ဒါမှ တို့ပညာရေး

က​ဝေ

by The Call
‘ဒါမှ တို့ပညာရေး’
◼️ က​ဝေ
မြန်မာနိုင်ငံရဲ့ ပညာရေးက တိုးတက်မတက်တော့ မသိ။ အစိုးရကျောင်းတွေမှာ ဆုရကျောင်းသားတွေက ကျောင်းကို ပိုက်ဆံပြန်ပေးနေရလို့ ကျောင်းသားမိဘတွေ သွေးတက်နေတာတော့ အမှန်။
မနေ့တုန်းကပဲ အိမ်ဘေးက မမြတင်က သူ့သားလေး KG မှာ ဆုရတဲ့အကြောင်း ဝမ်းသာအားရ လာပြောသွားသည်။ ဟော ဒီနေ့ကျ မျက်စိပျက်မျက်နှာပျက်နဲ့ သူ့သားလေး ဆုရလို့ဆိုပြီး ဆရာမက ပိုက်ဆံ ၆ သောင်း တောင်းသတဲ့။ ဆုပေးပွဲ ဖြစ်မြောက်ဖို့ ဆိုပဲ။
ဘယ့်နှယ်။
အရင်တုန်းက ပညာရေးစနစ်မကောင်းဘူးဆိုတာတောင် ကျောင်းတွေမှာ ဆုတွေတော့ ပေးနိုင်သေးသည်။ တန်ဖိုးကြီးတာ မရဘူးဆိုရင်တောင် ဆုတံဆိပ်လေးတခုကတော့ ပိုက်ဆံမကုန်ဘဲ ရသေးသည်။
အခုတော့ ဆုရလို့ ကိုယ်က ၆၀၀၀၀ ပေးရမတဲ့။
ကြား ကြားဖူးပေါင်။
အိမ်ကမိန်းမကတော့ ညည်းနေသည်။
“ဆုရလို့ပေးရမှာက ၆၀၀၀၀၊ ဆုပေးပွဲမှာဝတ်ဖို့ ဝတ်စုံလေးကလည်း ဝယ်ဦးမှ၊ ဆုရလို့ဆိုပြီး ပူဆာလို့ ဝယ်ပေးရဦးမှာနဲ့။ တသိန်းခွဲ၊ နှစ်သိန်းကတော့ ကုန်မှာ” ဆိုပဲ။
နောက်တနေ့‌ လက်ဖက်ရည်ဆိုင်မှာ ဒီအကြောင်းပြောဖြစ်တော့ ၃ တန်းမှာ ဆုရတဲ့ကောင်မလေးရဲ့ အဖေက ၁ သိန်း ပေးရကြောင်း၊ ၇ တန်းမှာဆုရတဲ့ ကောင်လေးရဲ့အဖေက ၂ သိန်းပေးရကြောင်း အပြိုင်ပြောကြတော့မှ အော် ပညာရေးစနစ်ကြီးလည်း ဘယ်လိုဖြစ်နေပြီလဲ လို့တောင် တွေးမိသွားသည်။
နောက်ဆို ကျောင်းသားမိဘတွေ ဆုံလို့ စကားပြောကြပြီဆို
“ကျမသားလေးက သိပ်တော်တာ၊ ကျောင်းတက်တဲ့ကာလတလျှောက် သူ့အတွက် ဘယ်တော့မှ ပိုက်ဆံမကုန်ရဘူး။ ဆုလည်းတခါမှ မရဘူး” လို့ ဂုဏ်ယူသံတွေနဲ့ ပြောကြရမယ့်ကိန်း ပေါက်ပြီ။
“နင် အဆော့ပဲမက်မနေနဲ့၊ စာလည်းကျက်ဦး” လို့တောင် ပြောကြပါတော့မလားမသိ။ စာမကျက်လေ၊ အဆင့်မဝင်လေ အကုန်အကျ သက်သာလေ မဟုတ်လား။
“နင်စာပဲကျက်နေရင် ငါ့အိမ်ကအခုဆင်းသွား” ဆိုတဲ့ မိဘမျိုးတွေတောင် ပေါ်ချင်ပေါ်လာလိမ့်ဦးမည်။
တချို့အဖေတွေဆီက “ငါ့သား ဒီနှစ်မင်း ဆုမဝင်ရင် မင်းလိုချင်တာ အဖေဝယ်ပေးမယ်ကွာ” ဆိုတာမျိုးတောင် ကြားချင်ကြားရနိုင်သေးသည်။
ပိုက်ဆံရှိသူတွေအတွက် ဒီလောက်ပိုက်ဆံလေးက ဘာမှမဟုတ်ပေမယ့် သာမန်လက်လုပ်လက်စားသမားတွေအတွက်ကတော့ ဒီပမာဏက မလွယ်။
အိမ်ရှေ့ကုလားထိုင်မှာ ထိုင်ကာ ဖုန်းပွတ်နေရင်း သားတော်မောင် ပြန်ရောက်လာသည်။ သူက ၅ တန်း။ တခါမှ ဆုရဖူးသူမဟုတ်။စာညံ့လို့သာ အဆူခံနေရတာချည်း။ အခုလည်း ကျောင်းက ပြန်လာတော့ မျက်နှာသိပ်မကောင်း။ အိမ်ထဲ ခေါင်းငိုက်စိုက်နဲ့ ဝင်သွားသည်။
ခဏနေတော့ အိမ်ထဲကနေ စာရွက်တရွက်နဲ့ အပြင်ပြန်ထွက်လာသည်။ အနောက်မှာ သူ့အမေလည်း ပါလာသည်။
“အဖေ သား ရီပို့ကတ်ရပြီ”
သားတော်မောင် ရီပို့ကတ်ကို ကြည့်တိုင်း အမှတ်နည်းလို့ စိတ်တိုနေရစမြဲ။ ဒီတကြိမ်လည်း အမှတ်တွေက နည်းတာပါပဲ။
ဒါပေမယ့် စိတ်ထဲမှာတော့ ဘာလိုလိုကြီး ခံစားနေရသည်။ ပျော်သလိုလို၊ ပြုံးချင်သလိုလို။
မိန်းမ မျက်နှာကို လှမ်းကြည့်တော့လည်း ပြုံးပြုံးကြီး။ ရီပို့ကတ်မှာ လက်မှတ်ထိုးပြီး သားတော်မောင်ကို ပြန်ပေးလိုက်သည်။ သူကတော့ အဆူမခံရလို့ တော်သေးတယ် ဟု တွေးပြီး အိမ်ထဲပြန်ဝင်သွားသလားမသိ။
အိမ်အပြင်မှာ ကျန်နေခဲ့တဲ့ ကိုယ်တို့လင်မယားကတော့ တယောက်မျက်နှာတယောက်ကြည့်ရင်း ပြုံးပြုံးကြီး။ ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment