0
ကိန်း (ခရမ်း)
‘ဆင်ခြေဖုံးရပ်ကွက်ထဲက ငါ့သူငယ်ချင်း’

ဒီကောင်က ကြောင်တောင်တောင်ကောင်
အိမ်ကပေးတဲ့ ကျောင်းမုန့်ဖိုး တစ်ရာတန်အပြဲကလေးကို
ဘိန်းမုန့်ကြီးကြီး ဝယ်စားချင်တဲ့ကောင်၊
ဒီကောင်က ငကြောက်
မြို့မကကောင်တွေနဲ့ကျောင်းကြီးက ကောင်တွေချတော့
သူများလက်သီးကြား
ခေါင်းငုံ့ပြီး အထိုးခံနေကျ
အော်ငိုပြီး အိမ်ပြန်နေကျ ကောင်၊
ဒီကောင်က ဝမ်းနည်းတတ်တယ်
အထက်တန်းရောက်လို့ သူငယ်ချင်းတွေ အတန်းမတူကြတော့
စာသင်ခုံမှာထိုင်ဆွေးပြီး
အခန်းပြောင်းချင်တယ်လို့
ဆရာမရှေ့ တကိုယ်တော်ဆန္ဒပြတတ်တဲ့ကောင်၊
ကျောင်းဆင်းလို့ အိမ်ရောက်ရင်
သူ့အမေရဲ့ အသုပ်ဆိုင်မှာ
ပန်းကန်ထဲ ဟင်းခါးတွေဖြည့်
ခုံတွေသုတ်
အသွားပြန် ၁နာရီလောက်ဝေးတဲ့ မုန့်ဖိုကို
မုန့်ဖက်ကုန်ရင် ကုန်းကြောင်းသွားဝယ်သေးတယ်၊
စစ်အာဏာသိမ်းတော့
ဒီကောင်က လူပျိုဝင်စကို ကျော်လွန်တဲ့အရွယ်
ဆန္ဒပြပွဲတွေရှေ့ ဒိုင်းကာကြီးကိုင်ပြီး
Tigrealလိုလို ဘာလိုလို
ဘောင်းဘီတိုမှာ အပေါက်တွေ
အကျီမှာ ပါတဲ့စာတန်းက ဂျီအက်…တဲ့
သူ့အဖေရဲ့ဆောက်လုပ်ရေးဦးထုပ်ကြီးဆောင်းလို့
ဒီမိုကရေစီကို ပြန်တောင်းသတဲ့လေ၊
ဒီမိုကရေစီ အသာထား
ရော်ဘာကျည်ရာ ဗလပွ
ခြေထောက်လေး ထော့နဲ့ထော့နဲ့ နဲ့
ဆင်ခြေဖုံးရပ်ကွက်ငယ်ထဲက အိမ်ကလေးဆီ
အမောတကော သုတ်ခြေတင်ခဲ့ပေါ့၊
မြို့ကလေးမှာ ယမ်းနံ့တွေ
လွတ်လပ်ခြင်းတွေကို ယမ်းငွေ့တွေငုံလိုက်တော့
တခါတလေ
မြို့ကလေးရဲ့ရင်အုံတည့်တည့်မှာ
ပေါက်ကွဲသံအစုံ တုန်ခါနေသတဲ့၊
ဒီကောင်က မိုက်ရူးရဲဆန်တယ်
လက်နက်ကိုင်လမ်းစဥ်ကို
မိသားစုဆန္ဒခံယူပွဲမလုပ်ပဲ ရွေးသွားတယ်၊
ဒီကောင်
ပေါင်ချိန် ၁၂၀နဲ့ နိုင်ငံကို နိုင်သလောက်ဝင်ထမ်းမဲ့ကောင်
အိမ်ကို စစ်တပ်လာဝိုင်းသွားတာ သူမသိဘူး
သူ့အကို စစ်တပ်ကဖမ်းသွားတာလဲ သူမသိဘူး
သူ့အဖေ ကင်ဆာရောဂါနဲ့ဆုံးတာ သူမသိလိုက်ဘူး
သူ့အမေရဲ့ အသုပ်ဆိုင်လေးပိတ်လိုက်တာ မသိရှာဘူး
အိမ်ဘေးကအရက်သမား ဥက္ကဋ္ဌဖြစ်တာ
တရပ်ကွက်ထဲသူငယ်ချင်း စစ်တပ်ထဲဝင်တာ
ကျောင်းနားပြီး သူ့ညီမလေး အထည်ချုပ်ဆင်းတာ
သူ ဘာဆိုဘာမှ မသိဘူး၊
၅နာရီ PTထပြေးမယ်
သစ်သားသေနတ်လေးကို စကုတ်တပ်မယ်
မျှစ်ပြုတ်နဲ့ ထမင်းတုတ်မယ်
ရေကြဲကြဲထဲ
စူပါကော်ဖီတစ်ထုပ်ထည့်ဖျော်ပြီး
ငါးယောက် ဝိုင်းဖွဲ့သောက်မယ်
ဒီကောင်က နေသားကျလို့ပေါ့၊
မိုဘိုင်းလိ့ဂျန့်ဟီးရိုးတွေ ဒီကောင်မမှတ်မိတော့ဘူး
အဲ့ဒီမြေမှာ အင်တာနက်ဆိုတာ မရှိဘူး
စည်းကမ်းဖောက်ရင်
ခြောက်ပေါက်ကို စောင့်ရှောက်ရသတဲ့၊
ငှက်ဖျားဆိုတာ
ငယ်ချစ်ဦးလို ရင်းနှီးသတဲ့
တောင်ထန်းမိုး ကြမ်းခင်းထဲ ဝါးလုံးတွေဆီပုခတ်ချည်ရင်း
သူ့မှာ အိမ်ကိုလွမ်းနေရတယ်တဲ့၊
မင်းတို့အိမ်ဘေးက အရက်သမားဥက္ကဋ္ဌဖြစ်ပြီးတော့
စစ်မှုထမ်းအတွက် ပိုက်ဆံတွေကောက်ပြီး ပြေလည်နေတယ်ပြောတော့
သူခွက်ထိုးခွက်လန် ရယ်တယ်
မင်းအကို ဆိုက္ကားနင်းနေတယ်
အထည်ချုပ်က မင်းညီမလေး လစာကောင်းတယ်
မင်း အမေဆုံးပြီလို့ ပြောတော့
ဒီကောင် ငိုကြီးချက်မနဲ့ ငိုတယ်၊
ငါ့သူငယ်ချင်းရေ…
ဆင်ခြေဖုံးရပ်ကွက်လေးထဲက လက်တွေဟာ
နိုင်ငံကို ဘယ်လောက်ထမ်းပေးနိုင်ကြောင်း
အမှန်တရားကို
မူးယစ်ဆေးလို စွဲမြဲတတ်ကြောင်း
အသံတိတ်တိတ် မင်းပြောပြနေတာပဲ
ကမ္ဘာဟာ အမှန်တကယ်လည်နေတာဆိုရင်
ခေါင်းသုတ်ငှက်တွေရဲ့အသံဟာ ချိုလာအုံးမှာပါ သူငယ်ချင်း။
June 19th 2025