
“တော်လှန်ရေးလမ်းခရီးမှာ ကျပျောက်မသွားသင့်တဲ့ ကိုယ့်ကိုယ်ကို လေးစားစိတ်”

ဘဝမှာ အကြောက်ဆုံးက ကိုယ့်ကိုယ်ကို လေးစားစိတ် ပျောက်ဆုံးသွားမှာကိုပါပဲ။ ကျမတို့ဟာ ကိုယ့်ကိုယ်ကို လေးစားလို့ တော်လှန်နေကြတာ ဖြစ်ပါတယ်။ မိမိအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ မတရားမှုကို မခံနိုင်လို့ တော်လှန်နေကြတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားရင် ကိုယ့်အပေါ်လုပ်တာ မကြိုက်တဲ့ အပြုအမူကို သူတပါးကိုလည်း မလုပ်ရသလို လုပ်လာရင်လည်း ငုံ့မခံတဲ့စိတ် ရှိပါတယ်။ ကိုယ်တိုင်က မကြိုက်ပါဘူးလို့ အော်ဟစ်နေပြီး ကိုယ်တိုင် အဲဒီလို အပြုအမူမျိုးကို လုပ်နေရင်လည်း ကိုယ့်ကိုယ်ကို မလေးစားတာပါဘဲ။ ဆရာတာရာမင်းဝေက ပြောဖူးပါတယ်။ “သူ့လိုမဖြစ်ချင်ရင် သူ့ကိုကြည့်ပါ။ သို့သော် သူ့ကိုကြည့်ရင်း သူ့လိုဖြစ်သွားတတ်သည်။” တဲ့။ (စာသားအတိအကျနီးပါး မှတ်မိသလောက် ရေးပေမယ့် စကားလုံး အထားအသို အနည်းငယ် မှားနိုင်ပါတယ်)
မိမိအား လက်နက်ပြ အကြောက်တရားဖြင့် ထိန်းချုပ်မှုကို မခံနိုင်လို့ တော်လှန်နေကြတာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို မတရားမှုကို လက်မခံနိုင် လို့ တရားမျှတမှုအတွက် တော်လှန်နေကြတာ ဖြစ်ပါတယ်။ မိမိအပေါ် မတရားမှုမှန်သမျှ၊ မိမိ၏ မိဘအပေါ် မတရားမှု မှန်သမျှ၊ မိမိ ဆွေမျိုးသားချင်း မိတ်ဆွေများအပေါ် မတရားမှု မှန်သမျှ၊ တော်လှန်ရေးမှာတော့ မိမိတိုင်းပြည်ရဲ့ ပြည်သူများအပေါ် မတရားမှု မှန်သမျှအတွက် တော်လှန်နေကြတာဖြစ် လို့ ကိုယ့်ကိုယ်ကိုလေးစားမှု မဆိတ်သုဥ်းချင်ရင် ကိုယ်တိုင်မကြိုက်တဲ့ မတရားမှုမှန်သမျှကို သူတပါးအပေါ်၊ ပြည်သူအပေါ် မပြုလုပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို လေးစားကြရပါမယ်။
ကိုယ့်ထိမှ နာတတ်တာဟာ ကိုယ့်ကိုယ်ကို လေးစားတာမဟုတ်ပါ။ ဘယ်လို မတရားမှုမျိုးကိုမဆို သူတပါးမပြောပါနှင့် မိမိကိုယ်တိုင် လုပ်မိရင်တောင် မိမိကိုယ်ကို ထိန်းကျောင်း ဆုံးမရပါမယ်။ မတရားစိတ်ကို ကိုယ်ကိုယ့်ကို လေးစားစိတ်နဲ့ တော်လှန်ရပါမယ်။ ဒါဟာ မိမိကိုယ်ကို ရိုသေလေးစားခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ကို လေးစားကြရင် မတရားမှုတွေ နည်းလာမယ်။ ကိုယ်ချင်းစာတရားတွေ များလာပါမယ်။ မတူကွဲပြားမှုတွေကို လက်ခံလာနိုင်ပါမယ်။ မေတ္တာတရားတွေ ဆက်လက် ရှင်သန်လာပါမယ်။
ကိုယ့်ကိုယ်ကို လေးစားရင် မတရားတဲ့ဘက် မရပ်အောင် နေဖြစ်ကြမယ်။ မတရားတဲ့ဘက်မှာ ရပ်မိရင်၊ မတရားမှုကို ကိုယ်တိုင်ကျူးလွန်မိရင် ကိုယ့်ကိုယ်ကို မလေးစားနိုင်တော့သလို နောက်ထပ်ကျူးလွန်ဖို့လည်း ဝန်မလေးတော့ပါ။ အကြမ်းဖက်စစ်တပ်လို မဖြစ်ချင်ရင် အကြမ်းဖက်စစ်တပ်ကို ကြည့်ပါ။ သို့သော် သူ့ကိုကြည့်ရင်း သူ့လိုမဖြစ်ကြစေဖို့ တော်လှန်ရေးလမ်းခရီးမှာ ကိုယ့်ကိုယ်ကို ရိုသေလေးစားမှုကလေး ကျမပျောက်စေရန် အသိ၊ သတိ ကပ်နိုင် ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။
၂.၅.၂၀၂၅
Be the first to comment