တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအရ ရင့်ကျက်မှု

“တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအရ ရင့်ကျက်မှု”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

ဧပြီလကုန် (၂၈ နဲ့ ၂၉) ကူမင်းမှာလုပ်တဲ့ စကစနဲ့ ဆွေးနွေးပွဲကို တအာင်းက မေလဆန်းမှာ ထုတ်ပြန်လာတယ်။ ဒူးလောက်တင်မှ ရင်လောက်ကျဆိုတဲ့ သဘောအရများလားမသိ။ အရင် တအာင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံကလွဲလို့ ကျန် သိမ်းပိုက်ထားတဲ့ မြို့အားလုံးကနေ ပြန်ဆုတ်ပေးရမယ်လို့ စကစဘက်က တောင်းဆိုလာတယ်။

‘တအာင်းဆွေးနွေးပွဲများ’
ဆွေးနွေးပွဲက ဧပြီ ၂၈ စတာဖြစ်တဲ့အတွက် လားရှိုးမြို့ပေါ်အုပ်ချုပ်ရေးကို ကိုးကန့်က စကစကို ပြန်လွှဲပေးတဲ့ ဧပြီ ၂၁ ရက်ကနေကြည့်ရင် တပတ်ပဲကွာတာကို တွေ့ရတယ်။ ဒီအချက်က တရုတ်ဟာ အတိအကျကြီး မဟုတ်ဘူးဆိုရင်တောင် အကြမ်းသတ်မှတ်ထားတဲ့ ကလင်ဒါတခုနဲ့ ညီနောင် ၃ ဖော်ကို ချော့တလှည့် ချောက်တလှည့် သူ့လမ်းကြောင်းထဲ မောင်းသွင်းဖို့ ကြံစည်ထားတယ်လို့ ကောက်ယူနိုင်မှာဖြစ်တယ်။ ခုဆွေးနွေးပွဲမှာ ဘာသဘောတူညီချက်မှမရဘဲ ပျက်သွားတဲ့အတွက် ၃ လခွာပြီး သြဂုတ်လကို ပြန်ချိန်းထားတယ်။ ဒီဆွေးနွေးပွဲက တယောက်နဲ့တယောက် လားရှိုးအပြောင်းအလဲအပြီး အကဲခတ်တဲ့သဘောလောက်ပဲ ရည်ရွယ်ထားကြပုံပေါ်တယ်။

တအာင်းဟာ တရုတ်ဖိအားကြောင့် ဆွေးနွေးပွဲအတွက် လမ်းဖွင့်ထားတယ် ဆိုတဲ့စကားကို ၂၀၂၄ နိုဝင်ဘာမှာ ပြောခဲ့တယ်။ တရုတ်ဘက်က ကိုးကန့်နဲ့ တအာင်းနယ်စပ်ဂိတ်တွေအားလုံးကို ပိတ်ပြီး အစားအသောက်၊ လောင်စာဆီနဲ့ ဆေးဝါး စတာတွေကို ဖြတ်တောက်ပိတ်ဆို့ထားချိန် ဖြစ်တဲ့အတွက် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ တော်လှန်ရေးဘက်က တအာင်းရဲ့အနေအထားကို ကောင်းစွာ နားလည်ပေးခဲ့ကြတယ်။ နောက်တခါဆွေးနွေးပွဲက ဖေဖော်ဝါရီလအတွင်းမှာ ဖြစ်ခဲ့တယ်။ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ နှစ်ရက်ဖြစ်ပြီး ဟိုင်ဂန်မှာ တွေ့ဆုံခဲ့ကြတယ်။

ဖေဖော်ဝါရီဆွေးနွေးပွဲနဲ့ ဧပြီဆွေးနွေးပွဲကြားမှာ ရည်ရွယ်ချက်မတူတာကို တွေ့ရတယ်။ ဧပြီဆွေးနွေးပွဲဟာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေကိစ္စတွေ ဖြစ်လာပေမယ့် ဖေဖော်ဝါရီတုန်းက ဆွေးနွေးပွဲဟာ နှစ်ဘက် ရောက်တဲ့နေရာမှာ စစ်ရပ်ထားဖို့ (လက်နက်ငယ် မြေပြင်စခန်းသိမ်းစစ်ကို ဆိုလိုပုံရ)၊ လေယာဥ် ဒရုန်း အဝေးပစ်တွေသုံးပြီး ထိုးစစ်တွေမလုပ်ဖို့နဲ့ ဒေသခံလူထုအတွက် အစားအစာနဲ့ဆေးဝါး စတဲ့ လိုအပ်ချက်တွေအတွက် လမ်းကြောင်းဖွင့် ပေးဖို့ (လူသားချင်းစာနာမှုသဘော) ကို ဦးတည်တာဖြစ်တယ်။

ဖေဖော်ဝါရီဆွေးနွေးပွဲဟာ ကိုးကန့်နဲ့ စကစ ဆွေးနွေးတဲ့ ဇန်နဝါရီ ၁၅ ရက်နဲ့ ၁ လကွာပြီး ဇန်နဝါရီ ကိုးကန့်ဆွေးနွေးပဲဟာ လားရှိုးပြန်လွှဲပေးဖို့ ပါတဲ့အတွက် ကိုးကန့်ဆွေးနွေးပွဲဟာ တအာင်းထက် ခြေတလှမ်းစောတယ်လို့ သုံးသပ်ရမှာဖြစ်တယ်။ နှစ်ဘက်ဆွေးနွေးသူတွေက ဧပြီလတုန်းက ဆွေးနွေးခဲ့ကြတဲ့ ကစထ-၁ အထူးအဖွဲ့မှူး ဒုဗခကကိုကိုဦးနဲ့ TNLA ခေါင်းဆောင် ဒုဗကခတားဂျုတ်ဂျားတို့ ဖြစ်တဲ့အတွက် သဘောတူညီချက်တွေ မရခဲ့ဘူးဆိုပေမယ့် နှစ်ဘက်စလုံးက ထိုက်သင့်တဲ့ လေးနက်မှုတခုထားပြီး ရောက်လာကြတဲ့ အနေအထားမှာ ရှိနေတဲ့သဘောပါ။

ဆွေးနွေးပွဲကို ၃ လ ခွာလိုက်တဲ့အတွက် တရုတ်ဟာ ဒီ ၃ လအတွင်း အခြား နိုင်ငံတကာအဖြစ်အပျက်တွေ (ကုန်သွယ်စစ်၊ ယူကရိန်းစစ်၊ အရှေ့အလယ်ပိုင်းအနေအထား) နဲ့ ဒေသတွင်းဖြစ်ထွန်းမှု (အိန္ဒိယ-ပါကစ္စတန် သွေးတိုးစမ်းတိုက်ခိုက်မှု၊ ဘင်္ဂလားဒေ့ရှ် လူသားစာနာမှုစင်္ကြန်) စတဲ့ အနေအထားတွေနဲ့ အထူးသဖြင့် အေအေရဲ့ ကျောက်ဖြူထိုးစစ်တွေကို စောင့်ကြည့်သုံးသပ်ပြီး TNLA ကို နောက်တကြိမ်မှာ ကိုင်တွယ်မယ် ယူဆရတယ်။

‘တအာင်း ကေအိုင်အေ ဆွေးနွေးပွဲ’
ကေအိုင်အေနဲ့ တအာင်းကြား ရှမ်းမြောက်မှာ ပွတ်တိုက်မှုတွေ ဖြစ်ခဲ့ကြတာဟာ တော်လှန်ရေးမတိုင်ခင်ကတည်းကဖြစ်တယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ ဖြစ်တဲ့ ကွတ်ခိုင်ဆက်ဆံရေးရုံးကိစ္စကို ကြည့်ရင် ကေအိုင်အေရဲ့ အစဥ်အလာရှိခဲ့တဲ့ရုံးကို TNLA ဘက်က တားမြစ်တယ်ဆိုပေမယ့် TNLA ဘက်ကကြည့်တော့လည်း စစ်ဖြစ်နေတဲ့ကာလမှာ သူသိမ်းထားတဲ့နယ်မြေအတွင်း အခြားတပ်ဖွဲ့တခုက ပြန်လည်နေရာယူ တပ်စွဲတဲ့သဘော သက်ရောက်နေတာဖြစ်တယ်။ (တအောင်းဘက်က ရုံးပြန်ဖွင့်တာကို တရားဝင်အကြောင်းကြားဖို့နဲ့ ယူနီဖောင်းမဝတ်ဖို့ တောင်းဆိုတယ်လို့ သတင်းတွေမှာ ဖော်ပြတယ်)။

နိုင်ငံတနိုင်ငံမှာ လူမျိုးတမျိုးတည်း နေထိုင်တယ်ဆိုတာမရှိသလို ပြည်နယ်တခုမှာ လူမျိုးတမျိုးတည်း နေထိုင်တယ်ဆိုတာလည်း မရှိနိုင်တဲ့သဘောဖြစ်တယ်။ ကချင်ဟာ ရှမ်းမြောက်ဒေသမှာ လူဦးရေ သိန်းနဲ့ချီပြီး နေထိုင်ခဲ့ကြတယ်။ သမိုင်းကြောင်းအရ ကချင် သီးခြားအုပ်ချုပ်ခွင့်ရဒေသ ပုံစံမျိုး သိန္နီစော်ဘွားက ကွတ်ခိုင်တဝိုက် (သူ့နယ်အတွင်း) မှာ ပေးအပ်ခဲ့တာ လွတ်လပ်ရေးမတိုင်ခင် ကာလကတည်းကဖြစ်တယ်။ သို့သော် တဘက်မှာ တော်လှန် ရေးကာလအတွင်း တအာင်းဘက်က ဦးစီးပြီး ရင်းနှီးတိုက်ယူခဲ့တဲ့ဒေသ ဖြစ်တဲ့အတွက် လတ်တလောမှာ တအာင်းအုပ်ချုပ်မှုအတွင်း ရှိနေတာဟာ သဘာဝကျတယ်လို့ ယူဆနိုင်မှာဖြစ်တယ်။

ဒီလိုအနေအထားဟာ ကချင် ရှမ်းမြောက်မှာသာမဟုတ် အခြား ပြည်နယ်ဒေသတွေမှာလည်း ပုံစံတူအခြေအနေတွေကို တွေ့ရမှာဖြစ်လို့ နှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီး သင့်တင့်မျှတတဲ့အဖြေတခုကို ရှာဖွေနိုင်တဲ့ နမူနာကောင်းကို နှစ်ဘက်စလုံးက ပြည်နယ်ကြီးသားပီသစွာ ပြသကြဖို့သာဖြစ်တယ်။ ပြည်နယ် တခုနဲ့ နိုင်ငံရေးအရ လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးလိုတဲ့ လူမျိုးစုတွေအတွက် ရင့်ကျက်တဲ့ နိုင်ငံရေးသဘောထားကို ခုလို အကျပ်အတည်းတွေမှာ ဖော်ပြနိုင်ကြဖို့ဖြစ်တယ်။

‘တော်လှန်ရေးနဲ့ တော်လှန်ရေးအလွန်’
ရှေ့မှာ လူမျိုးစုတခုအတွင်းမှာပဲဖြစ်ဖြစ်၊ လူမျိုးစု တခုနဲ့တခုအကြားမှာပဲဖြစ်ဖြစ် နယ်မြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နယ်မြေတခုအတွင်း ခေါင်းဆောင်မှု ရယူဖို့ပဲဖြစ်ဖြစ် ရင်ဆိုင်ကြရမယ့် ပြဿနာတွေ တွေ့ကြရဦးမှာဖြစ်တယ်။ ဒါဟာ ဖက်ဒရယ်ရဲ့ အခြေခံမှာရှိတဲ့ သဘောသဘာဝဖြစ်တယ်။ (ပြဿနာတွေကတော့ တွေ့ကြရဦးမှာဖြစ်တယ်၊ ပြဿနာကိုမတွေ့ရင် ကိုယ်ကိုယ်တိုင်ဟာ ပြဿနာရဲ့အစိတ်အပိုင်းတခု ဖြစ်နေလို့ဖြစ်တယ်)။ လူမျိုးစုတွေဟာ နယ်မြေပိုင်ဆိုင်မှုနဲ့ သီးခြားလွတ်လပ်ခွင့်ကို ရှေ့တန်းတင်တဲ့အခါ ပထဝီတွေဟာ သမိုင်းကြောင်းနဲ့ပဲဖြစ်ဖြစ် ဥပဒေအရ ရပိုင်ခွင့်နဲ့ပဲဖြစ်ဖြစ် ရင်ဆိုင်ကြရဖို့ရှိတယ်။ ဒါဟာ သေနတ်နဲ့စာအုပ်ကြားက ကွားခြားချက်နဲ့ စိန်ခေါ်ချက်တွေဖြစ်တယ်။

တော်လှန်‌ရေးကာလမှာ ဥပဒေအရ ပိုင်ဆိုင်ခွင့်လို့ဆိုလာရင် တော်လှန်ရေးကိုမဏ္ဍိုင်ထားတဲ့ စုစည်းမှုနဲ့ နယ်မြေသိမ်းပိုက်ရယူမှုအဖြစ် ဖြေရှင်းနိုင်မှာဖြစ် တယ်။ ဒီလိုမှမဟုတ်ဘဲ တော်လှန်ရေးကနေကင်းကွာတဲ့ သီးခြားဖြေရှင်းမှုမျိုး လုပ်မယ်ဆိုရင် လားရှိုးလိုအခြေအနေကို နမူနာယူကြရဖို့ဖြစ်တယ်။တော်လှန်ရေးအတွင်းမှာ (ကျစ်ကျစ်ပါတဲ့) စုစည်းမှုမျိုး မဟုတ်ရင်တောင်မှ တရားဝင်စုစည်းမှုနဲ့ ညီညွတ်ရေးကို မရှိမဖြစ်လိုအပ်ချက်အဖြစ် လက်ခံထားနိုင်ဖို့ဖြစ်တယ်။

ဒီစုစည်းမှုကို တော်လှန်ရေးလွန်ကာလမှာ ဥပဒေနဲ့ ပြန်လည် ပုံဖော်ယူကြရမှာဖြစ်တယ်။

#ကျော်ဇောခိုင် #NewsAnalysis
#TheCall #ခေါ်သံ

About The Call 724 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*