3
ညီလင်းအိမ်
“ဆက်ထုံးများအား ဖြတ်တောက်ခြင်း”
ဒီရုပ်ရှင်ကို ကြည့်ရတော့လည်း ကျနော်စဉ်းစားမိတာက အမျိုးသမီးများရဲ့ အခန်းကဏ္ဍပဲ။ ရုပ်ရှင်က ဘာသာရေးနဲ့ နှီးနွှယ်ရိုက်တဲ့ အကြောင်းအရာဆိုတော့ ပြောရတာတော့ နည်းနည်း ကသီလင်တ ဖြစ်ရတာပေါ့လေ။ ဒီတော့ ကျနော်ခံစားရတဲ့အမြင်ကိုပဲ သီးခြားပြောပါ့ရစေ။ ရုပ်ရှင်က တိဘက်ဒေသမှာရှိတဲ့ လူဝတ်ကြောင်တယောက်ရဲ့ ဘဝအကြောင်း။ ငယ်ရွယ်စဉ်ကတည်းက သာသနာ့ဘောင်ဝင်ခဲ့တယ်။ အရွယ်ရောက်တော့လည်း သုံးနှစ်တိတိ ဂူအောင်တရားထိုင်ခြင်း အမှုကို ကျင့်ကြံပြီးမြောက်ခဲ့လို့ ဘွဲ့အဆင်အယင်တွေနဲ့ ဆောင်နှင်းရရှိပြီးခါမှ အရွယ်ရောက်လာမှုရဲ့ ပြဿနာကို စတင်ကြုံတွေရတဲ့ သံဃာတပါးရဲ့ အကြောင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ရုပ်ရှင်ခံစားသူ ကျနော့်အနေနဲ့တော့ ကိလေသာအနှောင့်အယှက်လို့ မသုံးနိုင်ဘူး။ ကိလေသာအနှောင့်အယှက်ဆိုရမှာ သာသနာ့ဝန်ထမ်းသော ပုဂ္ဂိုလ်တယောက်အဖို့ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးက ဣတ္ထိယနွယ်ဝင်တွေရဲ့ ဆွဲငင်မှုလို့ ဆိုထားတာကိုး။ ဒီတော့ အမျိုးသမီးဆိုတာတွေကပဲ အမျိုးသားတယောက် ကျင့်ကြံပြုမူသော လွတ်မြောက်ရာလမ်းအတွက် အထောက်အပံ့ မဖြစ်စေဘဲ အတားအဆီးပဲ ဖြစ်စေသလား… ကိလေသာအနှောင်အဖွဲ့ပဲ ဖြစ်စေတာသက်သက်လား ဆိုတာကို မေးခွန်းထုတ်စရာတွေ ပေါ်လာတယ်။ ဘာလို့လဲဆိုတော့ အရွယ်ရောက်လာတဲ့ ကျန်းမာပြည့်စုံတဲ့ ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ ဖိုသတ္တဝါတယောက်အဖို့ စိတ်ရဲ့ တပ်မက်မှုကို ထိန်းချုပ်နိုင်စေ ဆိုဦး။
ကျနော်တို့လူသားတွေဟာ လူသားမျိုးဆက်စက်ဝန်းကြီး လည်ပတ်နေဖို့အတွက် ပါဝင်ထမ်းရွက်နေရတဲ့ စက်ယန္တရားများသဖွယ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဖိုမ သတ္တဝါဖြစ်စဉ်မှာ ခြားနားတဲ့ လိင်စိတ်တွေဖြစ်လာအောင် ဖန်တီးပေးထားတယ်။ နောက်ထပ် လူသားမျိုးနွယ်တွေ ဆင့်ကဲပေါက်ဖွားဖို့ ခန္ဓာဖြစ်စဉ်ကို ဆင့်ကဲတည်ဆောက်ထားပါတယ်။ ဒီထဲက ဘုန်းတော်ကြီးခမျာမှာလည်း သုံးနှစ်တိုင်တိုင် တရားဘာဝနာဆောက်တည်မှုအလုပ်ကို ကျောက်ဂူထဲမှာ ကျင့်ကြံလာတဲ့ တိုင်အောင် ပြီးပြည့်စုံလာတဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်ကိုတော့ ထိန်းချုပ်ဖို့ ခဲယဉ်းလာတယ်။
အိပ်ပျော်နေစဉ်မှာ လိင်အင်္ဂါက ထောင်မတ်ပြီး မေထုန်အမှုကို မြင်မက်တာမျိုးတွေ ဖြစ်တယ်။ ပြီးတော့ ဘုရားပွဲနေ့မှာပဲ သားမြတ်ကိုထုတ်ပြီး နို့တိုက်နေတဲ့ မိခင်ငယ်ကို မြင်လိုက်တာကနေ သူ့ခန္ဓာထဲမှာ ရာဂမီးတွေ ပွက်ထလာခဲ့တယ်။ နောက်ဆုံးမှာတော့ အနီးပါးက ရွာထဲမှာ ရှိတဲ့ မိန်းကလေးငယ်တယောက်နဲ့ ဆုံမိခြင်းမှာတော့ အထိန်းအကွပ်မဲ့ ကြမ်းခင်းများကဲ့သို့ ဖြစ်ရပြန်ပါပြီ။ အိပ်မက်တွေက ပိုလို့ အသက်ဝင်လောင်မြိုက်လာတယ် ဆိုကြပါစို့။ သူ ဘာဖြစ်နေတယ်ဆိုတာကို သိတဲ့ ဆရာတော်ဘုရားကြီးတွေက မတားဆီး မပိတ်ပင်ကြ။ ဒီအရာတွေက ကိုယ်တိုင်သာလျှင် ဆင်ခြင်စောင့်ထိန်းနိုင်တဲ့ အသိခိုင်မာမှသာ ငြိမ်းအေးရမယ့် ကိစ္စတွေ မဟုတ်လား။ ဒီတော့ သူ့ဘာသာ အရွယ်ရောက်လာမှုကနေ ဖြစ်လာရတဲ့ ရာဂစိတ်ကြီးထွားလာမှုကို အမျိုးသမီးများကြောင့် ဆိုတဲ့ စကားက လက်ခံဖွယ် နှိုင်းဆမှုတရပ်လို့ သတ်မှတ်နိုင်ဘွယ် မရှိပါဘူး။
နောက်တော့ ဆရာတော်တွေက သူ့ကို တနေရာမှာ သီတင်းသုံးနေတဲ့ ဆရာတော်တပါးဆီကို စေလွှတ်ပါတယ်။ အဲဒီဆရာတော်ကြီးဆီကို ရောက်ရှိသွားတော့ သူ့ကို ဖိုနဲ့မ မေထုံမှီဝဲနေတဲ့ ပုံတွေကို ပြသတယ်။ မြင်မြင်ချင်းမှာတော့ ရာဂစိတ်ဖြစ်စေတဲ့ ပုံမျိုးတွေ ဖြစ်ပေမဲ့ အနီးကပ်ကြည့်လိုက်တဲ့အခါမှာ အရိုးစုများသဖွယ် ပြောင်းလဲသွားတာကို ရှု့မြင်ရတယ်။ သူ့ရဲ့ လှုပ်ခါနေသောစိတ်အဟုန်ကို မြင်သိပြီးသားဖြစ်တဲ့ ဆရာတော်ဘုရားကြီးက လွတ်လပ်စွာ ရွေးချယ်ခိုင်းခြင်းသာ ဖြစ်တယ်။ သို့ပေတဲ့လည်း ရဟန်းပျိုတဦးသာ ဖြစ်တဲ့ သူကတော့ အရိုးစုတွေကို မမြင်နိုင်တော့ အရိုးအပေါ်က ဖုံးနေတဲ့ အသားစိုင်တွေ၊ မေထုံမှီဝဲနေရမှုရဲ့ သာယာမှုအခိုက်အတန့် အလုံးစုံကို ဖော်ပြနေတဲ့ မျက်နှာထားတွေကိုသာ ကြည့်ရင်း ကူးစက်သွားပြီ။
သူရှာခဲ့တဲ့ တရားဓမ္မတွေက အဓိပ္ပါယ်မရှိကြောင်း ပေါက်ကွဲပြီး လူဝတ်လဲလိုက်တော့တယ်။ ယင်းနောက်မှာတော့ ရွာထဲက အမျိုးသမီးနဲ့ပဲ လူသား Process ကြီး ဆင့်လက်လက်ဆင့်ကမ်းဖို့အတွက် ပါဝင်မိခဲ့တယ် ဆိုပါတော့။ ဒါရိုက်တာဖြစ်သူဟာ ဘာသာရေးနှီးနွယ်တဲ့ ဒီရုပ်ရှင်အတွက် စိုးရွံ့နေခြင်း မဖြစ်ဘဲ ဘွင်းဘွင်းရှင်းရှင်းပြပါတယ်။ ဘုန်းကြီးလူထွက်ကလေးနဲ့ သူတပ်မက်စွဲလမ်းသွားတဲ့ အမျိုးသမီးနဲ့ လိင်ကိစ္စမှီဝဲတာတွေ။ သားကလေး တယောက်ရလာတော့ သူရင်းငှားလာလုပ်တဲ့ ကောင်မလေးနဲ့ပါ ဆက်လက်ဖောက်ပြန်မိတာတွေ စလို့ လူသဘောရဲ့ ကူးလူးပြောင်းလဲနေမှုတွေကို ရှိရင်းစွဲ အမြင်ကပဲ ပြခဲ့တယ်။ ငြီးငွေ့စိတ်ကုန်ခြင်း အမြင်ကနေ ကြည့်ရင်တော့ ဒီရဟန်းပျိုကလေးက သာ့သနာဘောင်အတွင်း ရှင်သန်ရမှု ဘဝထက် ခုလို သာယာတပ်မက်ဖွယ် အာရုံငါးပါးခံစားမှုတွေကို ပြည့်ပြည့်ဝဝခံစားရတဲ့ လူ့လောကက ပိုမိုကောင်းမွန်တယ် လို့ ယုံကြည်မိတဲ့အတွက် ဝင်ရောက်ခဲ့တယ်။
တကယ်ပဲ ဝင်ရောက်လိုက်တော့ရော မေထုံမှီဝဲတာ၊ ဒိနောက်ကနေ သွေးသားမျိုးဆက်တွေ ဖြစ်လာ၊ သူတို့ဘဝအတွက် တဖန်ပြန်လည်စောင့်ရှောက်ရဖို့ လုပ်ကိုင်ကျွေးမွေးရတဲ့ နိစ္စဓူဝ ဘဝနေ့ရက်တွေက စိတ်ညစ်ငြူးရဖွယ် လူသားဘဝတွေလို့လည်း မြင်ရဖွယ်ရာ ရှိပါတယ်။ အဲဒီလို ဖြစ်မဖြစ် ဆိုတာကိုတော့ ကျတော်တို့တွေမှာ တိပစွာ မြင်ရတာမျိုးတော့ မရှိပါဘူး။ ဒီဘုန်းကြီးလူထွက် ဇာတ်ကောင်ကနေတဆင့်ပဲ စဉ်းစားရှု့မြင်ရတာ ဖြစ်တယ်။ သို့တစေ အိမ်ကို သူရင်းငှားလာလုပ်တဲ့ မိန်းကလေးငယ်နဲ့ ဖောက်ပြားအပြီးမှာတော့ အိမ်က သားငယ်တဖက်နဲ့ လက်ဆွဲလာတဲ့ ဇနီးငယ်ကို တဖက်ငဲ့လိုက်နဲ့ လောင်မြိုက်အတိပြီးနေတဲ့ သူ့ကိုယ်သူပါ ပြန်မြင်ရင်း စိတ်ညစ်ညူးနေတဲ့ အသွင်ကိုတော့ မြင်လိုက်ရပါတယ်။
ကဲ ဒီရုပ်ရှင်မှာပါတဲ့ အဓိက အမျိုးသမီး ဇာတ်ကောင်နေရာကနေ ကြည့်ကြရအောင်။ သူကျတော့ လူသားမိန်းကလေးပီသစွာပဲ ဒီ ဘုန်းကြီးကလေးကို သာယာစိတ်ဝင်သွားခဲ့တာတော့ မှန်တယ်။ ဒါပေမဲ့လည်း ခုလိုထိ လူဝတ်လဲ ထွက်လာမယ်လို့တော့ မထင်မှတ်တဲ့ပုံ။ အတူနေကူးလူးသွားတဲ့အဆင့်ရောက်တဲ့တိုင်အောင်တောင် တောင်းပန်ခဲ့သေးတာ။ ဒါက ဒီသူ့ချစ်လင်အပေါ် ဖျက်ဆီးဖြားယောင်းလိုတဲ့စိတ်နဲ့လည်း မြူဆွယ်ခဲ့တာလည်း မဟုတ်ဘူးလေ။ အဲဒီတော့ ယင်းသို့သော အမျိုးသမီးငယ်တယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ကိလေသာအနှောင်အဖွဲ့၊ ဖျက်လိုဖျက်ဆီးလုပ်မှု စလို့ ခေါင်းစဉ်တပ်ပြီး ကိလေသာကုန်ခမ်းအောင် ဟောပြောပြသတာမျိုးမှာ အနှိုင်းခံအဖြစ် နှိမ့်ချခွဲခြားပြီး ပြောတာမျိုးဟာ လျော်ကန်တဲ့ အခြေအနေတရပ်လို့တော့ မရှု့မြင်နိုင်ပါဘူး။ Samsara မှာ တိဘက်က လူနေမှုရဲ့ သဘာဝအပေါ်ကိုပဲ မြတ်နိုးကြတာတွေ၊ ရသမျှ ဝမ်းစာနဲ့သာ ရောင့်ရဲကြသူတွေ။ ရိုးရာလူနေမှုကိုသာ အစဉ်တဆက်ထိန်းသိမ်းကြလိုတာမျိုးတွေပါ ချိတ်ငင် ထည့်သွင်းပြသပါတယ်။ အဲဒီမှာ ဒါရိုက်တာက ဘာသာတရားရဲ့အောက်က အမျိုးသမီးများရဲ့ စိတ် အခန်းကဏ္ဍကိုလည်း သိစေအောင် တွေ့မြင်ရတာမျိုးဖြစ်ပါတယ်။
မိန်းမသားအများစုများရဲ့ စိတ်နေသဏ္ဍာန်မှာ မိခင်စိတ်က တပါတည်းပါပြီးသားဖြစ်ကြပါတယ်။ ယင်းစိတ်ရှိနေမှုအရ အတ္တနဲ့ယှဉ်သော ဘဝရွေးချယ်မှုတွေဖြစ်လာတဲ့အခါမှာ မိမိကိုယ်ကိုယ် လွတ်မြောက်သာယာရာလမ်းကို ရွေးချယ်တတ်သူတွေ နည်းပါးကြပါတယ်။ သူတို့ရဲ့ သဘာဝကိုယ်က သနားတတ်လွယ်ခြင်း၊ ယုယကြင်နာခြင်း၊ အသိုက်အမြုံတခုကို ဘဝနဲ့လွယ်ပြီး မွမ်းမံ ခိုင်မာလိုခြင်း စတဲ့ စိတ်နဲ့ တည်ကြတဲ့ မိခင်စိတ်တွေ ရှိကြတာကိုး။ ယောကျာ်းတွေကို ချစ်မြတ်နိုးမိတဲ့အခါမှာလည်း မိခင်စိတ်အရင်းခံကတော့ ပါနေကြတာပါပဲ။ နွေးထွေးမှုပေးချင်တာ၊ အနစ်နာခံပြီး ကြင်နာယုယလိုတာ စတဲ့ မိန်းမသားများဆီမှာပဲ ရာသက်ပန်ခိုင်မာစွာ တွေ့နိုင်တဲ့ စိတ်သဏ္ဍာန်တွေပဲ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ခင်ပွန်းသည်က ဘဝဟောင်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူပြန်ပုံကလည်း ဗုဒ္ဓဝင်ဇာတ်တော်က ဂေါတမဘုရားလောင်း တောထွက်ခါနီး ဇာတ်ကွက်တွေနဲ့ တထပ်တည်းပေါ့။ အိပ်ပျော်နေကြတဲ့ ဇနီးနဲ့သားကို တချက်ကလေးပဲ ကြည့်ပြီး သံသရာကို ဖြတ်နိုင်ရမယ် စိတ်နဲ့ တောမြိုင်ခရီးထဲဆီကို ရင်ကော့ထွက်ခွာခဲ့တာပဲလေ။ ယသော်ဓရာ နဲ့ သားတော်ရာဟုလာကိုတော့ လူဘောင်ထဲမှာပဲ နေရစ်တော့ပေါ့။
သူဟာ သင်္ကန်းဝတ်နဲ့ပဲ ဘုန်းကြီးကျောင်းကို ပြန်လည်ခရီးနှင်ချိန်မှာတော့ ဇနီးသည်က ကြေကွဲနာကျင်နေတဲ့ မျက်နှာနဲ့ ရှေ့ကနေ စောင့်ကြိုနေပါတယ်။ သူမကလည်း တိုက်ဆိုင်စွာပဲ ဂေါတမ လောင်းလျာမင်းသားရဲ့ တောထွက်ခန်းကိုပဲ ပြောတယ်။ ဂေါတမ လောင်းလျာဟာ ပန်းပွင့်များထက်က ဝတ်ဆံဖွာကလေးလို လွတ်လပ်စွာနဲ့ လွတ်မြောက်ရာကို ပျံဝဲခဲ့တာ ဟုတ်ရဲ့လား။ လွတ်မြောက်ဖို့ စွန့်လွှတ်ရခြင်းရဲ့ အခြားတဖက်မှာ နင်းချေခြင်းဆိုတာကို နားမလည်နိုင်တော့ဘူးလား။ သူ့အနေနဲ့ တလောကလုံးကို အလင်းပြဖို့ အရာရာကို ထားရစ်ပြီး လွတ်မြောက်ရာကျင့်စဉ်ကို အားထုတ်ခဲ့တာမှန်ပေမဲ့ သူ့လွတ်မြောက်ဖို့ သူကိုယ်တိုင်ပြုလုပ်မိခဲ့တဲ့ အတောင်ပံများဖြစ်ဖြစ်၊ လှောင်အိမ်များလို့ပဲ ဆိုစေ အထောက်အပံ့ဖြစ်စေခဲ့သူကို နင်းဖြတ်ပြီးမှ ထွက်ခွာခဲ့တာက နာကျင်ကျန်ခဲ့ရသူတွေအတွက်ရော ဒီ သျှင်တော်ဂေါတမက အနှိုင်းမဲ့ဆရာသခင်၊ အနှိုင်းမဲ့ကိုးကွယ်ရာလို့ ဘဝင်ဂ်တခုလုံးက ဩဘာပေးခံခဲ့ရပေမဲ့ လင်ကို ချစ်မက်စိတ် တမ်းတစိတ်နဲ့ ရင်ကွဲပက်လက်ဖြစ်ပြီး ကျန်ရစ်ခဲ့ရသူ အမျိုးသမီး ယသော်ဓရာနဲ့ သားတော်ကလေးတို့ရဲ့ နာကျင်ခံစားခဲ့ရမှုတွေ၊ အခြားတဖက်က အနှောင်အဖွဲ့သက်သက်များသာ အဖြစ်ပဲ လူ့သမိုင်းကိုးကွယ်ရာ တလျှောက်လုံး ခိုင်းနှိုင်းကျန်ရစ်ခဲ့ရတဲ့ အခြေအနေမျိုးကိုတော့ ဘယ်သူမှ မစဉ်းစားခဲ့ကြဘူး။ ဘာလို့ဆိုတော့ ရှင်တို့တွေက အောင်နိုင်သူ ပုရိသတွေ ဖြစ်နေကြလို့ပဲတဲ့။ ယသော်ဓရာ ကျမကတော့ ရင်နဲ့လွယ်မွေးရတဲ့ သားကလေးကို ထားရစ်ပြီး ဘယ်တော့မှ ထွက်ခွာနိုင်မှာ မဟုတ်ဘူးတဲ့။
ခံစားသူကျနော့်မှာ ရုပ်ရှင်ပြီးသွားတော့ ထုံးစံအတိုင်း ငူငူငေါင်ငေါင်နဲ့ပဲ ကျန်ရစ်ခဲ့ရ။
ရုပ်ရှင်ရည်ညွှန်း- Samsara Movie ( 2001 )
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
