စိနပါဝါအခင်းအကျင်း အပိုင်း(၂)

“စိနပါဝါအခင်းအကျင်း – ၂”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

ဇွန်လ ၂ ရက်နေ့က ဘေဂျင်းမှာ အရင် တရုတ် ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့တဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ရွှီကျီလျန်း (Xu Qiliang) ကျန်းမာရေး ဆိုးဝါးလာရာကနေ ကွယ်လွန်ခဲ့တယ်။ ရွှီဟာ ဗဟိုစစ်ကော်မရှင်မှာ ၂ ကြိမ်ဆက် (၂၀၁၂ – ၂၀၂၂) တာဝန်ယူခဲ့သူဖြစ်တယ်။ ဒီသက်တမ်း ၂ ခုဟာ ရှီကျင်းပင်ရဲ့ ပထမသက်တမ်း နှစ်ခုဖြစ်တဲ့အတွက် ရှီကျင်းပင် ယုံကြည်သူ အားထားသူတဦး ဖြစ်တယ်ဆိုတာ ပြောစရာမလိုအောင်ဖြစ်တယ်။

သူ ကျန်းမာရေးချို့ယွင်းပြီး သေဆုံးရမှုဟာ ရှီကျင်းပင်ရဲ့ ခြစားမှုတိုက်ဖျက်ရေးစီမံချက်နဲ့ စစ်တပ်ခေါင်းဆောင် အများအပြားကို ဖြုတ်ထုတ်သတ် ရှင်းလင်းခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေဆီကနေ အဓိကလာတယ်လို့ တရုတ်စစ်တပ်နဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်တဲ့ အသိုင်းအဝန်းက ကောက်ချက်ပေးတယ်။

‘ဗဟိုစစ်ကော်မရှင်’
တရုတ်ခေါင်း‌ဆောင်တွေဟာ ထိပ်ဆုံးကိုရောက်လာတာနဲ့  တရုတ်မှာ အရေးအပါဆုံးဖြစ်တဲ့ တာဝန် ၃ ခုကို ရယူလေ့ရှိတယ်။ အဲဒါတွေက ပါတီ (အထွေထွေအတွင်းရေးမှူး)၊ စစ်တပ် (ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ) နဲ့ အစိုးရအဖွဲ့ (သမ္မတ) တို့ဖြစ်တယ်။ ဗဟိုစစ်ကော်မရှင်ဟာ ပါတီဦးဆောင် ပေါ်လစ်ဗျူရိုကော်မတီလိုပဲ ထိပ်တန်းခေါင်းဆောာင် အနည်းအကျဥ်းနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌဟာ ရှီကျင်းပင်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ ၂ ဦးရှိတယ်၊ အဖွဲ့ဝင် ၃ ဦးဖြစ်လို့ စုစုပေါင်း ၆ ဦးသာရှိတယ်။

ဒီနှစ်မတ်လထဲမှာ ဒုဥက္ကဋ္ဌတဦးဖြစ်တဲ့ ဟွဝေဒွန်း (Hu Weidong) ကို ရာထူးက ထုတ်ပယ်ထားတယ်။ သူ့ရာထူးဟာ စစ်တပ်မှာ ဒုတိယအမြင့်ဆုံး ရာထူးဖြစ်ပြီး ပါတီပေါ်လစ်ဗျူရို အဖွဲ့ဝင်တဦးလည်းဖြစ်တာကြောင့် ဒီလို အဆင့်အမြင့်ဆုံး ရာထူးတခု ဖယ်ရှားခံရတာဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်လို့ မီဒီယာတွေက ဖော်ပြတယ်။ သူဟာ ရာထူးက ဖယ်ရှားခံရပြီးကတည်းက လူမြင်ကွင်းက ပျောက်သွားခဲ့ပြီး ရွှီကျီလျန်းရဲ့ အသုဘရှုစာရင်းမှာတောင် ပါဝင်မလာခဲ့ဘူး။ သူပျောက်ကွယ်သွားပုံဟာ အရ င်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်၊ ကာကွယ်ရေးဝန်ကြီး လီရှန်ဖူတို့နဲ့ ဆင်တူတယ်လို့ မီဒီယာတွေမှာ ဖော်ပြတယ်။

မှတ်ချက်။ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်ဟာ ရာထူးရပြီးခါစ ၇ လလောက်မှာပဲ ထုတ်ပယ်ခံရတာဖြစ်တယ်။ အသက် ၅၈ နှစ်ပဲ ရှိသေးတာကြောင့် တရုတ် ဝန်ကြီးတွေထဲ အသက်အငယ်ဆုံးဖြစ်ခဲ့ပြီး ရှီကျင်းပင်က အလွန်အမင်း ယုံကြည် မြှောက်စားထားသူဖြစ်တယ်လို့ နာမည်ကြီးခဲ့သူဖြစ်တယ်။ ထုတ်ပယ်ခံရတာခြင်းတူပေမယ့် သူ့ကို ရာထူးက နုတ်ထွက်ခွင့်တင်တယ်လို့ ဖော်ပြပြီး ပါတီဝင်အဖြစ် ဆက်လက် အသိအမှတ်ပြုတယ်။

နောက်ထပ် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်ဖြစ်ပြီးမှ ထုတ်ပယ်ခံရသူက မီယောင်ဟွား (Miao Hua) ဖြစ်တယ်။ သူလည်းပဲ ရှီကျင်းပင်ရဲ့ အနီးကပ်လူယုံလို့ဖော်ပြခံရပြီး ၂၀၂၄ နိုဝင်ဘာမှာ စစ်ဆေးမှုတွေရှိနေလို့ ရာထူးက ဆိုင်းငံ့ထား (ထုတ်ပယ်) ခံရသူဖြစ်တယ်။ ပါတီ စာရင်းအချက်အလက်တွေအရ ၂၀၂၄ ပထမ ၃ လပတ် ၃ ခုအတွင်းမှာပဲ အဆင့်အသီးသီးမှာရှိတဲ့ ပါတီကေဒါ ၆ သိန်းခွဲနီးပါး ထုတ်ခံရပြီး အဲဒီအထဲမှာ အဆင့်မြင့်ကေဒါ ၅၈ ဦး ပါဝင်ခဲ့တယ်။

ဗဟိုကော်မတီဝင် ၈ ဦးထက်မနည်း ဖြုတ်ထုတ်ခံရတဲ့အထဲမှာ တချို့ဟာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သူတွေ ဖြစ်ခဲ့တယ်။ ပါတီဝင် သန်း ၉၀ ကျော်ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီအတွက် ဒီကိန်းဂဏန်းတွေက သိပ် ပြောပလောက်စရာမရှိဘူးလို့ ယူဆနိုင်ပေမယ့် ပြည်နယ် ပါတီအတွင်းရေးမှူးတွေ၊ စက်မှုနဲ့သတင်းနည်းပညာ ဝန်ကြီး၊ အခြား ပါတီ ထိပ်တန်းခေါင်းဆောင်တွေ စုစုပေါင်း ၁၀ ဦးခန့် မနှစ် ၂၀၀၂၄ ဒီဇင်ဘာကစပြီး အခုအချိန်အထိ ဖြုတ်ထုတ်သတ်ခံရတာဟာ ၂၀၂၃ တတိယသက်တမ်းရဲ့အကျိုးဆက် ရှီကျင်းပင် ပါဝါတည်ဆောက်မှု မတည်ငြိမ်သေးတာနဲ့ ရုန်းကန်နေရဆဲဆိုတာကို ဖော်ပြနေတာတော့ အမှန်ဖြစ်တယ်။

‘ပါဝါနဲ့ အချိန်ကာလ’
တရုတ်ခေါင်းဆောင်တွေဟာ ယေဘုယျအနေနဲ့ ပါဝါရလာရင် အစောပိုင်းမှာ ပြိုင်ဘက် နိုင်ငံရေးသမားတွေကို အရင်ရှင်းပစ်ဖို့ ကြိုးစားကြတယ်။ ပြိုင်ဘက်မရှိ ပါဝါတည်ဆောက်နိုင်တဲ့နောက်မှာ တဆင့်တက်ပြီး  မဟာမိတ်တွေ၊ အတူ လက်တွဲလုပ်ကိုင်ခဲ့သူတွေနဲ့ နောက်ဆုံးမှာ မိမိစောင့်ရှောက်ပေးထားတဲ့ နောက်မျိုးဆက်အတွက် မွေးမြူထားတဲ့ အနာဂတ် ခေါင်းဆောင်လောင်းတွေကိုတောင်မှ ရှင်းပစ်တယ်လို့ဆိုတယ်။ ဒါဟာ အာဏာရှင်တွေရဲ့ အာဏာတစ္ဆေ ခြောက်လှန့်မှု တစိတ်တပိုင်းကို ဖော်ပြနေတဲ့ သဘောသဘာဝလို့ ယူဆနိုင်တယ်။

ရှီကျင်းပင်ဟာ ဘယ်လိုပဲ ပါဝါကို တဦးတည်းဆုပ်ကိုင်ထားဖို့ ကြိုးစားပေမယ့် အချိန်ဟာ သူ့ကို အမြဲခွင့်ပြုနေမှာတော့ မဟုတ်ဘူး။ လက်ရှိအသက် ၇၂ နှစ် ဖြစ်နေတဲ့ သူ့အတွက် ၂၀၃၇ ပါတီကွန်ဂယက်မှာ အသက် ၈၄ နှစ် ပြည့်မှာဖြစ်တယ်။ ဒီတော့ အခြား နိုင်ငံတကာခေါင်းဆောင်တွေ တာဝန်ယူခဲ့တဲ့ အချိန် တွေ၊ တကယ် ထက်ထက်မြက်မြက် ခေါင်းဆောင်မှု ပေးနိုင်တာတွေကိုပါ တွက်ဆကြည့်မယ်ဆိုရင် ၂၀၃၂ ပါတီကွန်ဂယက်မှာ နောက်မျိုးဆက် ခေါင်ဆောင်တယောက်ကို ရွေးချယ်ပေးရဖို့ ဖြစ်လာနိုင်တယ်။ ဒီလို ဆက်သွားနိုင်ဖို့အတွက် သူ့ကျန်းမာရေး တကယ်ကောင်းမွန်နေဖို့လိုပြီး သူ့ပါဝါ တည်မြဲမှုကိုလည်း ပါတီ တွင်းပြင် ခြိမ်းခြောက်မှုက ကာကွယ်ထားနိုင်ဖို့လည်း လိုအပ်မှာဖြစ်တယ်။ ဆိုတော့ ၂၀၂၇ ပါတီကွန်ဂယက်သည်ပင်လျှင် အခြေအနေတွေ အပြောင်းအလဲဖြစ်လာမလား တွက်ဆကြည့်ဖို့ဖြစ်တယ်။

တရုတ်နိုင်ငံရေး လေ့လာသူတွေက ရှီကျင်းပင်ရဲ့ ရာသက်ပန် အာဏာတည်ဆောက်ရေးကို ဆန့်ကျင်တဲ့ အင်အားစု ၄ ခု ရှိတယ်လို့ တွက်ဆထားတယ်။ ပထမအစုဟာ အနားယူသွားတဲ့ ပါတီဦးဆောင် ပေါ်လစ်ဗျူရိုဟောင်းတွေဖြစ်တယ်။ ဒီအစုမှာ ထင်ရှားသူက အရင် ၂၀၂၂ ကွန်ဂယက်ကနေ အပြင်ဆွဲခေါ်ထုတ်ခံရတဲ့ သမ္မတဟောင်း ဟူဂျင်တောင်လက်ထက်က ဝန်ကြီးချုပ်ဖြစ်သူ ဝမ်ကျားပေါင်နဲ့ လူဟောင်းကြီး လီးဝေးဟွမ် (ကျန်ဇီမင်းလက်ထက်ကတည်းက) ဖြစ်တယ်။ သူဟာ ရှီကျင်းပင် အာဏာဆက်ယူမယ့် ၂၀၂၂ ပါတီကွန်ဂယက်မှာ ပြန်ပေါ်လာသူဖြစ်တယ်။ နောက်တဖွဲ့က ပါတီတွင်းက မင်းသားတွေ၊ (ခေါင်းဆောင်မျိုးရိုးရှိသူတွေ၊ ကြွယ်ဝချမ်းသားတဲ့ အသိုင်းအဝိုင်းက လာသူတွေကို ဆိုလိုတယ်) ပါတီခေါင်းဆောင် အရိုက်အရာကို ဆက်ခံနိုင်စွမ်း ရှိသူတွေဖြစ်တယ်။ သူတို့တွေထဲက အထူးသဖြင့် ပြည်ပရောက်နေသူတွေဟာ လက်ရှိ ရှီကျင်းပင် ခေါင်းဆောင်မှုနဲ့ ပေါ်လစီတွေကို အမြဲ ဆန့်ကျင် ဝေဖန် နေကြသူတွေဖြစ်တယ်။ တတိယအဖွဲ့က စစ်တပ် ထိပ်တန်းခေါင်‌ဆောင်ပိုင်းကဖြစ်ပြီး နောက်ဆုံးအဖွဲ့ (အနေအထား) က လူထု ဆူပူအုံကြွမှုဖြစ်တယ်။ ရှီကျင်းပင်ရဲ့ မအောင်မြင်တဲ့ စီးပွားရေးပေါ်လစီတွေ၊ လက်ရှိ ကုန်သွယ်စစ် တင်းမာမှုရဲ့ အကျိုးသက်ရောက်မှုနဲ့ အရင် ကိုဗစ် လော့ဒေါင်းတွင်းက မကျေနပ် မှုတွေဟာ ဆူပူအုံကြွမှုတွေကို ဖြစ်ပေါ်ခဲ့တာ တွေ့ရတယ်။

‘မျိုးဆက်သစ်’
တရုတ်မှာ ပါတီ ပေါ်လစ်ဗျူရိုက အနားယူတဲ့အသက်ကို အတိအကျ သတ်မှတ်ထားတာမျိုး မရှိပေမယ့် ပုံမှန်မှာ ပါတီကွန်ဂယက် ကျင်းပချိန်မှာ အသက် ၆၈ နှစ်နဲ့ အထက်ရှိသူတွေဟာ အနားယူရလေ့ရှိတယ်။ တရုတ်တွေက ဒီအစဥ်အလာကို ခွန်ဆက် ရှစ်ဆင်း (qishang baxia/seven up, eight down) လို့ဆိုတယ်။ တကယ်လို့ ရှီကျင်းပင်ဟာ ၂၀၃၂ သို့မဟုတ် ၂၀၃၇ မှာ အနားယူမယ်လို့ စဥ်းစားရင် (တနည်းပြောရရင်) ၂၀၃၀ နောက်ပိုင်းမှာ အသက် ၆၈ နှစ်ထက် မကြီးဖို့အတွက် နောက်တက်မယ့် တရုတ်ခေါင်းဆောင်မှုဟာ အခုအချိန်မှာ အသက် ၄၅ သို့မဟုတ် ၅၀ ထက် ကြီးလို့မဖြစ်ဘူး။ (သက်တမ်း ၂ ဆက်ဖြစ်တဲ့ ၁၀ နှစ်ကိုပါ ထည့်တွက်ထားတာဖြစ်တယ်)

တရုတ်လူငယ်တွေကို လေ့လာထားတဲ့ စာတမ်းတခုအရ တရုတ်မျိုးဆက်သစ်ဟာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူတွေဖြစ်တယ် ဆိုတဲ့အချက်ဟာ အလုံးစုံမမှန်ကန်ဘူးလို့ဆိုတယ်။ တရုတ်လူငယ်တွေဟာ အနောက်အယူအဆဖြစ်တဲ့ တသီးပုဂ္ဂလဖြစ်မှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုအားသန်သူတွေဖြစ်ကြတယ်လို့ လေ့လာချက်မှာ အကိုးအကားတွေနဲ့ ဖော်ပြတယ်။ ဒါပေမယ့် နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီရဲ့ အားနည်းချက်တွေ (အဓိက ဆုံးဖြတ်ချက် မပြတ်သားနိုင်တာ၊ ကြန့်ကြာတာ) ကို သဘောမတွေ့ဘူးလို့လည်း ဆိုတယ်။

တရုတ်ပါဝါခရီးဟာ အလှည့်အပြောင်းနဲ့ အပြိုင်အဆိုင်တွေ ပြင်းထန်လေ့ရှိတယ်။ ဒါကြောင့် အနာဂတ်ခေါင်းဆောင်မှုအတွက် လက်ရှိ ၄၀ ကျော် ၅၀ တန်းမျိုးဆက်ကို အကျပ်အတည်းများစွာ ရင်ဆိုင်နေရတဲ့ ရှီကျင်းပင်အနေနဲ့ ကျန်းမာရေးပြဿနာသာ ကြီးကြီးမားမားမရှိရင် ခုချိန်မှာ ထည့်သွင်း တွက်ချက်နေမယ့်သဘောမတွေ့ရဘူး။ တရုတ်လေ့လာသူတဦးကပြောတယ်။ ကားလ်မတ်ကိုမတွေ့ခင်အထိ ရှီကျင်းပင်ဟာပါဝါကိုဆုပ်ကိုင်ထားဦးမှာပဲတဲ့။

တရုတ်ပါဝါခရီးဟာ အလှည့်အပြောင်းနဲ့ အပြိုင်အဆိုင်တွေ ပြင်းထန်လေ့ရှိတယ်။ ဒါကြောင့် အကျပ်အတည်းများစွာ ရင်ဆိုင်နေရတဲ့ ရှီကျင်းပင်အနေနဲ့ ကျန်းမာရေးပြဿနာသာ ကြီးကြီးမားမားမရှိရင် အနာဂတ်ခေါင်းဆောင်မှုအတွက် လက်ရှိ ၄၀ ကျော် ၅၀ တန်းမျိုးဆက်ကို ခုချိန်မှာ ထည့်သွင်း တွက်ချက် နေမယ့်သဘော မတွေ့ရဘူး။ တရုတ်လေ့လာသူတဦးကပြောတယ်၊ ကားလ်မတ်ကို မတွေ့ခင်အထိ ရှီကျင်းပင်ဟာ ပါဝါကို ဆုပ်ကိုင်ထားဦးမှာပဲတဲ့။

About The Call 686 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*