3
ထွင်
“တော်လှန်စားဖိုမှူးဘဝ အတွေ့အကြုံများ (၄)”
မင်းအောင်လှိုင် အာဏာသိမ်းလိုက်သောကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်းစစ်ကာလ၌ ကျွန်ုပ်တို့ရွာတွင် ကြုံတွေ့ခဲ့ရသော စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို နှောင်းလူတွေ သိစေချင်သည့်အနေနှင့် သည်စာကို ရေးသားထားပါသည်။
ထိုစဥ်က ကျွန်ုပ်သည် ကျွန်ုပ်တို့ရွာသားများ ဖွဲ့စည်းထားသော တော်လှန်ရေးတပ်ဖွဲ့တခုထံတွင် တော်လှန်စားဖိုမှူးတာဝန် ထမ်းဆောင်နေခဲ့ပါသည်။ တပ်ဖွဲ့နေရာမှာ ရွာအတွင်းမဟုတ်။ ရွာအပြင်တနေရာတွင် ရှိလေသည်။
ကျွန်ုပ်တို့ရွာ၏ အရှေ့မြောက်အရပ်တွင် စစ်တပ်အထိုင်ချစစ်စခန်းတခုနှင့် အနောက်မြောက်အရပ်တွင် ပျူစောထီးရွာတို့ ရှိကြလေသည်။ အနောက်မြောက်အရပ်မှ ပျူစောထီးရွာအား မကြာသေးခင်ကမှ သိမ်းပိုက်ပြီးသွားရာ ပျူစောထီးအများအပြားသည် အရှေ့မြောက်အရပ်မှ စစ်အထိုင်ချစခန်းတခုဆီသို့ စခန်းစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
အနောက်မြောက်အရပ်ဆီမှ ပျူစောထီးတို့သည် သူတို့ရွာ သိမ်းပိုက်ခံရသည်ကို မကျေမနပ်ဖြစ်ကာ လက်စားချေချင်သည့်အနေနှင့် ပခုက္ကူတပ်မမှ စစ်ခွေးအင်အား အလုံးလိုက်အရင်းလိုက်ကို လှမ်းခေါ်လိုက်ဟန် တူပါသည်။ ကားအစီးရေ ငါးဆယ်ခန့်မျှ ရှိသော စစ်ခွေးကားတန်းကြီးသည် အရှေ့မြောက်အရပ်တွင် ရှိသော စစ်အထိုင်ချစစ်စခန်းဆီသို့ ရောက်ရှိလာခဲ့ကြပါသည်။
ဟိုးအလျင်ကလည်း ပခုက္ကူတပ်မမှ စစ်ခွေးကားတန်းကြီးသည် ထိုစစ်အထိုင်ချစခန်းဆီသို့ ခဏခဏ ရောက်လာဖူးပါသည်။ ရောက်လာတိုင်း ကျွန်ုပ်တို့ရွာကနေ ဖြတ်ကာ အနောက်မြောက်အရပ်တွင် ရှိသော ပျူစောထီးရွာသို့ ဝင်လေသည်။ ထို့ကြောင့် ပခုက္ကူတပ်မမှ စစ်ခွေးကားတန်းကြီး ထိုစစ်အထိုင်ချစခန်းဆီသို့ ရောက်လာတိုင်း ကျွန်ုပ်တို့ရွာသူရွာသားများသည် ကြိုတင်စစ်ရှောင်ထားကြရပါသည်။
သည်တခါတော့ တော်လှန်ရေးသမားများက စစ်ခွေးများကို ကျွန်ုပ်တို့ရွာထဲ အဝင်မခံတော့ဘူး၊ အပြုတ်တိုက်မည် ဆိုကာ အရွာရွာမှ မိတ်ဖက်တော်လှန်ရေးတပ်သားများကို ကျွန်ုပ်တို့ရွာတွင် စုစည်းရာ အယောက် နှစ်ရာနီးပါး ရောက်လာခဲ့သည်။ ကျွန်ုပ်တို့ရွာထဲက ရွာသူရွာသားအားလုံး တယောက်မှ မကျန်အောင် စစ်ရှောင်ရမည်ဟု အမိန့်ပေးလိုက်သောကြောင့် တရွာလုံး စစ်ရှောင်ကြရတော့သည်။
သည်တခါစစ်ရှောင်သည်ကတော့ ဟိုအလျင်လို ဆိုင်ကယ်များတင် မကတော့ဘဲ လှည်းများနှင့်ပါ စစ်ရှောင်ကြသည်။ ဟိုးအလျင်ကတော့ လှည်းနွားရှိသူများက စစ်မရှောင်ဘဲ နေရစ်ကြသည်။ သည်တခါတော့ နေရစ်လို့ မရတော့သောကြောင့် လှည်းပေါ် လှည်းအောက်တွင် ပစ္စည်းပစ္စယမျိုးစုံကို တင်ရသည်။ ဆန်ဆီဆား၊ ကိုယ်တိုင်ချက်ပြုတ် စားသောက်ဖို့အတွက် ဒန်အိုးဒယ်အိုးမျိုးစုံ၊ နွားစားခြောက်များအပြင် ချမ်းချမ်းစီးစီးရှိလှသော နတ်တော်၊ ပြာသိုလမို့ အနွေးထည်စောင်ထူထူကြီးများကိုပါ တင်ရသည်။ သည့်ကြောင့် လှည်းပေါ်တွင် ပြည့်မောက်လျှံနေတော့သည်။ ပြီးလျှင် တော်လှန်ရေးသမားများ စေလွှတ်သော စစ်ရှောင်အရပ်ဆီသို့ သွားကြရာ လှည်းတန်းကြီးမှာ ရှူမျှော်မဆုံး ရှိနေတော့သည်။ ဖုန်လုံးကြီးများမှာလည်း အလိပ်လိပ်ထနေတော့သည်။ တော်လှန်ရေးသမားများ စေလွှတ်သော အရပ်တွင် ဆွေမျိုးသားချင်း ရှိသော စစ်ရှောင်များ ဆွေမျိုးသားချင်းအိမ်တွင် တည်းခိုကာ ဆန်၊ ဆီ ပေးပြီး အတူတူမျှဝေ စားသောက်ကြသည်။ စစ်ရှောင်ကာလက ရှည်လျားလှသဖြင့် အိမ်ရှင်တွေလည်း ဧည့်သည်များကို ထမင်းကျွေးမထားနိုင်။ သည့်ကြောင့် ဧည့်သည်တို့ ပေးသော ဆန်ဆီဆားကို အားနာနာယူကာ မျှဝေစားသောက်ကြရပါသည်။ ဆွေမျိုးသားချင်း မရှိသော စစ်ရှောင်များအတွက်တော့ စစ်ရှောင်စခန်းတွင် အတူတူ စုပေါင်း နေထိုင်ကြသည်။ လူကြီးသူမ၊ ယောကျ်ားသားအများစုကာ ချက်ပြုတ်ရေးကို တာဝန်ယူပြီး စစ်ရှောင်အားလုံးကို ချက်ပြုတ်ကျွေးပါသည်။
တရွာလုံး စစ်ရှောင်ဖို့ ပြင်ဆင်နေချိန်မှာပဲ အရွာရွာမှ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံက တော်လှန်ရေးသမားများသည် ဆိုင်ကယ်တတန် ကားတတန်ဖြင့် ကျွန်ုပ်တို့ရွာသို့ ရောက်လာကြတော့သည်။ သေနတ်ကိုယ်စီ ထမ်းလာကြရုံမက ကားပေါ်တွင်လည်း မိုင်းလုံးကြီးများကို အပြည့် တင်လာကြသည်။
ထို တော်လှန်ရေးသမားများစွာက ကျွန်ုပ်တို့ရွာတွင် ကိုယ်စီနေရာယူကာ ကင်းစောင့်ကြသည်။ အရှေ့မြောက်အရပ်မှ ခွေးတို့လာရာလမ်းနှင့် ရွာအစပ်ဆီသို့ အိမ်များတွင် ကင်းစောင့်ကြသည်။ အရှေ့မြောက်အရပ်မှ စစ်ခွေးတို့လာရာလမ်းတလျှောက်တွင် တင်ဆောင်လာသော မိုင်းများစွာကို ထောင်ထားကြသည်။ ပြီးနောက် နေ့နေ့ညည အလှည့်ကျ ကင်းစောင့်ပေးကြသည်။ တညလုံး မအိပ်ဘဲ ကင်းစောင့်ကြရပြီး နေ့မှာသာ အိပ်ကြရသည်။ အိပ်ရေးတွေလည်း ပျက်ကြရသည်။ စစ်ခွေးတွေ လာလျှင် အသင့်ထောင်ထားသော မိုင်းများကို ဖောက်ခွဲမည်။ သေနတ်များနှင့် ပစ်ခတ်ကြလိမ့်မည်။
ကျွန်ုပ်တို့ Camp မှ တဖွဲ့လုံးလည်း Camp မှာ မနေတော့ဘဲ ရွာထဲမှာသာ အလှည့်ကျ ကင်းစောင့်ကြသည်။ ညဆို စာသင်ကျောင်းထဲ ဝင်အိပ်လိုက်၊ စာကြည့်တိုက်ထဲ ဝင်အိပ်လိုက်၊ ရွာထဲက အိမ်တွေထဲ ဝင်အိပ်လိုက်နှင့် ရှိနေကြတော့သည်။
တော်လှန်စားဖိုမှူးတာဝန်ကိုသာ ကျွန်ုပ်သည်ကား အလုပ်လက်မဲ့ ဖြစ်လျှက် ရှိနေခဲ့သည်။ တကယ်တော့ စားဖိုးမှူးဆိုတာ ယခုလို ရှေ့တန်းရှိသည့် ကာလမျိုးတွင်မှ အားလပ်ချိန်ရပါသည်။ ရှေ့တန်းရှိသည့်ကာလမှာ ရဲဘော်များပြားလွန်းသဖြင့် ကျွန်ုပ်တယောက်တည်းနှင့် မချက်ပြုတ်နိုင်။ သည့်ကြောင့် စစ်ရှောင်စခန်းမှ လူကြီးသူမများကို ချက်ပြုတ်စေပါသည်။ စစ်ရှောင်စခန်းတွင် စစ်ရှောင်များနှင့် ရဲဘော်များအတွက်ပါ ပေါင်းပြီး ချက်ကြသည်။ ရဲဘော်များအတွက်တော့ ကြွပ်ကြွပ်အိတ်လေးနှင့် တယောက်စာထုပ်ပြီး လာပို့ပါသည်။ ကျွန်ုပ်သည်လည်း ရဲဘော်များနှင့်အတူ ထမင်းထုပ်လေးကို စားပါသည်။
သို့သော်လည်း ကျွန်ုပ်သည် အအား မနေပါပေ။ တတ်နိုင်သလောက်တော့ လုပ်ပေးပါသည်။ (စာသင်ကျောင်းထဲနှင့် ရွာလယ်စာကြည့်တိုက်တွင် တည်းစဥ်ကဖြစ်သည်။ ကျွန်ုပ်တို့နယ်မှ ရွာတရွာတွင် တော်လှန်ရေးသမားများ စာသင်ကျောင်းထဲ ခဏတည်းခိုစဥ် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် တော်လှန်ရေးသမားများစွာ ကိုယ်ခန္ဓာအစိတ်အပိုင်းများ လိုက်ကောက်ရသည်အထိ ကျဆုံးခဲ့ရဖူးပါသည်။ လုံခြုံရေးကြောင့် ရွာအမည်မထည့်ရခြင်းပါ။) စာသင်ကျောင်းသည် ကိုဗစ်ကတည်းက ပိတ်ထားသဖြင့် ဖုန်မှုန့်၊ အမှိုက်သရိုက်များဖြင့် ရှုပ်ပွလျှက် ရှိသည်။ ရဲဘော်များကို သန့်သန့်ရှင်းရှင်း တည်းခိုစေသဖြင့် ကျွန်ုပ်ကိုယ်တိုင် လိုက်လံလှဲကျင်းပေးပါသည်။ ရဲဘော်များသည် ပစ္စလက်ခတ် နေတတ်သူချည်းဖြစ်ရာ ရှုပ်ရှုပ်ပွပွဖြစ်နေသောအရာများကို ကျွန်ုပ်ကိုယ်တိုင် လိုက်လံသိမ်းဆည်းပေးပါသည်။ သည့်အပြင် ရဲဘော်များသည် ထမင်းထုပ်များကို စားပြီးလျှင် ကြွပ်ကြွပ်အိတ်များကို တွေ့ကရာ လှမ်းပစ်တတ်ကြသည်။ ကျွန်ုပ်က ကြွပ်ကြွပ်အိတ်တွေ ရှုပ်ရှုပ်ပွပွမဖြစ်နေစေရန် လိုက်လံကောက်ယူစုထားပေးပါသည်။
ယနေ့ပိုသော ထမင်းထုပ်ကို အလကားမဖြစ်စေရန် ရွာထဲက စစ်ရှောင်အိမ်ရှင်များနှင့် ပါမသွားသော အိမ်စောင့်ခွေးလေးများကို လိုက်ကျွေးပါသည်။ စစ်ရှောင်ရက်မှာ တလခွဲမျှ ကြာမြင့်ခဲ့သဖြင့် ထိုခွေးလေးတွေ ထမင်းမစားရလျှင် သေရလိမ့်မည်ဖြစ်သည်။ ပြီးလျှင် ရဲဘော်များ ရေသောက်ဖို့ ရေအပြည့်ဖြည့်၊ အိမ်သာထဲလည်း အမြဲပြည့်နေအောင် ဖြည့်ပေးပါသည်။ ချမ်းချမ်းစီးစီး ရှိလှသော ရာသီတွင် ရဲဘော်များသောက်သုံးရန်အတွက် ရေနွေးအိုး ကျိုချက်ပေးပါသည်။ ရေနွေးဓာတ်ဘူးအား ကမ့်ပ်ကနေ မယူခဲ့သဖြင့် ရွာထဲက အိမ်တွေထဲ ဝင်ယူသည်။ စစ်ရှောင်တွေ ပြန်လာလျှင်တော့ ပြန်ပေးမည်ပေါ့။ ကော်ဖီနှင့် လက်ဖက်ရည်ထုပ်များရှိလျှင်တော့ ရဲဘော်အရေအတွက်နှင့် မလုံလောက်သဖြင့် အကုန်လုံးကို ဖောက်ပြီး အိုးလိုက်ကြီး ကျိုပေးလိုက်သည်။ အချိုပေါ့ပေမယ့် ရဲဘော်များက တကျိုက်ကျိုက် သောက်ကြပါသည်။
မှတ်မှတ်ရရ တမနက်တွင်တော့ သွားတိုက်ဆေး ကုန်သွားသဖြင့် ရွာထဲ အဖော်ခေါ်ကာ လိုက်ရှာမိသည်။ ရွာထဲက ကုန်စုံဆိုင်ရှင်ကလည်း စစ်ရှောင်သွားသဖြင့် ဝယ်လို့မရ။ တအိမ်ဝင် တအိမ်ထွက် လိုက်ရှာသော်လည်း သွားတိုက်ဆေးက လုံးဝ မတွေ့။ အိမ်ရှင်တွေကလည်း စစ်ရှောင်ရင်း သွားတိုက်ဆေး၊ ဆပ်ပြာကအစ အကုန်ယူသွားကြသည်ပဲ။
အဲ့လို တအိမ်ဝင် တအိမ်ထွက် သွားတိုက်ဆေး ရှာသည့်အခါ ကျွန်ုပ်သည် ကျွန်ုပ်တို့ရွာ အဖြစ်အပျက်များကို ချောက်ချားစွာ ကြည့်နေမိသည်။ ရွာ၏ အဖြစ်သည် လွန်စွာ တိတ်ဆိတ် ချောက်ချားလျှက် ရှိနေသည်။ ရုပ်ရှင်ကားထဲများက မြို့ပျက်၊ ရွာပျက်ကြီးများကဲ့သို့ အလွန်တိတ်ဆိတ်လျှက် ရှိသည်။ ဘယ်အိမ်ဝင်ဝင် လူမရှိ။ တံခါးများက ပိတ်လျှက်။ တံခါးမရှိသော အိမ်များက ပွင့်ဟလျှက်။ စားပွဲများ၊ တန်းလျားများပေါ်တွင် ဖုန်များအလိမ်းလိမ်း။ အိမ်ရှေ့တွင် အိမ်မွေးကြက်တို့၏ ယက်ရာများ ပွစာတက်လျှက်။ ကြက်များသည် အိမ်ရှင်မရှိသဖြင့် အစာ ဝလင်စွာ စားရလိမ့်မည်မဟုတ်။ ထို့ကြောင့် ကြက်လေးတွေ ရေသောက်ရလို သောက်ရငြား သောက်မီလောက်သော နေရာများတွင် ရေဖြည့်ပေးခဲ့သည်။ တချို့အိမ်များတွင်တော့ မခူးဆွတ်ရသေးသော မြေပဲရိုးပုံကြီးသည် ထီးတည်းရှိလျှက် ရှိသည်။
ထို မြေပဲရိုးပုံကြီး၏ အောက်တွင်တော့ ကြက်ယက်ရာများကြောင့် မြေပဲဥများ ရှုပ်ပွနေသည်။ ထိုအိမ်များက ကြက်များကတော့ အစာဝလိမ့်မည်ထင်သည်။ သို့သော် တချို့ကြက်ငယ်လေးများအတွက်တော့ မြေပဲတောင့်ကို နှုတ်သီးဖြင့် ထိုးဆိတ်ပြီး ခွာစားနိုင်လိမ့်မည်မဟုတ်။ တလမ်းဝင် တလမ်းထွက်လို့ လူတယောက်ပင် မတွေ့ရ။ သရဲခြောက်နေသည့်အတိုင်း။ သည့်ကြောင့် စစ်ရှောင်များဆီ ကိစ္စရှိသဖြင့် ခဏသွားခိုက် ရွာမှာ သရဲခြောက်တယ်ဟု ပြောမိသည်။ ကျွန်ုပ်တို့ရွာ၏ အဖြစ်အပျက်သည် ဘယ်တုန်းကမှ ကြုံရလိမ့်မည်ဟု မထင်မှတ်သော အဖြစ်ပင်။
သည့်အပြင် အိမ်တိုင်းအိမ်တိုင်းမှာ ဗူးစင်၊ ဖရုံစင်၊ ပဲကြီးသီးစင်၊ ပဲစောင်းလျားစင်လေးများ ရှိတတ်ကြသည်။ ထို သီးပင်စားပင်ကလေးများသည် ခူးဆွတ်သူ မဲ့ကုန်သဖြင့် ကျွန်ုပ်က အဖော်ခေါ်ပြီး လိုက်ခူးသည်။ ပြီးလျှင် စစ်ရှောင်စခန်းဆီသို့ ပို့ပေးသည်။ ထိုအချိန်ကား ဆောင်းရာသီဖြစ်သဖြင့် သီးပင်စားပင် လှိုင်လှိုင်ပေါချိန်မို့ စစ်ရှောင်စခန်းအတွက် ရိက္ခာမရှားပေ။
ရွာ၏ အရှေ့မြောက်အရပ်တွင်ရှိသော စစ်အထိုင်ချစခန်းမှ စစ်ခွေးများသည် အပြင်ထွက်လာခဲလှသည်။ ထွက်လာသံကို နားစွင့်နေကြရသည်။ တလကျော်သာ ကြာသွားသည်။ လုံးဝ ထွက်မလာသေး။ ထွက်လာမှသာ တိုက်ပွဲဖြစ်မည်။ စစ်ရှောင်တွေလည်း ရွာပြန်နိုင်လိမ့်မည်။ သွားပြီး တိုက်ခိုက်ဖို့ လူအင်အားရှိတောင် လက်နက်အင်အား မမျှသဖြင့် ခွေးတွေ ထွက်အလာကိုသာ စောင့်နေရတာပဲ တတ်နိုင်သည်။ စစ်ရှောင်တွေလည်း ရွာပြန်ချင်ကြပြီ။ တောင်သူအလုပ်တွေက မပြီးသေး။ မြေပဲတွေ မဆွတ်ရသေး။ မြေပဲရိုးပုံကြီး မစဥ်းရသေး။ စစ်ရှောင်ကာလ ဘယ်လောက်အထိ ကြာနေသလဲဆို မြေပဲသိမ်းအပြီး အတော်ကြီးကြာမှ ပဲစင်းငုံ ခုတ်သိမ်းရသည်။ ယခုဆို ပဲစင်းငုံတွေ ခုတ်သိမ်းချိန် ကျော်လွန်နေပြီ။ ကံကောင်းတာတခုက ပဲစင်းငုံက ယာထဲမှာ ဘယ်လောက်ကြာကြာ အလေအလွင့် မဖြစ်ခြင်းပင်။ ယူသွားသည့် နွားစာများလည်း မလောက်ငတော့သဖြင့် တော်လှန်သမားများအား ခွင့်တောင်းပြီးမှ ဆာလာအိတ်နှင့် လာသယ်ကြရသည်။
အရှေ့မြောက်အရပ်မှ စစ်ခွေးများသည် ကျွန်ုပ်တို့ရွာမှ အခြေအနေ သိထားသလားတော့ မပြောတတ်ပါ။ အနောက်မြောက်အရပ်ဆီမှ သိမ်းပိုက်ပြီးသော ပျူစောထီးရွာသို့ ကျွန်ုပ်တို့ရွာကနေ မလာခဲ့ပေ။ ရွာ၏ မြောက်အရပ် တောတွင်းထဲကနေ ဖြတ်သွားခဲ့ပါသည်။ ထို့ကြောင့် တလကျော်မျှ ကင်းစောင့်၊ မိုင်းထောင်ခဲ့ရသော ရဲဘော်တို့၏ လုပ်အားများမှာ အချည်းနှီးဖြစ်ခဲ့ရသည်။ အလျင်ကလို ရွာကိုဖြတ်ဝင်ပြီး ခိုးဝှက်ဖျက်ဆီးတာမျိုး မလုပ်ကြတာဘဲ အဖတ်တင်ပါသည်။
စစ်ခွေးများသည် ပျူစောထီးရွာအား တကယ်ပင် အငြိုးတကြီးနှင့် ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။ မီးခိုးလုံးကြီးမှာ ကျွန်ုပ်တို့ တည်းခိုရာ စာသင်ကျောင်းကနေ လှမ်းမြင်နေရသည်။ ပျူစောထီးတို့ အထိုင်ချခဲ့သော စာသင်ကျောင်း၏ ပတ်ပတ်လည်မှ အိမ်များအားလုံးကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်ကြောင့် ရွာက စစ်ရှောင်များသည် တခြားရွာသို့ ပြောင်းရွှေ့ကြရသေးသည်တဲ့။
ပြီးနောက် စစ်ခွေးစစ်ကြောင်းသည် ပြန်လှည့်မလာတော့ဘဲ အနောက်ဘက်တွင်ရှိသော နယ်မြို့မှ မသိမ်းပိုက်ရသေးသော ပျူစောထီးရွာများသို့ ဝင်လေသည်။ ထိုပျူစောထီးရွာသို့ အသွားလမ်းရှိ ရွာများစွာမှာ စစ်ရှောင်ကြရပါသည်။ ထိုအချိန်ကျမှ စစ်ရှောင်နေကြသော ကျွန်ုပ်တို့ရွာသူ/သားများသည် အိမ်ပြန်ကြရသည်။ စစ်ခွေးစစ်ကြောင်းသည်လည်း စက်ဝိုင်းသဏ္ဌာန်လှည့်ကာ ပခုက္ကူတပ်မသို့ ပြန်လေသည်။
သည်စာမူကို ရေးနေသော (6.9.2025) နောက်ပိုင်း ကျွန်ုပ်တို့ရွာတွင် ဘာများဆက်ဖြစ်ဦးမည်မသိရသေး။ တော်လှန်ရေးကြီး မအောင်မြင်သေးခင်အထိ ပြည်သူတို့၏ ဘဝသည် ခြင်းထဲက ကြက်ကဲ့သို့ ဘယ်နေ့ ကိုယ့်ရွာ ဒုက္ခရောက်မည့်အလှည့် ကျရောက်မည်လဲဟု တွေးပူနေခဲ့ရသည်။
(အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
