”တော်လှန်ရေး ‘အ’ သုံးလုံး”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ကျောက်ဖြူနဲ့ ရခိုင်တိုက်ပွဲတွေမှာ စကမဟာ အရှုံးကိုရင်းပြီး ဆက်တိုးနေသလို ဗန်းမော်ကိုလည်း တိုးလိုက်ရပ်လိုက် တိုက်နေဆဲဖြစ်တယ်။ မန်းမြောက်မှာ မတ္တရာနဲ့ သပိတ်ကျဥ်းညှပ်ပြီး မိုးကုတ်ကိုမဝင်ခင် စဥ့်ကူးကိုတိုက်ဖို့ အရိပ်အယောင်တွေ တွေ့ရတယ်။ ပိုလာတာက စကမရဲ့ နိုဝင်ဘာကလင်ဒါမှာ ကရင်နဲ့ ကရင်နီဘက်ကိုပါ အားထည့်လာတာပဲဖြစ်တယ်။
‘ကရင်နီ’
ရှမ်းတောင်ကနေ ကရင်နီဝင်ပေါက် မိုးဗြဲကို ၂၀၂၅ ဇွန်လဆန်းမှာ စစ်တပ်ဘက်က ပြန်ထိန်းချုပ်ခဲ့တယ်။ ဇူလိုင်လမှာပြန်သိမ်းခဲ့တဲ့ နောင်ချိုနဲ့ သပိတ်ကျဥ်းထက် ပိုစောတာ တွေ့ရတယ်။ ဆက်တိုက်ဆိုသလို စစ်တပ်ဟာ ဒီးမော့ဆိုကိုသြဂုတ်လထဲမှာ ပြန်ပြီး ထိန်းချုပ်လိုက်နိုင်တယ်။ ဒီ့အတွက် မိုးဗြဲနဲ့ ဒီးမော့ဆိုကြားက နမ်းမယ်ခုံကို ဆက်တိုက်ရတာလွယ်ကူသွားသလို ကရင်နီမှာ ပြည်နယ်လမ်းမကြီးလို့ ပြောလို့ရတဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူးဆိုးနဲ့ ဘော်လခဲအထိနောက်ပိုင်းမှာ စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာနိုင်ခဲ့တာဖြစ်တယ်။
၂၀၂၃ ကရင်နီရဲ့ ၁၁၁၁ စစ်ဆင်ရေးအပြီး KNDF နဲ့ ဒေသခံ PDF တပ်တွေဟာ ကရင်နီ မြို့တော်တော်များများနဲ့ ရှမ်းတောင်က မြို့တချို့ကို ၂၀၂၄ တနှစ်လုံးနဲ့ ၂၀၂၅ နှစ်ဝက်နီးပါး ထိန်းချုပ်ထားနိုင်ခဲ့တာ တွေ့ရတယ်။ ဒါ့ကြောင့် တော်လှန်ရေးတပ်တွေ ရှမ်းမြောက်နဲ့ ကရင်နီတို့မှာ နှစ်ပေါက် သိမ်းလာခဲ့တဲ့မြို့တွေကို အုပ်ချုပ်ရေးအထိုင်ချနေတဲ့ အချိန်တွေဟာ စစ်တပ်ကို လက်နက်အင်အားနဲ့ လူအင်အား ပြန်လည်စုစည်းခွင့် ပေးခဲ့သလို ဖြစ်ခဲ့တဲ့သဘော တွေ့ရတယ်။ (မှတ်ချက် – ဝမ်ယီရဲ့ နေပြည်တော်ခရီးစဥ်ဖြစ်တဲ့ ၂၀၂၄ သြဂုတ်နဲ့ မိုးဗြဲပြန်ကျသွားတဲ့ ၂၀၂၅ ဇွန်လအကြားမှာ ၁၀ လလောက် အချိန်ကြာတာ တွေ့ရတယ်။ ဒါဟာ စစ်တပ်ဘက်က အပြောင်းအလဲ လုပ်သွားနိုင်တဲ့အချိန်လို့ ယေဘုယျ ခန့်မှန်းကြည့်ဖို့ပါ)
၂၀၂၅ သြဂုတ်လဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးဒေသတွေမှာ ကရင်နီတပ်တွေ ထိန်းချုပ်ထားတဲ့ ၃ မြို့ (ဖားဆောင်း၊ ရှားတောနဲ့ ဖယ်ခုံ။ မှတ်ချက် – ဖယ်ခုံက ရှမ်းတောင်ကဖြစ်) ပါတဲ့အတွက် စကမရဲ့ ကရင်နီနဲ့ ရှမ်းတောင်ဘယ်ဒေသတွေကို ဘယ်လို ဆက်လက် ဖိအားပေးလာမလဲလို့ တွက်ဆကြည့်နိုင်တဲ့ သဘောဖြစ်တယ်။ ရှမ်းတောင်နဲ့ကရင်နီမှာ လွိုင်ကော်ကို ဗဟိုပြုပြီးကြည့်ရင် မြောက်ပိုင်းဟာ နေပြည်တော် (မန်းအစပ်) ထိပေါက်တဲ့ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းလမ်းမကြီးရှိပြီး တောင်ဘက်မှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူးဆိုး၊ ဘောလခဲလမ်းမကြီးရှိမယ်။ ဒါကြောင့် မြောက်ပိုင်းက ဖယ်ခုံကော တောင်ပိုင်းက ဖားဆောင်းနဲ့ အရှေ့ဘက် ရှမ်းအစပ်က ရှားတော ၃ မြို့စလုံးဟာ ရှေ့မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာမယ်လို့ ယူဆထားနိုင်တယ်။
ကရင်နီမှာ ကေအင်ဒီအက်ဖ်ဟာ တိုက်ရည်ခိုက်ရည်အရကော ခေါင်းဆောင်မှုအရပါ အားကောင်းတဲ့အတွက် စစ်တပ်ဘက်က ထောက်လှမ်းရေးသတင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်တွေကို ၂၀၂၅ နှစ်မကုန်ခင်အထိ ဘယ်လို တန်ပြန်မလဲဆိုတာကို ပြင်ဆင်ထားဖို့ လိုလာတဲ့သဘော တွေ့ရတယ်။
‘ကရင်’
ကရင်လို့ပြောရင် မြဝတီကို စတိုက်တဲ့သတင်း၊ မြဝတီကို BGF နဲ့ ပြန်ထိန်းထားတဲ့သတင်း၊ ဒေါနတောင်တန်းကိုဖြတ်ဖို့ စစ်တပ်ရဲ့ ဒုချုပ်ကိုယ်တိုင် ဦးစီးတဲ့တပ်တွေ ပြန် လန်ကျခဲ့တဲ့သတင်းတွေနဲ့ ကျားဖြန့်အရှုပ်တော်ပုံတွေကို သတိထားမိကြမှာပဲဖြစ်တယ်။ နောက်ပိုင်း ကရင်သတင်းတွေက အာရှလမ်းမကြီးကို ပြန်ပြီး ထိန်းချုပ်လာနိုင်တယ်ဆိုတာပါပဲ။ အာရှလမ်းမကြီးကို ပြန်ဖွင့်ဖို့လို့ပြောရင် ကော့ကရိတ်၊ သင်္ကန်းညီနောင်နဲ့ မြဝတီကို စစ်တပ်ဘက်က ဘယ်လိုပုံစံနဲ့ ပြန် ထိန်းချုပ်ထားနိုင်သလဲ ဆိုတာကို လေ့လာကြည့်ဖို့လိုမယ်။
တကယ်တော့ တော်လှန်ရေးအင်အားစုတွေဘက်က ကော့ကရိတ်ကို ၂၀၂၃ ဒီဇင်ဘာကတည်းက ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ၂၀၂၄ ဧပြီမှာ စစ်တပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့တယ်။ ဒီ့နောက်မှာ အောင်ဇေယျစစ်ဆင်ရေးနဲ့ ဒေါနတောင်ကို ဖြတ်ဖို့လုပ်တဲ့ စစ်ဆင်ရေးသတင်းတွေကို အကြိမ်ကြိမ်ကြားရပြီး အကြိမ်ကြိမ်လည်း တပ် ပြန် လန်ကျခဲ့တာကို တွေ့ရတယ်။ ဒါပေမယ့် ကော့ကရိတ်နဲ့ ကျူံဒိုးလမ်းပိုင်းကို ၂၀၂၅ ဇူလိုင်လမကုန်ခင်မှာ စစ်တပ်ဘက်က ပြန်ထိန်းချုပ်ခဲ့တယ်။ ဆိုလိုတာက ကရင်ပြည်မှာဖြစ်ခဲ့တဲ့ မြဝတီနဲ့ ကော့ကရိတ်ပြီးရင် အာရှလမ်းမကြီး စိုးမိုးရေးဟာ ၁၀၂၇ လို စစ်ဆင်ရေးနဲ့ ကရင်နီမှာလို အပြိုင် ယှဥ်ဖြစ်နေတဲ့သဘော မတွေ့ရတာဘဲဖြစ်တယ်။ ကရင်တိုက်ပွဲတွေဟာ အခြားပြည်နယ်တွေနဲ့ တော်လှန်ရေးအဆင်းအတက်တွေမှာ သီးခြားဆန်တဲ့သဘော တွေ့ရတယ်။ တနည်း အဆက်အစပ်မဲ့နေတဲ့ သဘောလို့ ပြောရမှာဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် ကော့ကရိတ်နဲ့ ကျူံဒိုးတဝိုက်ဖြစ်တဲ့ လမ်းအစပိုင်းနဲ့ မြဝတီ လမ်းအဆုံးပိုင်းတွေကို စစ်တပ်ဘက်က ပြန်လည်စီးမိထားပြီ ဆိုတဲ့သဘောဖြစ်တယ်။ ဒီလမ်းပိုင်းရဲ့အလယ်ဖြစ်တဲ့ သင်္ကန်းညီနောင်ကို ဒီနှစ်စက်တင်ဘာမှာပြန်ထိန်းချုပ်ခဲ့ပြန်တယ်။ စကမရဲ့ ပြည်ထောင်စုလမ်းမပြန်ဖွင့်နိုင်ဖို့ နောက်ဆုံးလိုအပ်ချက်ဟာ ကော့ကရိတ်အနီးတဝိုက်နဲ့ ကော့ကရိတ်ကနေ သင်္ကန်းညီနောင်ကြားက ဒေါနတောင်တန်း လမ်းဟောင်းတဝိုက်က နယ်မြေတွေပဲလို့ သတင်းဌာနတွေက သုံးသပ်ထားတာ တွေ့ရတယ်။
စကမရဲ့စစ်အုပ်ချုပ်ရေးထုတ်ပြန်ချက်မှာ ပါတာက ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးဖြစ်တယ်။ တကယ်တော့ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်လမ်းပိုင်းကော၊ ကြာအင်းဆိပ်ကြီးနဲ့ မုဒုံလမ်းပိုင်းကော ၂ ခုစလုံးမှာ စစ်တပ်ထိန်းချုပ်မှုက ပိုများတဲ့အတွက် ကရင်မှာ နယ်စပ်အထိုင်စခန်းတွေ အားလုံးကို သိမ်းထားတာကလွဲလို့ တော်လှန်ရေးအင်အားစုဘက်က ထိန်းချုပ်ထားမှုဟာ အများကြီးမရှိဘူးလို့ ကောက်ချက်ချရမှာဖြစ်တယ်။ မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းပွင့်သွားခဲ့ရင် ဒုတိယပစ်မှတ်ဟာ ကြာအင်းဆိပ်ကြီး (ကရင်) နဲ့ သံဖြူဇရပ် (မွန်) ကနေ ဘုရားသုံးဆူကိုထွက်တဲ့ ထိုင်းကိုဖြတ်တဲ့လမ်းကို စကမဘက်က ဖိအားပေးလာမယ့်သဘောဖြစ်တယ်။
‘R ၂ လုံး ဒွိဟ’
မြန်မာ့နိုင်ငံရေးမှာ ၂၀၁၀ ဟာ အပြောင်းအလဲတခု ဖြစ်ခဲ့တယ်။ စစ်တပ်က အရပ်ဘက်အစိုးရအဖြစ်ပြောင်းပြီး ပြုပြင်ပြောင်းလဲရေး (Reform) လုပ်ဖို့ ကြိုးစားတဲ့အတွက်ဖြစ်တယ်။ မအောင်မြင်ခဲ့။ စစ်တပ်ရဲ့ ပါဝါအပျော့ဟာ ပါဝါအမာကို မတိုးနိုင်တဲ့အတွက်ဖြစ်တယ်။ ၂၀၁၅ ဟာ နောက်ထပ် အပြောင်းအလဲတခုဖြစ်တယ်။ ဒီတခါလုပ်တဲ့ ပြုပြင်ပြောင်းလဲရေးက ဒီမိုကရေစီ (အရပ်သား) အစိုးရက ကြိုးစားခဲ့တာဖြစ်တယ်။ ဒီမှာလည်းပဲ နိုင်ငံရေးပါဝါအပျော့ဟာ စစ်ပါဝါအမာရဲ့ ဖိနှိပ်မှုမှာ ကျဆုံးခဲ့ရပြန်တယ်။
၂၀၂၁ အပြောင်းအလဲဟာ သဘာဝကျစွာ စစ်ပါဝါအမာကို ခံတိုက်တဲ့ တော်လှန်ရေး (Revolution) လမ်းကြောင်း (တနည်း ခုခံစစ် – Resistance) ဆီကို နောက်ဆုံးမှာ ရောက်ရှိခဲ့တယ်။ တော်လှန်ရေးဦးဆောင်မှုမှာ R ၂ လုံးကြားဒွိဟဖြစ်ခဲ့ရင် Reform ဟာ အတိတ်ဖြစ်ပြီး Revolution ဟာ အနာဂတ်ဖြစ်တယ်ဆိုတာကို သမိုင်းဖြစ်စဥ်ကနေ သုံးသပ်နိုင်ကြဖို့ဖြစ်တယ်။
