တကျော့ပြန် အားကောင်းလာသော Boycott လှုပ်ရှားမှုနှင့် အပြိုင်အဆိုင် Soft Power Propaganda

ပိုက်သီ

by The Call
‘တကျော့ပြန် အားကောင်းလာသော Boycott လှုပ်ရှားမှုနှင့် အပြိုင်အဆိုင် Soft Power Propaganda’
■ ပိုက်သီ
အာဏာရှင်စနစ်ကို ကြိုက်နှစ်သက်ခြင်း မရှိသော ပြည်သူလူထုတိုင်းက ထိုစနစ်ဖြင့် နည်းလမ်းပေါင်းစုံမှ တော်လှန်ကြသည်။ ဘေးထွက်ဆိုးကျိုးများလှ‌သော လက်နက်ကိုင်နည်းလမ်းသာ အရေးကြီး လှသည်မဟုတ်၊ အစိုးရဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုများ(CDM)၊ ပြည်သူလူထုမှ အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ထောက်ခံအားပေးကြသူများအား သပိတ်မှောက်‌သည့် လှုပ်ရှားမှုများ(Boycott) နှင့် လူထုအုံကြွမှု အရေးအခင်းများသည်လည်း အာဏာရှင်စနစ်ကို ဖြိုချရာတွင်အရေးကြီးဆုံးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ အာဏာသိမ်းစတွင် CDM လုပ်ကြသူများ၊ Boycott လုပ်ကြသူများ၊ လူထုအုံကြွမှုများ အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအခန်းကဏ္ဍများမှာ အရောင်ခပ်မှိန်မှိန်ဖြစ်လာခဲ့သည်။ ထိုသို့ အရောင်ခပ်မှိန်မှိန်ဖြစ်ရခြင်းမှာ တော်လှန်အနုပညာရှင်များ၏ Soft Power များကို လွတ်လပ်စွာ ခံစားခွင့်မရခြင်း၊ စစ်ကောင်စီအသိုင်းအဝိုင်း အနုပညာရှင်များ၏ အင်အား အခိုင်အမာရှိနေခြင်း၊ စစ်ကောင်စီဘက် မှလည်း ၎င်းအင်အားစုများကို စိတ်တိုင်းကျ ဖျော်ဖြေရေး လုပ်ပိုင်ခွင့်များ အပြည့်အဝ ပေးထားခြင်း စသည့် အကြောင်းအရာများအပြင် တခြား အချက်များလည်းရှိသည်။
Soft Power Propaganda ဆိုတာဘာလဲ။ ကျနော်တို့ရဲ့ ဦးနှောက်ထဲ နှလုံးသားထဲကို ရိုက်ထည့်ပေးချင်သည့် အကြောင်းအရာ အသိတရားများကို မိန့်ခွန်းများ ကြေငြာစာတမ်းရှည်ကြီးများဖြင့် ဖတ်ပြ ခြင်းမျိုးမဟုတ်ဘဲ ရုပ်ရှင်ဇာတ်လမ်းများ၊ သီချင်းများ၊ စာအုပ်များ၊ တရားတော်များ အစရှိသည့် လူတိုင်း အချိန်မှန် ထိတွေ့နေသော အရာများမှတဆင့် မသိမသာ ရိုက်ထည့်ပေးခြင်းကို Soft Power Propaganda ဟု ဆိုလိုခြင်းဖြစ်သည်။
၁၉၈၈ အရေးအခင်းကာလများတွင် အနုပညာရှင်များ အားတက်သရောဖြင့် ဆန္ဒပြသပိတ်မှောက်ခြင်းများရှိခဲ့ပြီး ထိုသို့ ဆန္ဒပြသပိတ်မှောက်သည့် ကာလသည် အချိန်ကြာကြာမခံပေ။ အချိန်တခု‌သို့ ရောက်သောအခါ ခံဝန်ကတိထိုးပြီး နောက်ပိုင်း‌တွင် အနုပညာအလုပ်များ ပြန်လုပ်ကြလေသည်။ ထိုသို့ အနုပညာလုပ်ငန်း ပြန်စလုပ်မည့်အချိန်တွင် စစ်ကောင်စီမှ Soft Power Propaganda လမ်းစဉ်ကို စတင် ကျင့်သုံးလေသည်။ စစ်တပ်က အကိုကြီးအဖရာကဲ့သို့ တိုင်းပြည်ကို အနစ်နာခံ စောင့်ရှောက်နေကြောင်း၊ မသိနားမလည်သော ပြည်သူများ ကျောင်းသားများက ၎င်းတို့အား ပြစ်တင်ရှုံ့ချမှုများကို ကျေကျေနပ်နပ်ခံယူကာ တိုင်းပြည် ချောက်ထဲကျမည့်အရေးမှ ကယ်တင်လိုက်နိုင်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ ၎င်းတို့ တိုင်းရင်းသားပြည်သူ များကို ညှင်းပမ်းနှိပ်စက်ခြင်းများ လုပ်သဖြင့် တပ်မတော်သားများမှ ရွံ့ရွံ့ချွန်ချွန် တိုက်ထုတ်ကာ တိုင်းရင်းသားပြည်သူများအား ရင်အုပ်မကွာ စောင့်ရှောက်နေသည့် ပုံစံများကို အနုပညာရှင်များအား နည်းလမ်းအသွယ်သွယ်မှ ဖန်တီးခိုင်းကြလေသည်။ တချို့အနုပညာရှင်များမှာ ပြည်ပသို့ထွက်ခွာကာ ၎င်းတို့အနုပညာလမ်း ကြောင်းကို ဆက်လျှောက်ခြင်း မရှိတော့ပေ။ အများစုမှာ စစ်ကောင်စီအလိုကျ ဇာတ်လမ်း ဇာတ်ကွက်များအား အနုပညာလက်ရာ မြောက် အသေးစိတ်ဖန်တီးပြီး ပုံ‌စံပေးသလို အနည်းစုမှာ လက်တလုံးခြား လုပ်ထားသည်များလည်းရှိပေသည်။
ယနေ့ခေတ်တွင်မူ ဝါဒဖြန့်ချီရေး ဇာတ်လမ်း ကိုပင် ပေါ်ပေါ်တင်တင် ကြေညာရဲသည့် သတ္တိမရှိဘဲ လက်သိပ်ထိုး၍ ပြသသည့် အနေအထားဖြစ်သည်။ ပြည်သူလူထုမှာ စိတ်ထွက်ပေါက်အရ အနီးအနားရှိရာ အနုပညာဖန်တီးမှုများကို ခံစားနေရသော်လည်း ဝါဒဖြန့်ချီရေးဟု အသံကြားလိုက်သည်နှင့် တပြိုင်နက် သိပ်မပတ်သက်ကြတော့ပေ။ ဤအချက်သည် စစ်ကောင်စီ ရှုံး‌နိမ့်နေသော အရာ ဖြစ်သည်။ စစ်ကောင်စီအသိုင်းအဝိုင်း အနုပညာရှင်ဟု ဆိုရာတွင် လူသိရှင်ကြား ဖြစ်နေသော အနုပညာရှင်များရှိသည်။
တချို့အနုပညာရှင်မှာ စစ်ကောင်စီနှင့် ဆွေမျိုးအသိုင်းအဝိုင်းဆိုသည့် အချက်ကို လူသိနည်းကြသူများလည်းရှိသည်။ တချို့သော အနုပညာရှင်များမှာမူ စစ်ကောင်စီနှင့် ဆွေမျိုးနီးစပ်လည်း မရှိပါဘဲ အောင်မြင်မှုကို လိုချင်သဖြင့် ပတ်သက်လိုက်သူများလည်း ရှိသည်။ ဖျော်ဖြေရေးကဏ္ဍတွင်သာမဟုတ် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး စသည့် ကဏ္ဍများတွင်လည်း စစ်ကောင်စီနဲ့ မကင်းရာမကင်းကြောင်းမှာ ဒုနဲ့ဒေးပင် ဖြစ်သည်။
ထိုသို့ ဒုနဲ့ဒေးကြားထဲမှပင် ‌ပြည်သူလူထုမှ သပိတ်မှောက်နိုင်ခဲ့သည်လည်း ရှိသည်။ Ruby ဆေးလိပ်နှင့် Joox Music Platform စသည်တို့သည် ပြည်သူလူထုများ Boycott လုပ်နိုင်ခဲ့သည့် အရာများပင် ဖြစ်သည်။ ရုပ်ရှင်ထုတ်လုပ်‌ရေးကုမ္ပဏီများအကြား စစ်ကောင်စီ၏ ဝင်ရောက်နှောင့်ယှက်မှု အရိပ်အယောင်များကြောင့် ပြည်သူလူထုမှာ စိတ်ဝင်စားမှုနှုန်း အားနည်းသွားပြီဖြစ်လေရာ ပြည်တွင်းတွင် အကျိုးမရှိသဖြင့် ပြည်ပ ရုပ်ရှင်ရုံများအထိပါ လိုက်လံပြသနေသည့် အခြေအနေအရ စစ်ကောင်စီ၏ Soft Power Propaganda ထဲတွင် ရုပ်ရှင်အခန်းကဏ္ဍမှာ ပြည်သူများအကြား ထင်သလောက် မပေါက်ရောက်ပေ။
တော်လှန်ရေးအင်အားစုများဘက်မှ Soft Power မှာလည်း 2021 ကာလမှ အစချီ၍ 2025 ထိတိုင်အောင် ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ခဲ့ကြပေသည်။ ပထမအပိုဒ်တွင် ရေးထားခဲ့သည်ွအတိုင်း တော်လှန်အနုပညာရှင်များ၏ ဖန်တီးမှုများကို ပြည်သူလူထုမှ စိတ်ဝင်စားချင်ပါသော်လည်း စစ်ကောင်စီမှာ နည်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးလျက် ရှိပေသည်။ တော်လှန်အနုပညာရှင်များသည် 2021 ကာလများတွင် လက်နက်ကိုင် တော်လှန်ရေးသမားများ စစ်လက်နက် အလုံ အ‌လောက်မရှိသကဲ့သို့ပင် ရိုက်ကူးရေးပစ္စည်း အနည်းငယ်ဖြင့် အကောင်းဆုံးပုံဖော်ကာ ရိုက်ကူးကြသည်။ ထိုအချိန်မှစ၍ တဖြည်းဖြည်းကြိုးစား ဖန်တီးခဲ့ရာ ယခုအခြေအနေတွင် အနေအထားတခုသို့ ရောက်လာပြီဖြစ်သည်။
အနေအထားတခုဟု ဆိုရာတွင် ရိုက်ကူးရေးပစ္စည်းလိုအပ်ချက်များ၊ ဘတ်ဂျက်လိုအပ်ချက်များ ရှိနေသေးသော်လည်း ၎င်းတို့ဘက်မှ တော်လှန်ရေးအင်အားစုများ၊ စစ်ဘေးရှောင်ပြည်သူများကို ငွေကြေးအကူအညီ အထောက်အပံ့ပေးရှာဖွေပေးရာတွင် ဖြစ်စေ၊ Speak Out လုပ်ပေးရာတွင်ဖြစ်စေ များစွာ အထောက်အကူ ပေးသည့် ကဏ္ဍ‌တွင် ရပ်တည်ပေးနေသည်။
တော်လှန်အနုပညာရှင်များထဲ နာမည်ကြီး လျှမ်းလျှမ်းတောက် အနုပညာရှင်များ ရှိသလို ရွက်ပုံးသီးအနုပညာရှင်များလည်း ရှိပေရာ ‌လျှမ်းလျှမ်းတောက်အနုပညာရှင်များ၏ အနုပညာဖန်တီးမှု အားပေးနှုန်းမှာ ဝက်ဝက်ကွဲအောင်မြင်‌သည်များရှ်ိသလို ရွက်ပုံးသီး အနုပညာရှင်များ၏ အနုပညာဖန်တီးမှုများသည်လည်း စီနီယာများမှ အားပေးထောက်ခံမှု ရသည့် အနေအထားအထိ ကျွမ်းကျင်ကြသူများရှိသည်။
တေးသီချင်းအသစ်များဖန်တီးခြင်း၊ ရှိရင်းစွဲ သီချင်းကို ပုံစံအသစ်အဆန်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ကဗျာစာအုပ်များ၊ ပန်းချီ၊ ပန်းပု လက်ရာများ၊ ရုပ်ရှင်ဇာတ်လမ်းတိုများ ရိုက်ကူးခြင်း၊ တော်လှန်ရေး သမိုင်းကြောင်းနှင့် ဆက်စပ်နေသော ဝတ္ထုတိုများရေးခြင်း စသည့်ဖြင့် နေရာအစုံ ကဏ္ဍအစုံမှ ဖန်တီးမှု လက်ရာအစုံအလင်ကို ခံစား နိုင်သည်။ စိတ်‌မကောင်းစရာတချက်မှာ တော်လှန်အနုပညာရှင်များ၏ ဖန်တီးမှုလက်ရာများသည် ကမ္ဘာတဝှမ်းရှိ တော်လှန်ရေးကို အားပေးထောက်ခံကြသည့် ပြည်သူများ ထိတွေ့ခံစားခွင့် ရရှိသော်လည်း ပြည်တွင်းထဲရှိ ပြည်သူတချို့မှာမူ ပတ်ဝန်းကျင်မလုံခြုံမှုများ၊ နည်းပညာပိုင်းဆိုင်ရာစောင့်ကြည့်ခံရ မှုများတွင် စိတ်ပူပန်ခြင်း စသည့်အကြောင်းအရာ များကြောင့် အလွယ်တကူ ထိတွေ့ခံစားခွင့် မရရှိကြပေ။
တော်လှန်အနုပညာရှင်များသည် မိမိ၏ အနုပညာဖြင့် တော်လှန်ရေးအပေါ် အထောက်အကူပြုရန် ရေကုန်ရေခန်းကြိုးစား နေကြသော အနုပညာရှင်များ ဖြစ်သည်။ သူတို့၏ ရေကုန်ရေကုန် ကြိုးစားအားထုတ်မှုတိုင်းသည် မှတ်ကျောက်တင်စရာ အရာတခုအဖြစ် အမြဲတမ်း ထင်ကျန်နေစမြဲ ဖြစ်သည်။
စစ်ကောင်စီဘက်ရှိ အနုပညာရှင်များ၏ အနုပညာစံနှုန်းမှာလည်း အချိန်ကြာလာသည်နှင့်အမျှ ထိုးကျလာသည်မှာအမှန်။ ရုပ်ရှင်တွေ တကားပြီး တကား ရိုက်နေကြသော်လည်း မင်းသား မင်းသမီး သရုပ်ဆောင်များမှာ ဒီလူတစုကလွဲ နောက်ထပ် တခြားမရှိပေ။ ဒီလူတစု ရိုက်ကြသောရုပ်ရှင် ဇာတ်လမ်းများမှာ တကားနှင့် တကား ဇာတ်လမ်းအကြောင်းအရာ၊ ဒိုင်ယာလောခ့်များမှာ သိပ်ပြောင်းလဲခြင်းမရှိဘဲ ဆင်တူရိုးမှား ရုပ်ရှင်များသာ ဖြစ်သည်။ ဇာတ်လမ်းအကြောင်းအရာမှာတင် စိတ်ပျက်စရာကောင်းသည်မဟုတ်ဘဲ ဇာတ်ဝင်ခန်းတချို့ဆိုလျှင် ပြည်သူလူထုအတွက် အဆိပ်အတောက်များ ဖြန့်ဝေပေးသည့် ဇာတ်ဝင်ခန်းများစွာလည်း ပါနေပေသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအမှုနှင့် ကျောင်းသူအရွယ် လိင်အကြမ်းဖက်ခံသော အမှုများမှာ ထိပ်ဆုံးစာရင်းတွင် ရှိနေသော်လည်း အနုပညာရှင်များမှာ ၎င်းတို့ကို အသားပေးရိုက်သည့် ဇာတ်ဝင်ခန်းများ ရိုက်ကူးတင်ဆက်ခြင်းကို ကြည့်ခြင်းဖြင့် အနုပညာအရည်အသွေး အလွန်နိမ့်ကျနေကြောင်း သိသာပေသည်။
ယခုရက်ပိုင်းကာလတွင် ပြည်သူလူထုထံမှ စစ်ကောင်စီကို အားပေးအားမြှောက် လုပ်သောသူများအား ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အားကောင်းလာသည်။ စစ်ကောင်စီကို အားပေးထောက်ခံသော အနုပညာရှင်များသည် ထိုင်းနိုင်ငံသို့ ဖျော်ဖြေရေးကဏ္ဍလုပ်ဆောင်ရန် ခြေဆန့်လာကြပြီဖြစ်ရာ ပြည်ပရောက် တော်လှန်ရေးအင်အားစုများမှ Boycott ဆိုသည့် စကားနှင့်ပတ်သက်၍ ဘယ်လောက် ထိုးနှက်ချက် ပြင်းထန်သည်ကို မသိသော အနုပညာရှင်များအား စတင် သင်ကြား ပြသပေးနေသည်။ ပြည်တွင်းရှိ ပြည်သူလူထုမှာ ကြပ်တည်းမှုများကြားမှ အပြင်းအထန် ကြံကြံခံနေသည်ကို လေးစားမှု ရှိစွာဖြင့် ပြည်ပရောက် ပြည်သူလူထုမှာ သပိတ်မှောက် ကန့်ကွက်ခြင်းကို ကောင်းကောင်းကြီး လုပ်ဆောင်နိုင်ရန် လိုအပ်ပါသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဝါဒဖြန့်ချီရေး ရုပ်သံဖိုင်သည် ပြည်သူလူထုအား Brainwash လုပ်နိုင်မည်ဟု ထင်နေကြသော်လည်း လက်တွေ့တွင်မူ ပြည်သူလူထုမှာ ထိုရုပ်သံဖိုင်တွင် ပါဝင်ကြသော သရုပ်ဆောင်များကို ဖက်ခွက်စားဟု တွေးထင်ကာ ရွံရှာ စက်ဆုပ်ခြင်းမှတပါး တခြား မည်သည့်ရသမှ ပေးစွမ်းနိုင်ခြင်းမရှိပေ။ ပြည်သူများသည် တော်လှန်ရေးအင်အားစုများဘက်မှ အရှုပ်အထွေးပြဿနာများကို စိတ်ညစ်‌ စိတ်ပျက် စိတ်ကုန်နေကြသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေးရုပ်ရှင်တွင် ပြောသမျှသည် အလိမ်အညာများသာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
အထက်ပါအချက်အလက်များကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေးအင်အားစုများ
ဘက်မှ Soft Power ကို ပြည်တွင်းထဲရှိ ပြည်သူများအား အကန့်အသတ် အတားအဆီးမရှိ ခံစားနားဆင်နိုင်သည့် အခြေအနေတရပ် ဖြစ်ပေါ်လာပါက ပြည်သူလူထုသည် တော်လှန်ရေးအပေါ် ရင်ဘတ်ခြင်း ပိုမိုနီးကပ်လာမည်မှာ အမှန်ပင် ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ အနုပညာရှင်များမှာ စစ်ကောင်စီ အဆုံးသတ်မည့်နေ့တွင် သူတို့၏အနုပညာ လမ်းကြောင်း ရပ်တန့်သွားမည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပေသည်။ ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment