ညီလေးတယောက်ကပြောတယ်

by The Call
60 views
◼️ဆူးရစ်နွယ်
လွတ်လပ်လမ်းကို
ကျနော့်အသားစတွေနဲ့ ခင်းမယ်
လွတ်လပ်အလံတော်ကို
ကျနော့်သွေးနဲ့ အရောင်ခြယ်မယ်
မင်းကဘာဖြစ်ချင်သလဲဆိုတော့
ကြယ်ဖြူဖြူလေးပါပဲတဲ့။
နေ့တိုင်းပဲ ကျောပိုးအိတ်ထဲမှာ
ဒီမိုကရေစီတွေအပြည့်ထည့်
အိမ်ပြန်မှချစီးမယ့် ရာဘာဖိနပ်ကလေးတရံ
အရမ်းမုန်းတဲ့ စခန်းကုန်းတွေကို
တကုန်းပြီးတကုန်းကျော်
ပြုံးနေတဲ့အပျော်တွေက
ကျနော့်ရဲ့ ၁၂လရာသီ ရိက္ခာခြောက်တွေပေါ့။
အကိုသိလား
ဒိုင်ဗင်ထိုးချလို့မရတဲ့ ပင်လယ်တခုအကြောင်း
နာကျည်းညည်းညူသံတွေရဲ့ အဆုံး
စစ်သီချင်းတပုဒ်ကို
ပင်လယ်ထံ ဆိုပြမယ်
ပဲ့တင်လာတဲ့အသံဟာ
ငြိမ်းချမ်းရေးလို့ မြည်ဟီးတယ်။
အကိုသိလား
ရိုးရိုးသားသားလှီးချထားတဲ့ လိုအင်တွေ
အမှန်တရားကို တည့်တည့်မှန်မယ့် ကျည်ဆံတွေ
ကျနော့်လဘက်ရည်ခွက်ထဲကို
ဘယ်သူ သကြားခတ်သွားတာလဲ
အဝီစိထျိကသြှားပါစေ
စိမ့်လွန်းတဲ့ဘဝတွေ
အကိုသိလား
ယုံကြည်ရာကို မီးနဲ့ရှို့လို့မရဘူး
ယုံကြည်ရာတွေမှာ ငွေတန်ဖိုး အခေါက်ရွေှစျေးတွေ မရှိဘူး
လူတယောက်ဟာ
သူနေထိုင်ရာ နိုင်ငံတခုကို စိတ်ကူန်သွားတဲ့အခါ
ကျွန်ဖြစ်မယ့်အရေးကိုလည်း
လက်ပိုက်ကြည့်နေကြမှာပဲ
အကိုသိလား
မနေနိုင်သူ ကြယ်ကလေးရဲ့
တေးသံကို
အကိုကြားရသေးလား
မိခင်တယောက်ရဲ့ ဆုတောင်းသံတွေ
တောင်တန်းတွေ တောအုပ်တွေ မြစ်ပြင်တွေ
ကျော်ဖြတ်ပြီး
ကျနော်တို့ဆီ စစ်ကူလာနေပြီ။
နိုင်ငံတော်မြေပုံလို အမာရွတ်လေးဟာ
မှတ်ပုံတင်ထဲက ထင်ရှားတဲ့အမှတ်သားပဲ
သွေးအမျိုးစားကိုမေးလာရင်
ကျနော် ဖြေရအုံးမလား။
အကိုရေ
ကဗျာရေးသူတယောက်ဟာ
သူရေးလိုက်တဲ့ကဗျာလို
သူ့ဘဝကိုနေထိုင်ခဲ့တယ် ဆိုပါစို့
အဲ့ဒါ
ကဗျာဆရာမဟုတ်ဘူး
တော်လှန်ရေးသမားပဲ ။ ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment