ဆိုင်ဂုံရီဗျူး

by The Call
‘ဆိုင်ဂုံရီဗျူး’
◼️ထွင်
မြန်မာ့နွေဦးတော်လှန်ရေးကာလ ရှည်ကြာလာသည့်အခါ တော်လှန်ရေးသမားတချို့ တော်လှန်ရေးကို ငြီးငွေ့လာကြလိမ့်မည်ထင်သည်။ တော်လှန်ရေးခရီးက ရှေ့မရောက်နိုင်သလိုလို၊ တော်လှန်ရေးအောင်မြင်ဖို့ လမ်းစမမြင်နိုင်ဘူးလိုလိုနှင့် စိတ်ဓာတ်ကျပြီး တော်လှန်ရေးလောကထဲက ထွက်သွားကြသည့် တချို့ကို တွေ့နေရပါသည်။ အဲ့သည်လို လုပ်ရပ်ကို ကျွန်ုပ် အားမပေးပါ။ အဲ့သည်လုပ်ရပ်ဟာ ရန်သူကို လက်မြှောက်အရှုံးပေးရာ ကျပါသည်။ ကျဆုံးခဲ့ပြီးသော ရဲဘော်ရဲဘက်များအပေါ် မစာနာရာ ကျပါသည်။ လူမပီသ၊ တော်လှန်ရေးသမား မပီသပါ။ မည်သူမဆို ကြိုးစားအားထုတ်မှုတွေ အရာမထင်သည့်အခါ အရှုံးပေးချင်ချင်ဖြစ်တတ်တာ ဓမ္မတာပါပဲ။ သည်လို ခံစားလာရသည့်အခါ အရင်ဆုံး ငွေတာရီ၏ ကဗျာလေးကို ရွတ်ဆိုပြီး အားပြန်မွေးကြဖို့ အကြံပေးချင်ပါသည်။
ထိပ်ဆုံးသို့
***
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တတောင်ဆုံးပြန်တော့
တလုံးကျန်ပြန်ပေသမို့
အဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
လက်လျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး။
မာလာငွေ ကန်ရေအေးငယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား။
ပြီးလျှင် တော်လှန်ရေးသမားများ တော်လှန်ရေးကို လက်လျှော့ချင်စိတ်မရှိဘဲ အားသစ်အင်သစ် ဖြစ်စေမည့် Novel ကြီးတအုပ်ကိုလည်း ညွှန်းချင်ပါသေးသည်။ အဲဒါက ANTHONY GREY ၏ SAIGON အမည်ရှိ တော်လှန်ရေး ဝတ္ထုရှည်ကြီးပဲ ဖြစ်ပါသည်။ ဆရာမောင်ထွန်းသူ ခုနှစ်လကြာအောင် ဘာသာပြန်ထားသော စာအုပ်ထူကြီးပါ။ စာမျက်နှာ ၁၁၀၀ နီးပါး ရှည်လျားလှပါသည်။
ငွေတာရီ၏ ကဗျာထဲကလို တော်လှန်ရေးခရီးရှည်ကြီးကို လျှောက်လှမ်းရာမှာ ပင်ပန်းမှုများဖြေလျှော့ဖို့အတွက် ရက်ရှည်အနားယူလိုက်ပါ။ သည့်အပြင် တချို့တော်လှန်ရေးသမားများကတော့ ခြေလက်အင်္ဂါများစွာ ပေးဆပ် စွန့်လွှတ်ထားပြီးနောက် တော်လှန်ရေးကို ဆက်မလုပ်နိုင်သည့်အခါ၊ ဆေးကုသမှု ခံယူနေသည့်အခါမျိုးမှာ အချိန်ကိုလည်း အလဟဿ မဖြစ်စေဘဲ တော်လှန်ရေးကိုလည်း ဆထက်ထမ်းပိုး ကြိုးစားချင်လာမည့်စိတ်များ တဖွားဖွား ပေါ်လာစေမည့် စာအုပ်ကို ညွှန်းပါဆိုလျှင် ဆိုင်ဂုံဟာ အကောင်းဆုံး စာအုပ်လို့ ညွှန်းချင်ပါသည်။
သည်စာအုပ်ကို ဖတ်ရင်း မဆုတ်မနစ်သော ဇွဲစိတ်ဓာတ်များ ထက်သန်လာစေနိုင်ပါသည်။ အဘယ်ကြောင့်မူ သည်စာအုပ်ကို ဖတ်ရင်းနှင့် ဖတ်ပြီးချိန်မှာ စာအုပ်ထဲက အကြောင်းအရာနှင့် မြန်မာနိုင်ငံအခြေအနေကိုရော နွေဦးတော်လှန်ရေးကိုပါ ချိန်ထိုးနှိုင်းဆ ကြည့်နေမိပါလိမ့်မည်။
သူတို့နိုင်ငံထက်စာလျှင် ငါတို့နိုင်ငံက မဆိုးသေးဘူး၊ သူတို့တော်လှန်ရေးကြိုးပမ်းချက်များနှင့်စာလျှင် ငါတို့ကြိုးပမ်းချက်များက ဘာမှ မဟုတ်သေးပါဘူး၊ သူတို့ပင်ပန်းမှုနှင့်စာလျှင် ငါတို့ပင်ပန်းမှုက ဘာမှ မဟုတ်သေးပါဘူး၊ သူတို့ အနစ်နာခံ ပေးဆပ်မှုနှင့်စာလျှင် ငါတို့အနစ်နာခံပေးဆပ်မှုက ဘာမှ မဟုတ်သေးပါဘူး ဆိုတာကို ရိပ်မိသိရှိလာပါလိမ့်မည်။
ဆိုင်ဂုံ ဆိုတာ ရှေးယခင်က နမ်ဗီယက် ဟု ခေါ်တွင်ခဲ့သည့် ဗီယက်နမ်နိုင်ငံ၏ မြို့တော်တခုပါ။ ဗီယက်နမ်နိုင်ငံ၏ တော်လှန်ရေးစာအုပ်ကြီးပေါ့။ ဗီယက်နမ်နိုင်ငံ၏ သမိုင်းကို သိလိုက်ရမည်ဆိုလျှင် ဗီယက်နမ်နိုင်ငံ၏ အခြေအနေဟာ အလွန့်အလွန်ကို ဆိုးရွားခဲ့တာ သိရပါလိမ့်မည်။ ဗီယက်နမ်နိုင်ငံသည် ခရစ်တော်ပေါ်စအချိန်ကတည်းက တရုတ်နိုင်ငံ ဟန်မင်းဆက်၏ ဘုရင်ဖြစ်သော ဝူတိုင်းဘုရင်က တိုက်ခိုက်သိမ်းယူခဲ့ရာမှစပြီး တရုတ်တို့၏ လက်အောက်ကို ကျရောက်ခဲ့ပါသည်တဲ့။
တရုတ်လက်အောက်သို့ ကျရောက်နေသည်မှာ ရာစုပေါင်း (၁၁) ရာစု ကြာမြင့်ခဲ့သည်တဲ့။ ဆိုတော့ဖြင့် နှစ်ပေါင်း (၁၁၀၀) နီးပါး ကြာမြင့်ခဲ့ခြင်းပါ။ သူများနိုင်ငံလက်အောက် ကျရောက်ခဲ့သည်မှာ သည်လောက်ကြာမြင့်ခဲ့သည်ဆိုလျှင် ဗီယက်နမ်နိုင်ငံ၏ အခြေအနေမှာ ဘယ်လောက်ဆိုးရွားသလဲဆိုသည်ကို တွေးကြည့်နိုင်ပါသည်။
ဗီယက်နမ်နိုင်ငံ၏ ဆိုးရွားသည့်အခြေအနေမှာ သည်လောက်လည်း မဟုတ်သေးပြန်ပါ။ တရုတ်တို့ လက်အောက်ကနေ လွတ်မြောက်ပြီးလျှင် ပြင်သစ်လက်အောက် ကျရောက်ပြန်သေးသည်။ ပြင်သစ်လက်အောက်ပြီးလျှင် ဂျပန့်လက်အောက် ကျရောက်ပြန်သည်။ ပြီးလျှင် ပြင်သစ်တို့က ဗြိတိသျှတို့၏ အကူအညီနှင့် တဖန်ပြန်လည် သိမ်းယူခဲ့ပြန်သည်။ ဆိုတော့ဖြင့် ​ဗီယက်နမ်နိုင်ငံလေးသည် အကြိမ်ကြိမ်အခါခါ သူတပါးနိုင်ငံလက်အောက်သို့ ကျရောက်ခံရသည်။ ထိုသို့ ကျရောက်သည့်အတွက် ဗီယက်နမ်နိုင်ငံသားများမှာ ခြေကုန်လက်ပန်း ကျရမည့်အခြေအနေမျိုးဖြစ်သည်။
သို့ပါသော်လည်း ဗီယက်နမ်လူမျိုးတို့သည် နိုင်ငံလွတ်မြောက်ရေးအတွက် ခြေကုန်လက်ပန်း ကျခဲ့တာမျိုး မဖြစ်ခဲ့ကြပါဘူးတဲ့။ တရုတ်တို့၏ (၁၁) ရာစုနီးပါး အုပ်ချုပ်ခံနေရချိန်မှာလည်း နိုင်ငံလွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြပါသတဲ့။ အကြိမ်ကြိမ် ကျရှုံးခဲ့ပေမယ့်လည်း လက်မလျှော့ဘဲ ဆက်ဆက် ဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြပါသတဲ့။ နောက်ဆုံး တရုတ်တို့လက်အောက်ကနေ လွတ်မြောက်ခဲ့သည်ပဲ။
ဒါတင်မက ပြင်သစ်တို့ လက်အောက် ကျရောက်တော့လည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသေးသည်။ ဂျပန်လက်အောက် ကျရောက်တော့လည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ တဖန် ပြင်သစ်တို့က ဗြိတိသျှတို့အကူအညီနှင့် ပြန်လည် သိမ်းပိုက်တော့လည်း ပြင်သစ်တို့နှင့် ဗြိတိသျှတို့ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသည်။ သည့်အပြင် နိုင်ငံဟာလည်း နှစ်ပိုင်း အပိုင်းခံလိုက်ရသေးသည်။ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် တိုက်ခိုက်ခဲ့ကြရပြန်သေးသည်။ (သည်တော့ ကျွန်ုပ်သည် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော စကားကို ပြေးသတိရသည်။
”ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေကို နှိမ်ချင်ကြတယ်။” မှန်ပါသည်။
ဆင်းရဲသော ကျွန်ုပ်တို့ မြန်မာနိုင်ငံသည်လည်း အမြဲလိုလို အနှိမ်ခံနေရသည်။ အနိုင်ကျင့် ခံနေရသည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ အနိုင်ကျင့်ခံရခြင်းကိုပင်။ တရုတ်သည် ယုတ်မာပက်စက်စွာပင် ဗီယက်နမ်နိုင်ငံလေးကို နှစ်ပေါင်း ထောင့်တရာဝန်းကျင် သိမ်းပိုက်ခဲ့သည်ပဲ။ ယုတ်မာချက်။ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အာဏာသိမ်းစစ်တပ်ဘက်က ပါပြီး လက်နက်အကူအညီတွေ ပေးနေသေးသည်။ မြန်မာ့မြေကိုလည်း ငမ်းငမ်းတက် သွားရည်ကျနေသည်။) သည့်အတွက် အသက်ပေါင်း မရေမတွက်နိုင်လောက်အောင် ဆုံးရှုံးခဲ့ရသည်။ ပေးဆပ်ခဲ့ရသည်။ တိုက်တာအိုးအိမ်များစွာ ဗုံးဒဏ်အောက် ပြားပြားပိခဲ့ရသည်။ ပြည်သူပေါင်းများစွာ မရေမတွက်နိုင်လောက်အောင် ကွယ်လွန်ခဲ့ရသည်။
အဲ့သည်လို နိုင်ငံလွတ်လပ်ရေးအတွက် အပတ်တကုတ် ကြိုးပမ်းသူထဲတွင် ဒေါင်ဗန်လတ်လို လူစားကို ကျွန်ုပ် မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရသည်။ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန် သူ၏ ပြင်းထန်သည့် လိင်စိတ်က အနှောင့်အယှက် ဖြစ်သည်ဆိုပြီး ကိုယ်တိုင် သင်းကွပ်ပစ်ခဲ့သည်တဲ့။ ထိုသို့ ပေးဆပ်ခဲ့သည့်အတွက် နိုင်ငံဟာလည်း လွတ်လပ်ရေး ရခဲ့ပါသေးသည်။ သို့ပါသော်လည်း ရန်သူက ဒေါင်ဗန်လတ်ကို လွှတ်မပေးဘဲ အသေသတ်ပစ်ခဲ့သည်။ သည့်အပြင် အင်အားကြီးနိုင်ငံသားဖြစ်သော ဂျိုးဇက်ရှားမင်း ဆိုသည့်သူကိုလည်း ကျွန်ုပ် လေးစားပါသည်။ သူသည် အင်အားကြီးနိုင်ငံဖြစ်တိုင်း အင်အားနည်း နိုင်ငံလေးတွေအပေါ် အနိုင်ကျင့်ဖိနှိပ်သည့် လုပ်ရပ်ကို အားမပေးပါ။ (ဒေါ်အောင်ဆန်းစုကြည်နှင့် စိတ်ဓာတ်တူသည်။) သည့်ကြောင့် ဗီယက်နမ်နိုင်ငံလေးအပေါ် နှိမ်သည့် မိမိနိုင်ငံကိုပင် အာခံခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ဤမျှ နိုင်ငံများစွာ၏ အုပ်ချုပ်မှုကို ခံခဲ့ရသည့်အတွက် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သည့် အကြိမ်ရေကလည်း မရေမတွက်နိုင်လောက်အောင် များပြားပေလိမ့်မည်။ နှစ်ကာလ ရှည်လျားစွာ တိုက်ခိုက်ကြရပေလိမ့်သည်။ သည့်ကြောင့် စာအုပ်ကြီးက ထူထဲရခြင်းဖြစ်သည်။
နောက်ဆုံးမှာတော့ ဗီယက်နမ်နိုင်ငံဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသွားခဲ့ပြီး ယခုဆို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ကမ္ဘာအလယ် ဝင့်ထည်နေပါပြီ။ ယခုလို ရပ်တည်နိုင်ရခြင်းမှာ တော်လှန်ရေး ကာလအတွင်း ဟိုချီမင်းလို လူစားမျိုး ပေါ်ထွန်းလာခဲ့ရသောကြောင့်ဟု ဆိုနိုင်ပါသည်။ ဟိုချီမင်း ပေါ်ပေါက်လာသောကြောင့်သာ ဗီယက်နမ်နိုင်ငံသည် ကံကောင်းစွာ ကမ္ဘာ့အလယ်မှာ ဝင့်ထည်ရခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ယခုချိန်အထိ သူတပါးနိုင်ငံလက်အောက် ကျရောက်နေဦးမည်လား မဆိုနိုင်ပါ။
ကျွန်ုပ်ကတော့ ဆိုင်ဂုံဝတ္ထုရှည်ကြီးကို ဖတ်ရင်း ဗီယက်နမ်နိုင်ငံ၏ အခြေအနေနှင့် မြန်မာနိုင်ငံအခြေအနေကို နှိုင်းဆကြည့်နေမိပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ (၁၁) ရာစုနီးပါး သူတပါးနိုင်ငံလက်အောက် ကျရောက်ခဲ့သော ဗီယက်နမ်နိုင်ငံ၏ အခြေအနေနှင့်စာလျှင် ဘာမျှ မပြောပလောက်ပါ။
မြန်မာနိုင်ငံသည်လည်း (1885) ခုနှစ်မှာ ဗြိတိသျှတို့နှင့် ဂျပန်တို့လက်အောက်သို့ ကျရောက်ခဲ့သည်။ နှစ်ပေါင်း (60) ကျော်ရုံသာ ကျရောက်ခဲ့ရသဖြင့် (၁) ရာစုပင် မရှိပါ။ နောက်ဆုံးမှာတော့ ဟိုချီမင်းလို လူစားမျိုးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ပေါ်ပေါက်ခဲ့သဖြင့် မြန်မာနိုင်ငံသည် ကံကောင်းစွာ (1948) တွင် လွတ်လပ်ရေး ရခဲ့သည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံသည် ယခုအခြေအနေအထိ ဗြိတိသျှ(အင်္ဂလိပ်)တို့လက်အောက် ကျရောက်နေမလား မဆိုနိုင်ပါ။
သို့ပါသော်လည်း မြန်မာနိုင်ငံသည် ကံဆိုးမှုနှင့် ကြုံခဲ့ရပါသည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဗိုလ်နေဝင်းက အာဏာသိမ်းခဲ့သည်။ ဗီယက်နမ်သည် သူတပါးနိုင်ငံများက အဆင့်ဆင့် အုပ်ချုပ်​ခြင်းကို ခံခဲ့ရသလို မြန်မာနိုင်ငံကတော့ စစ်အာဏာရှင်များ အဆင့်ဆင့် လက်ဆင့်ကမ်း အုပ်ချုပ် လာခဲ့ကြရာ မြန်မာပြည်သူများသည် ယခုအချိန်အထိ စစ်ကျွန်လက်အောက် ကျရောက်နေရဆဲ ဖြစ်သည်။ ဒီမိုကရေစီအုပ်ချုပ်ခွင့် မရနိုင်သေး။ ကိုယ့်လူမျိုးကို ကိုယ့်နိုင်ငံသားကပဲ အဓမ္မ အုပ်ချုပ်ခံနေရသည်မှာ ရှက်ဖွယ်ကောင်းလှသည်။ စစ်ကျွန်လက်အောက် လွတ်မြောက်ဖို့အတွက် ပြည်တွင်းစစ်ကြီး ဖြစ်နေဆဲ ဖြစ်သည်။ ကိုယ့်လူမျိုး၏ အဓမ္မအုပ်ချုပ်ခံရမှုကနေ လွတ်မြောက်ဖို့အတွက် ကြိုးစားရခြင်းသည် သူတပါးနိုင်ငံ၏ အုပ်ချုပ်မှုကနေ လွတ်မြောက်အောင် ကြိုးစားရခြင်းလောက် မခက်ခဲပါ။ သို့ပါသော်လည်း လွတ်မြောက်အောင် မကြိုးစားနိုင် ဖြစ်နေသည်မှာ ရှက်ဖွယ်လိလိဖြစ်သည်။
ယခုလို မအောင်မြင်ရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့သောကြောင့်ပင်။ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေသေးလျှင် ဗိုလ်နေဝင်းလည်း စစ်အာဏာသိမ်းရဲလိမ့်မည်မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ မခံလိုက်ရလျှင် ဟိုချီမင်းကဲ့သို့ တိုင်းပြည်ကောင်းကျိုးကို ဆထက်ထမ်းပိုး လုပ်ဆောင်နိုင်မည်မှာ အသေအချာပင်။ ဆိုင်ဂုံနိုဗယ်လ်ကြီးကို ဖတ်အပြီး ဟိုချီမင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးနိုင်သော သူရဲကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
***

Related Posts

Leave a Comment