ပြီးတနေ့ ကုန်သွားပြီး မယ်ပိတောက်ရဲ့ဗိုက်ထဲ မောင်သုတလေး ရောက်လာတဲ့အခါမှာတော့ မောင်လှဦးရဲ့ အပြုအမူတွေက ဂငယ်ကွေ့ ကွေ့လိုက်သလိုပဲ။ ဘာကိုကြည့်ပြီး အသက်ရှင်ရမှန်းမသိ ဖြစ်နေခဲ့တဲ့ မောင်လှဦးအတွက် ကြည့်ပြီး အသက်ရှင်စရာ အကြောင်းပြန်ရသွားတယ် ဆိုရမလား။ ဂရုမဲ့ မောင်လှဦးအဖြစ်ကနေ ဂရုအပြည့်နဲ့ မောင်လှဦး ဖြစ်သွားတယ်။ အဲဒီအချိန် ပုံမှန်ပြန်ဖြစ်လာတဲ့ မောင်လှဦးကိုကြည့်ပြီး အားလုံးကလည်း ဝမ်းသာလို့။
၄။
နွေဦးဆိုတာ ကြယ်တွေ အကြွေများတဲ့ရာသီ။ နွေဦးလေရဲ့ ဖမ်းစားမှုမှာ ကြယ်ပွင့်ကြီးငယ်တွေဆိုတာ တဖြုတ်ဖြုတ်နဲ့ ကြွေနေကြတာ။ အဲဒီအထဲ မောင်လှဦးနဲ့ မယ်ပိတောက်တို့ရဲ့သား မောင်သုတလေး ပါသွားတယ်ဆိုတာ သိရတော့ အကြောင်းသိသူတွေက ရုတ်တရက် ဘာလုပ်ရမယ် မသိဘူး။ မကြာသေးခင်ကတင် အတိတ်ဆိုးက မနည်း ရုန်းကန်ထွက်လာကြတဲ့ မောင်လှဦးနဲ့ မယ်ပိတောက်ရဲ့အဖြစ်ကို ပြန်သတိရပြီး ပြောစရာစကားလည်း မရှိဘူး။ မောင်လှဦးအခြေအနေ ဘယ်လိုလဲ၊ ခွေနေတာပဲ။ မယ်ပိတောက်အခြေအနေ ဘယ်လိုလဲ၊ အစာမှ ဝင်ရဲ့လားနဲ့ ကာယကံရှင်တွေ ကြားမှာလည်းစိုးတော့ တီးတိုးတီးတိုးနဲ့။
ဒီတခါတော့ မောင်လှဦးကော၊ မယ်ပိတောက်ပါ ပစ်လဲပြီထင်ပါရဲ့၊ ပြန်မှ နာလန်ထူနိုင်ကြပါဦးမလား။ အဖြစ်ကလည်း ဆိုးလိုက်တာ၊ ကာယကံရှင် မပြောနဲ့ ဘေးက ကြားရတဲ့လူတောင် အသက်ရှူမဝဘူး၊ ဒုက္ခပဲ၊ သူတို့လင်မယားအတွက် ဘယ်လို လုပ်ကြမလဲပေါ့။ အားလုံးနီးပါးရဲ့စကားထဲ မောင်လှဦးနဲ့ မယ်ပိတောက်တော့ ဒီတခါ ဗုန်းဗုန်းလဲမယ် ထင်ပါရဲ့ချည်း ပြောနေကြတာ။
ဒါပေမယ့် လူတဦးတယောက်ရဲ့ဘဝဆိုတာ တခြားသူတွေရဲ့အထင်အတိုင်း ဖြစ်ရတာမှ မဟုတ်ဘဲ။ ဆိုတော့ သားသေလို့ ဝမ်းနည်းပြီး အိပ်ရာထဲ ခွေနေတဲ့ မောင်လှဦးက တခြားသူတွေ သူ့ကို ထူထောင်လိမ့်မယ်မထင်ဘူးလို့ ထင်နေတဲ့အချိန်၊ သူ့သားသေပြီး တပတ်ပြည့်တဲ့နေမှာပဲ အိပ်ရာထဲကနေ ငုတ်တုတ် ထထိုင်တယ်။ ရေအိုးစင်ဆီကို ယိုင်ထိုးယိုင်ထိုး သွားပြီး ရေတခွက်အပြည့် ကော်သောက်တယ်။ အဲဒီနောက် ရေတခွက်အပြည့် ထပ်ခပ်ပြီး သူ့လိုပဲ အိပ်ရာထဲ လဲနေတဲ့ သူ့မိန်းမ မယ်ပိတောက်ဆီကို သွားတယ်။ ပြီးတော့ သူ့မိန်းမကို လက်ထဲက သောက်ရေခွက်ကို ကမ်းပေးရင်းက သေတဲ့လူက သေပြီ၊ ကျန်ခဲ့တဲ့သူက ငိုစရာရှိတာ ငိုသလို အသက်ဆက်ရှင်စရာ ရှိတာလည်း ရှင်ရမှာပါ့၊ အားတင်းထားစမ်းပါဟာ၊ မနက်ဖြန်သန်ဘက်ဆို ပိတောက်ပွင့်ချိန် ပြန်ရောက်ဦးမှာပါလို့ အားပေးစကားပြောတယ်။
About The Call 724 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*