‘တကိုယ်ရည်စာယားယံမှုကိုကုတ်ခြစ်ဖို့ မဆုံသောလမ်းမှာ’
ထူးထက်
ကိုယ်စီရွေးချယ်မှုတွေပါပဲ အားလုံးဟာ
ဖြစ်နေတဲ့အခြေအနေတွေကို အားလုံးလည်းသိခဲ့ပြီးမှ
ဆက်ပြီးပြောစရာမလိုတော့တာမျိုး
မနက်ဖြန်ရှိချင်ရှိမယ် ရှိချင်မှလည်းရှိမယ်
မရေရာမှုတွေကိုပဲ နေ့စဥ်ဝါးမြိုနေလိုက်ကြပုံများ
လက်ကျန်အသက်ဟာ ဖွဲကြမ်းများလို
ကပ်ကာလမှာ လူ့တန်ဘိုးဟာ ထက်ဝက်ကျတော့
စစ်ပွဲတွေမှာရော ဘယ်လောက်ကျမလည်း
နောင်တအကြောင်းကိုဖွဲ့နွဲ့ဖို့
ဘယ်နှခါများပျောက်ဆုံးရမလည်း
အရှိတရားပါပဲ အားလုံးဟာ
ပြန်မြင်အောင်ကြည့်လည်း မမြင်ရတော့တဲ့မှန်ကို
မှုန်ဝါးမှုပြကွက်တစ်ခုခြင်းစီအတွက်
ကြေးမုံလို့ခေါ်သလား
ကိုယ်သေချာမသိဘူး
မသေချာမှုတွေပဲ အားလုံးဟာ
အော်ဟစ်ဆဲရေးတတ်ဖို့ ပတ်ဝန်းကျင်လိုတယ်
အဝိုင်းခံထားရတဲ့ထင်ယောင်မှားမှုတစ်ခုခြင်းစီကို
မလှုပ်နဲ့ လို့ အော်ဟစ်ခြိမ်းခြောက်လည်း
သိစိတ်နက်နက်ထဲကိုစိုက်လာမယ့်လက်သည်းရှည်ရှည်တွေ
ဆဲလိုက် ဖွင့်ဟလိုက် ဒါမှမဟုတ်လည်း
အုတ်ခဲကျိုးပိုင်းတစ်ခုကိုင်ထားလိုက်
မေတ္တာပို့အမျှဝေလိုက် ပရိတ်တွေရွတ်လိုက် ဒါမှမဟုတ်လည်း ထိုင်ကန်တော့လိုက်
ဘယ်လိုယုံကြည်မှုတွေလည်း ကိုယ်တို့ဟာ
တစ်ခုခုကိုမှမယုံကြည်ခဲ့ရင်
လူ့အဖြစ်ကနေလျော့ကျတော့မှာလို့သိနေလည်း
ပတ်ဝန်းကျင်ကို တစ်ရက်မှ အလျော့မပေးခဲ့
အံကြိတ်ခေါင်းမာမှုနဲ့ပဲ
အသက်ဆက်ခဲ့တဲ့နေ့တွေညတွေမှာ
ကိုယ့်ရဲ့သိမ်ငယ်မှုအတိုင်းအတာက
ကိုယ်မသိမှိလိုက်ခင်ပဲ
ကိုယ့်ကို အရှင်လတ်လတ်ဝါးမြိုနေခဲ့တာ
ကိုယ့်ရဲ့ဝေးကွာသွားတဲ့အသိတစ်ယောက်ချင်းစီကို
ခင်ဗျားသာရှိခဲ့ရင်ဆိုတဲ့အတွေးနဲ့ပဲ
ကိုယ် ပိုပြီးဝမ်းနည်းဝေးကွာလာရတာ
ဘယ်လိုများ ပွဲတော်တွေမှာကိုယ်ပျော်နိုင်မလည်း
ဘယ်လိုများ ဧည့်ခံပွဲတွေမှာကိုယ်ပြုံးနိုင်မလည်း
ဘယ်လိုများ အရက်ဝိုင်းတွေမှာကိုယ်မူးနိုင်မလည်း
ကိုယ့်ရဲ့နောက်ကျောမှာ
အထောက်အပင့်မရှိတော့တဲ့အခါ
ကိုယ်တိုင်ပဲ အခါခါ ကိုယ်ထူကိုယ်ထရတယ်
အခုလက်တွေ့ဘဝမှာ
ကိုယ်ဟာလေ လင်းနို့လူသားမဟုတ်ခဲ့တာကြောင့်ပဲ
အမြဲတမ်းတော့
ကိုယ်ဘယ်လိုမှ ပြန်မထနိုင်လောက်တဲ့အတွက်
အားလုံးကို အားနာရ၊ လွမ်းရ စိတ်မကောင်းဖြစ်ရတယ်
ဖွင့်ထားတဲ့တံခါးတွေပြန်ပိတ်သွားခဲ့တာ
ကိုယ်မြင်ခဲ့ရပြီး
တူနှစ်ကိုယ်အတွေးကို
နှုတ်ဆက်သီချင်းလိုကြားနေရတယ်
အခါတော်ပေးတဲ့သီချင်းတိုင်းကို
မီးရှို့ခဲ့တာလည်းကိုယ်ပဲ
ချန်ခဲ့တဲ့ဘဝမှာ နူးညံတဲ့ချစ်မှုရေးရာနဲ့
ဝေးသွားလည်း ကိုယ့်ရဲ့အရေပြားပမာဏအတိုင်း
ဘယ်လိုမှကျလို့မရတော့တဲ့ ဆားရည်တွေ
ကွဲကျေခဲ့တဲ့ဘဝတစ်ခုတိုင်းကို တကယ်ဆို
ကိုယ်နားလည်တယ်
နားမလည်ချင်ယောင်ဆောင်နေခဲ့တာ
ရွေးချယ်မှုတိုင်းမှာ နောက်ဆုံးအဖြစ်
မြစ်တွေကိုခြေရာရှာလို့မရတာကို
ကိုယ်အကြောင်းပြပြီး
ကောက်ကွေ့မှုပေါင်းထောင်သောင်းချီခဲ့တာ
‘တစ်ကယ်ဆို’ လို့ အစချီပြီး
ကိုယ်ဘယ်တော့မှထပ်မပြောတော့ဘူး
ကိုယ်လေ တစ်ကယ့်ကိုကျိန်ဆိုပါရဲ့
အရှေ့ကပြီးဆုံးသွားသမျှ ဇာတ်ပြောတစ်ခုချင်းစီကို ရက်စက်မှုလမ်းပေါ် အသိစိတ်ရှိရက်နဲ့တင်မပေးခဲ့တာကို။
Be the first to comment