“စိတ်၏ ဒဏ်ရာ”
မြရဲလွင် (ဝေးလွင့်ငှက်)
ဆေးဝါးတွေလည်း ရှားလာတယ်၊ စားနပ်ရိက္ခာတွေလည်း မပေါများတော့ဘူး ဆိုတဲ့သတင်းတွေ ကြားရတယ်။ နောက် မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့ လှုပ်ရှားမှုတွေထဲမှာ အိပ်ရာလိပ်တွေဟာလည်း ဟိုဟိုဒီဒီ ပြေးလွှားလို့ ကုန်စျေးနှုန်းတွေလည်း တအားတက်လာတယ် … ဒုက္ခသည်တွေလည်း ပေါများလာတယ် …
မြေဖြူကိုင်ရင်း ဝေဟင်ကို နားစွင့်နေရတဲ့ နေ့တွေဟာလည်း စိတ်ကို အတော်ကလေး အနှောက်ယှက် ပေးလာနိုင်တယ်။ ညသန်းခေါင်ယံ အိပ်မက်တွေဟာ လေယာဥ်သံမကြားရဖို့ ဆုတောင်းနေရတဲ့ ဆုတောင်းသံတွေ ဖြစ်လာတယ် …
ငါသတိထားမိတဲ့ မျက်နှာတွေမှာ အတွေးကိုယ်စီနဲ့ ကောင်းကင်ကို မော့ကြည့်နေကြတယ် … စိတ်တွေဟာ ညရောက်ရင် ပိုပျံ့လွင့်လာတယ် … အမေ့အိမ်ကိုပဲ လွမ်းလာသလိုလို … သူငယ်ချင်းတွေရှိရာကိုပဲ သွားလိုက်ချင်သလိုလို … ချစ်ခင်ရသော သူငယ်ချင်းမိတ်ဆွေတွေနဲ့ တဒင်္ဂ အရွှန်းဖောက်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ချင်တယ် … အပူပင်ကင်းတဲ့ ပျော်ရွှင်မှုတခုကို ခန္ဓာကိုယ်နဲ့ စိတ်သန္တာန်က တကယ် လိုလိုလားလား တောင်းတလာမိတယ်။
နေထွက်ပြီး ရာသီဥတု သာယာနေမှာကိုပဲ စိတ်သန္တာန်မှာ မနှစ်မြို့တော့ဘူး … အမြဲတမ်း မိုးရွာပြီး အုံ့မှိုင်းနေမှာကိုပဲ စိတ်လုံခြုံမှုတခုအတွက် တောင့်တလာမိတယ် …
လူတွေဖန်တီးထားတဲ့ လူသတ်လက်နက်တွေကို ကျနော် ရွံရှာမုန်းတီးလာတယ်။ ခေါင်းအုံးပေါ် ခေါင်းချတဲ့ညတွေတိုင်းလိုလို အိပ်မပျော်ခြင်းဆိုတဲ့ ပုံသေနည်းက နေရာယူထားတယ် … တဒင်္ဂ စိတ်ညစ်မှုတွေ ဖြေဖျောက်ဖို့ တဦးတယောက်စီကို ဖုန်းဆက်ပြီး အတွေးအာရုံတွေကို လမ်းစဖျောက်ပလိုက်ချင်တယ် …
ဝေဟင်အတွက်ပေးထားတဲ့ လေယာဥ်မော်ဒယ်နံပါတ်တွေကို အလွတ်ရလာတယ် … အဲ့ဒါတွေကို ဦးနှောက်ထဲက အပြီးတိုင် မောင်းထုတ်လိုက်ချင်တယ် …
ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာမှုမှာ ကျနော်တို့နိုင်ငံလေးဟာ အလွန်နောက်ကျနေပါပြီလို့ ကျနော်မပြောလည်း လူတိုင်းသိတယ် … လူတိုင်းသိနေတဲ့ အဲ့ဒီစကားကြီးကို ဖန်တရာထပ်အောင် ကျနော်တယောက်တည်း ဘာရည်ရွယ် ချက်နဲ့ ရွတ်နေမိသလဲဆိုတာ ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်တော့ …
ဖွံ့ဖြိုးတိုးတက်မှု အရမ်းနောက်ကျနေပြီဖြစ်တဲ့ ကျနော်တို့နိုင်ငံလေးထဲမှာ လူသတ်လက်နတ်တွေတင်ပြီး ဝေဟင်မှာ ဥဒဟိုပျံသန်းနေတဲ့ နံပါတ်တွေ အမည်တွေပါတဲ့ ဖိုက်တာတွေဟာ ဂုဏ်ယူစွာ ဟိုဟိုဒီဒီပျံသန်းရင်း အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်နဲ့ခန္ဓာကို အိုးစားခွဲပေးနေတယ် …
ဆေးဝါးတွေရှားပါးလာမှုမှာ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေလည်း ပါလာတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ … ကာကွယ်ဆေးမထိုးရတဲ့ ကလေးတွေဟာ အတော်ကြီးကို များလာတယ် … နောက် လေယာဥ်ကို ကြောက်ရမယ်ဆိုတဲ့စိတ်ဟာ သင်မပေးထားလည်း အလိုလို သဘောပေါက် နားလည်လာကြတယ်။ တချို့ကလေးငယ်လေးတွေဆို လေယာဥ်သံကြားတာနဲ့ သွားရအောင်လေ ကတုတ်ကျင်းထဲကိုဆိုတဲ့ စကားမပီတဲ့ အသံလေးတွေဟာ တကယ့်ကို ရင်နင့်ဖွယ်ကောင်းလှတယ်။ အဲဒီအတွက် စစ်ဆိုတဲ့ဝေါဟာရကို ခါးခါးသီးသီး မုန်းမိတယ်။ အဲဒီထက် ပိုမုန်းပြီး ရွံရှာ စက်ဆုပ်လာမိတာက အာဏာရှင်ဆိုတဲ့ အာဏာရူးတွေကိုပဲ …။
Be the first to comment