တော်လှန်ရေးနှင့် ပြုပြင်ပြောင်းလဲခြင်း (Revolution and Reform)

ကျော်​​ဇောခိုင်

by The Call

⁨ ⁨”တော်လှန်ရေးနှင့် ပြုပြင်ပြောင်းလဲခြင်း (Revolution and Reform)”
– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ကျော်​​ဇောခိုင်

မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်တဲ့သတင်းဟာ ဒီတပတ်သတင်းတွေ အားလုံးကို လွှမ်းမိုးသွားခဲ့တာတွေ့ရတယ်။ စစ်တပ်ဟာ အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်မယ်လို့ ထုတ်ပြန်ပြောဆိုထားတာမျိုး ရှေ့မှာတွေ့ခဲ့ပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် လမျိုးမှာ ခုလို မဆင်မခြင် တိုက်ခိုက်လိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ဘူး။

ဒီလို မမျှော်လင်ခဲ့တာက လာမယ့် ရွေးကောက်ပွဲဟာ တော်လှန်ရေးအတွက် အပြောင်းအလဲကြီးမားမှု မရှိနိုင်ပေမယ့် စစ်အုပ်စုအတွက်တော့ ၂၀၂၁ စစ်အာဏာသိမ်းလုပ်ရပ် တခုလုံးအတွက် မဖြစ်မနေ ဖြတ်သန်းရမယ့် မှတ်တိုင်တခု ဖြစ်တဲ့အတွက်ဖြစ်တယ်။

‘၂၀၀၈ ခြေဥ’
၂၀၀၈ ခြေဥဟာ ၂၀၂၁ စစ်အာဏာမသိမ်းခင်မှာကတည်းက စစ်တပ်အတွက် ဖျက်ပစ်မလား၊ ဆက်ထိန်းထားမလား ဝေခွဲမရဖြစ်စေတဲ့ ဥပဒေဖြစ်ခဲ့တာ တွေ့ရတယ်။ နောက်ဆုံးမှာ စစ်အာဏာသိမ်းကို (အလုံးစုံ မကိုက်ညီပေမယ့်) ၂၀၀၈ ခြေဥအတွင်းက အာဏာထိန်းယူခဲ့ရတယ် ဆိုတဲ့ အကြောင်းပြချက်မျိုးပြပြီး အာဏာသိမ်းယူခဲ့တယ်။

ဒီအကျိုးဆက်က သမ္မတက ကာလုံမှာ ကာချုပ်ကို အာဏာလွှဲရတာဖြစ်လို့ ဒုသမ္မတ (ကွယ်လွန်သူ ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် ဖန်တီးပြီး) ကနေ ကာချုပ်မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းပေးခဲ့တယ်။

၂၀၂၅ ဇူလိုင် ၃၁ မှာ ရှေ့က အာဏာသိမ်းတဲ့အထုံးကို ပြန်ဖြည်တယ်။ အဲဒါက စကစကနေ စကမ အသွင်ပြောင်းပြီး ကာချုပ် မင်းအောင်လှိုင်ကနေ ယာယီသမ္မတ မင်းအောင်လှိုင်ကို ကာလုံအောက်ကနေ ပြန် အာဏာလွှဲပေးခဲ့တာဖြစ်တယ်။

အဓိပ္ပါယ်က အရေးပေါ်ကာလ ကုန်ဆုံးသွားခဲ့ပြီလို့ ဆိုလိုတာဖြစ်တယ်။ ခြေဥဘောင်ထဲကအတိုင်း သမ္မတကို အာဏာပြန်လွှဲပေးတဲ့နောက်မှာ ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပရမယ် ဆိုတဲ့အချက်ကို စကမက လိုက်နာဖို့ကြိုးစားနေတဲ့သဘောဖြစ်တယ်။ (မှတ်ချက် – အရေးပေါ်ကာလ ၁ နှစ်နဲ့ ၆ လသက်တမ်း ၂ ခါ နောက် ၁ နှစ်၊ ပေါင်း ၂ နှစ်ကိုတော့ အများကြီး ဆွဲဆန့်ခဲ့တယ်။ ဒါပေမယ့် သမ္မတကို အာဏာပြန်လွှဲပေးပြီး ရွေးကောက်ပွဲကျင်းပဖို့ ၆ လအတွင်း ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုတော့ လိုက်နာတယ်။ ဒီနေရာမှာ စကမအတွက် စစ်ရေးမှာ ထွက်ပေါက်တချို့ ရလာတာက တကြောင်းဖြစ်သလို ရွေးကောက်ပွဲကို အချိန်ဆွဲထားတာထက် ရွေးကောက်ခံအစိုးရပုံစံ အသွင်ပြောင်းခြင်းဟာ အခြား အထွေထွေ အကျပ်အတည်းတချို့ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆထားတာကြောင့်ဖြစ်တယ်။)

ဂိမ်းသီအိုရီအရပြောရင် ရွေးကောက်ပွဲဟာ စစ်တပ်အတွက် အားလုံးကို ဖြေရှင်းပေးနိုင်မယ့် ပျောက်စေဆေးလုံး မဟုတ်ဘူး။ ပြိုင်ဘက်ကို အလဲထိုးနိုင်မယ့် အကွက်မျိုးမဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နေတဲ့ အခြေအနေတွေအတွင်းမှာ အကောင်းဆုံး ရွေးချယ်နိုင်တဲ့ အနေအထားတခု ဖြစ်နေတယ်။ ဒါကို ဂိမ်းသီအိုရီမှာ Dominant Strategy လို့ခေါ်တယ်။ သူများထက် (ပြိုင်ဘက်ထက်) ကောင်းတဲ့ မဟာဗျူဟာမဟုတ်ဘူး။ အခြေအနေတခုအတွင်းမှာ ကိုယ်ရနိုင်တဲ့ အကောင်းဆုံးဗျူဟာကို ဆိုလိုတယ်။

‘အဖွဲ့အစည်းပုံစံကိုပြောင်းခြင်း (Organizational Change)’
၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တော်လှန်ရေးဘက်မှာ အဆင့်လိုက် တိုးတက်ဖြစ်ထွန်းမှုတွေ ရှိခဲ့သလို စစ်တပ်ဘက်မှာလည်း ဆက်လက်ရှင်သန်ဖို့ အပြောင်းအလဲတွေ ဖန်တီးခဲ့တာကို တွေ့ရတယ်။ အပြောင်းအလဲတခုကို ဖန်တီးရာမှာ ရည်ရွယ်ချက်က ဘာလဲ၊ နောက်ခံအခြေအနေတွေက ဘာလဲ၊ ရှေ့ကို ဘယ်လိုပုံစံ ဆက်ဖြစ်သွားနိုင်သလဲ စတဲ့ စဥ်းစားချက်တွေ (အဓိကမှာ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ နောက်ခံအဖြစ်အပျက်တွေ) ကို မူတည်ပြီး ကိုယ့်အဖွဲ့အစည်းကို ရည်မှန်းချက်အရ၊ ရပ်တည်ချက်အရ ပြုပြင်ယူကြရတာဖြစ်တယ်။

စစ်တပ်ဟာ အဖွဲ့အစည်းအရ အမိန့်နာခံမှုနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် အပြောင်းအလဲတိုင်းကို အပေါ်မှာရှိတဲ့ အာဏာပါဝါကိုသုံးပြီး အောက်ခြေကို (စစ်တပ်အတွင်းမှာပဲဖြစ်ဖြစ် ဝန်ထမ်းကိုပဲဖြစ်ဖြစ် လူထုကိုပဲဖြစ်ဖြစ်) ဖိအားပေးပြီး ဖြေရှင်းနိုင်တယ်၊ ဖြေရှင်းခဲ့တယ်။ အချိန်ကာလနဲ့ပတ်သက်တဲ့ အလှည့်အပြောင်းကို ဖြစ်ရပ်တွေပေါ်မူတည်ပြီး ရွေးချယ်ခဲ့တာကို တွေ့ရတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီမိုကရေစီအလေ့အကျင့်တွင်းက‌ ပေါက်ဖွားလာတဲ့ အစိုးရတရပ်ဖြစ်လို့ အာဏာသုံးစွဲနိုင်မှုမှာ စစ်တပ်လို အပေါ်ကဖိအားကို အစွမ်းကုန် အသုံးမချနိုင်ဘူး။ လူရွေးချယ်မှုမှာ အစိုးရသက်တမ်း ၅ နှစ်ဖြစ်ခဲ့တဲ့ အချိန်ကာလအတွင်း အကျပ်အတည်းပေါင်းစုံ အတွင်းကနေ အကောင်းဆုံး စီမံနိုင်ဖို့အတွက် အသင့်တော်ဆုံးလူဟာ ပါတီမူဝါဒနဲ့ နီးစပ်မှု၊ သစ္စာခံမှု၊ နိုင်ငံရေးဖြတ်သန်းမှုတွေကို မူတည်ရွေးချယ်ခဲ့တယ်။ ဒီအတွေ့အကြုံနဲ့ ယဥ်ကျေးမှုဟာ တော်လှန်ရေးကာလအထိ လိုက်ပါလာတာကို တွေ့ရတယ်။

ဆိုလိုတာက လူရွေးချယ်မှုနဲ့ မူချမှတ်မှုဟာ အစိုးရသက်တမ်း ၅ နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှုအခြေခံကို ဆက်လက် ဆွဲကိုင်ထားတဲ့သဘော တွေ့ရတယ်။ စစ်ပွဲနည်းတူ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်းက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဒေသတွင်း လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ အစရှိသည်တို့ရဲ့ ဖိစီးမှုကို ငဲ့ကြည့်နေတာ တွေ့ရတယ်။ လွယ်အောင်ပြောရရင် နုဂျီအပြောင်းအလဲဟာ Reform based ဖြစ်ပြီး စစ်အနိုင်တိုက်ရေးလုံးလုံးဖြစ်တဲ့ Revolution based မဟုတ်တာကို တွေ့ရတယ်။

‘၂၀၂၆’
လတ်တလော ချင်း (ဖလမ်း)တိုက်ပွဲ၊ မိုးကုတ်နဲ့ မိုးမိတ် (မန်းနဲ့ ရှမ်းမြောက်) တိုက်ပွဲ၊ စစ်ကိုင်း၊ ရခိုင် (ကျောက်ဖြူ၊ မကွေး၊ ပဲခူး၊ ဧရာဝတီ) တိုက်ပွဲတွေနဲ့ ကရင်ဒေသတွင်းက ကျားဖြန့်နှိမ်နှင်းရေးခေါင်းစဥ်နဲ့ နိုင်ငံတကာခြေလှမ်း အနုတ်အသိမ်းတွေကြားမှာပဲ ရွေးကောက်ပွဲဟာ ၂ ပတ်အတွင်း ပထမအဆင့်ကို ရောက်ရှိလာမှာဖြစ်တယ်။

စစ်တပ်ဟာ ရွေးကောက်ပွဲကြောင့်ရတဲ့ အားသာချက်ရှိသလို အားနည်းချက်တွေကိုလည်း တွေ့ကြရဖို့ရှိတယ်။ တော်လှန်ရေးဘက်က ဒီအပြောင်းအလဲကို ပြုပြင်ပြောင်းလဲရေးအခြေခံနဲ့ ကြည့်မလား၊ တော်လှန်ရေးအခြေခံနဲ့ကြည့်မလား ရွေးချယ်ကြရဖို့ ဖြစ်လာနိုင်တယ်လို့ ယူဆမိတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment