ဒေသတွင်း ဟန်ချက်ညီလုပ်ဆောင်မှု လိုအပ်နေသည့် အကြပ်အတည်း

“ဒေသတွင်း ဟန်ချက်ညီလုပ်ဆောင်မှု လိုအပ်နေသည့် အကြပ်အတည်း”

▪️မတ်လ ၂ ရက်နေ့က Bangkok Post သတင်းစာတွင် ဖော်ပြခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဖြစ်သူ ဒူဝါ လရှီးလ၏ ‘Crisis in need of regional accord’ ဆောင်းပါးကို ကျော်မိုးက The Call ပရိသတ်အတွက် ဘာသာပြန်ဆိုထားပါသည်။

(မူရင်း – https://www.bangkokpost.com/…/crisis-in-need-of…)

၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းလိုက်မှုသည် မြန်မာနိုင်ငံကို နိုင်ငံရေးအကြပ်အတည်းတခုတွင်းသို့ ဆင်းသက်သွားစေခဲ့သည်။ နှစ်နှစ်ကြာပြီးနောက်တွင် ယင်းဖြစ်ရပ်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ဖြစ်လာသည်။ ကမ္ဘာ့စားနပ်ရိက္ခာာအစီအစဥ်၏ အဆိုအရ ကျွန်ုပ်တို့ လူဦးရေ ထက်ဝက်သည် လုံလောက်သည့် စားနပ်ရိက္ခ မရှိဖြစ်နေသည်။ စစ်တပ်၏ စစ်ဆင်တိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၅၅,၀၀၀ ကျော် ဖျက်ဆီးခံထားရသလို လူပေါင်း ၁.၆ သန်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

ထိုင်းနှင့်အိန္ဒိယသို့ ထွက်ပြေးသွားသူ ၇၀,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အတိုက်အခံများကိုချေမှုန်းရန် စစ်ဆင် တိုက်ခိုက်မှုများကို စစ်တပ်က တိုးမြှင့်လုပ်ဆောင်နေသောကြောင့် လာမည့်လများအတွင်း အစားအစာငတ်မွတ်မှု နှင့် ရွှေ့ပြောင်းထွက်ပြေးရမှု ပိုဆိုးလာမည်ဖြစ်သည်။

ဒေသတွင်းနိုင်ငံများ စုပေါင်းကာ စနစ်တကျ ညှိနှိုင်းထားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်လုပ်ဆောင်မှုဖြင့်သာ မြန်မာနိုင်ငံတွင်းရှိ လူ့အသက်များကို ကယ်တင်နိုင်မည်ဖြစ်သလို ဒုက္ခသည်ဆိုင်ရာ အကြပ်အတည်း အလုံးစုံ ပေါက်ကွဲထွက်လာနိုင်ခြေရှိမှုမှ ရှောင်လွှဲနိုင်မည်ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၂,၄၁၆ ကီလိုမီတာ ရှည်လျားသည့် နယ်နိမိတ်ရှိကာ အာဆီယံနိုင်ငံများအနေဖြင့် အဓိကကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန် အရေးကြီးလျက်ရှိသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာအပါအဝင် မြန်မာ့အရေးနှင့်ပတ်သက်၍ အဖြေရှာနိုင်ရန် အာဆီယံက ပါဝင်လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ရေးတွင် နိုင်ငံတကာကြား ပိုမို ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ၂၀၂၂ ခုနစ် နိုဝင်ဘာလတွင် ပြုလုပ်သည့် အာဆီယံညီလာခံတွင် ပြောကြားထားသည်။ ဒေသတွင်းနိုင်ငံများကြား ကောင်းမွန်စွာ ညှိနှိုင်းလုပ်ဆောင်မှုဖြင့်သာ နိုင်ငံတွင်း သိသိသာသာများပြားသည့် အကူအညီများကို ထိရောက်သည့် လမ်းကြောင်းများမှ ပေးအပ်နိုင်မည်ဖြစ်သည်။ ယင်းသို့လုပ်ဆောင်မှုတွင် နယ်စပ်ဖြတ်ကျော် ပေးအပ်မှုလည်း ပါဝင်သလို အကူအညီများကို ထိရောက်စွာ ပေးအပ်နိုင်သူများနှင့် ပူးပေါင်းလုပ်ဆောင်မှုလည်း ပါဝင်သည်။

ယင်းအချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါက အရေးပါသည့် အင်အားစုများအားလုံးနှင့် ထိတွေ့ဆက်ဆံရေးဆိုသည့် အာဆီယံညီလာခံတွင် ကတိပြုပြောကြားထားမှုသည် လက်တွေ့ကျသည့် ရှေ့ဆက်လုပ်ဆောင်စရာ ဖြစ်လာမည်။ စီးပွားရေးမြို့တော် ရန်ကုန်သည်သာ တခုတည်းသောဝင်ပေါက် မဖြစ်သင့်သလို စစ်ကောင်စီသည်လည်း တခုတည်းသော ကြားခံဆောင်ရွက်သူ မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံနယ်မြေစုစုပေါင်း၏ ထက်ဝက်အောက်နည်းသည့် ပမာဏကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သည်။ ကျွန်ုပ် ပါဝင်ဆောင်ရွက်ခွင့်ရရှိထားသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ် လူမျိုးစုအဖွဲ့များသည် တိုင်းပြည်ဧရိယာ ထက်ဝက်ကို ထိန်းချုပ်ထားပြီဖြစ်သည်။ စတင်ဖွဲ့စည်းသည့် ၂၀၂၁ ခုနစ် ဧပြီလမှ စတင်၍ အမျိုးသားညီညွတ်ရေးအစိုးရသည် အကူအညီများကို ဖြန့်ဝေ ပေးအပ်လျက်ရှိသည်။ ရွှေ့ပြောင်းထွက်ပြေးရမှုနှင့် ငတ်မွတ်မှုကို အဆိုးရွားဆုံး ခံစားနေရသည့် ချင်း၊ ကရင်နီ၊ ကရင်နှင့် ရခိုင်ပြည်နယ်များသည် ရန်ကုန်မြို့ထက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနယ်စပ်တို့နှင့် ပိုမို နီးကပ်လျက်ရှိသည်။ အဆိုပါနယ်မြေများကို အုပ်ချုပ်လျက်ရှိသည့် လူမျိုးစုအဖွဲ့အစည်းများသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အတွေ့အကြုံကို ဆယ်စုနှစ်ချီ ရှိပြီးသားဖြစ်သည်။ ကုန်းလမ်းမှတဆင့် အကူအညီပေးမှုသည် ပိုမြန်၊ ပိုသက်သာ၊ ပိုထိရောက်မည်ဖြစ်သည်။

မြန်မာပြည်သူများ၏ ကောင်းကျိုးကို စစ်အုပ်စုက စိတ်ဝင်စားမှုမရှိပေ။ အကူအညီပေးရေးနှင့်ပတ်သတ်၍ တင်းကျပ်သည့် စည်းမျဥ်းများကို ချမှတ်လျက်ရှိသည်။ ယင်းလုပ်ဆောင်ချက်ကြောင့် စည်းမျဥ်းများအတိုင်း လိုက်နာမည်လား၊ အကူအညီပေးမှုများကို ရပ်တန့်မည်လားဆိုသည့် အရေးပါသည့် ရွေးခြယ်စရာကို အကူအညီပေးအပ်ရေး အဖွဲ့များ လုပ်ဆောင်ရန် လိုအပ်လာသည်။ ကျန်းမာရေးဝန်ထမ်းပေါင်း ၆၀၀ ခန့်ကို စစ်တပ်က ဖမ်းဆီးထားပြီး ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ထားသည်။

အကူအညီပေးရေး ယာဥ်တန်းများကို စစ်တပ်က တိုက်ခိုက်ခဲ့သလို ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၂၁ ခုနစ် ခရစ်စမတ် အကြိုကာလတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း Save the Children မှ ဝန်ထမ်း ၂ ဦး အပါအဝင် ခရီးသွားပေါင်း ၃၅ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ သဘောတူညီချက် ၅ ရပ် ကို အာဆီယံခေါင်းဆောင်များနှင့် ၂၀၂၁ ခုနစ် ဧပြီလတွင် သဘောတူညီခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်မှု မရှိသဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီက စိတ်ဝင်စားမှုမရှိသည်မှာ ထင်ရှားသည်။ အဆိုပါ သဘောတူညီချက်အရ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန်တို့ကို တောင်းဆိုထားသည်။

ထို့အပြင် ရန်ကုန်မှတဆင့် မည်သည့်ဒေသများကိုသာ အကူအညီပေးနိုင်သည်ဆိုသည်ကိုလည်း စစ်တပ်က သိသိသာသာ ကန့်သတ်လျက်ရှိသည်။ ရန်ကုန်ရှိ လူပေါင်း ၂ သန်းကို အကူအညီပေးလျက်ရှိသည်ဟု ကုလသမဂ္ဂက ၂၀၂၂ ခုနစ်တွင် ထုတ်ပြန်ထားသည်။ သို့သော်လည်း လူပေါင်း ၇၀၀,၀၀၀ နေရပ်စွန့်ခွာ ထွက်ပြေးနေသော စစ်ကိုင်းဒေသတွင် လူပေါင်း ၅၄,၀၀၀ ဆီသို့သာ ပေးပို့နိုင်သည်။ ရလာသည့် သင်ခန်းစာသည် လွန်စွာ ရှင်းလင်းသည်။ ရန်ကုန်မှတဆင့် အကူအညီပေးနေပါက အလိုအပ်ဆုံးသော လူထုထံသို့ အကူအညီများ ရောက်ရှိနိုင်မည် မဟုတ်ပါ။

ထို့အပြင် လက်ရှိ လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းကို ဖန်တီးနေသူသည် စစ်တပ်သာဖြစ်သည်။ တိုင်းပြည်ကိုအုပ်စိုးရန် ကြိုးပမ်းမှုတွင် စီးပွားရေးကို ဖြိုချလိုက်သလို လူထုကိုလည်း ဆင်းရဲမွဲတေစေခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးသည် ၁၈% ကျုံ့ဝင်သွားသလို လက်ရှိအချိန်ထိ ပြန်လည် နာလန်ထူလာခြင်းမရှိပေ။ မြန်မာ ကျပ်ငွေတန်ဖိုးသည် ထက်ဝက်ခန့်လျော့ပါးသွားသည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀% ထိရှိလာသည်။ သန်းနှင့်ချီသည့် ပြည်သူများ အလုပ်လက်မဲ့ဖြစ်သွားသည်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ဇန်နဝါရီလတွင်း မပိတ်ပင်ခင်အချိန်ထိ ထောင်နှင့်ချီသော ပြည်သူများသည် နိုင်ငံခြားတွင် အလုပ်အကိုင်ရှာဖွေရန် လစဥ် ထွက်ခွာလျက်ရှိသည်။ လူဦးရေ ထက်ဝက်ခန့်သည် ဆင်းရဲမွဲတေမှု မျဥ်းအောက်တွင် နေထိုင်နေရသည်။ မြို့ပြဒေသများတွင် စစ်တပ်သည် သောင်းနှင့်ချီသည့် လူထု ကို နှင်ထုတ်ခြင်းဖြင့် ၎င်းတို့၏ လူမှုဘဝကို ဖျက်ဆီးလျက်ရှိသည်။ များစွာသော ကြီးမားသည့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများ စွန့်ခွာလျက်ရှိသည်။ ယင်းတွင် တယ်လီနော၊ ကီရင်၊ ဝုဆိုဒ် ပတ်ထရိုလီယံနှင့် တိုတယ်စွမ်းအင်တို့ ပါဝင်သည်။ အတိုက်အခံများကို ချေမှုန်းရန် စစ်တပ်က အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက်ရှိသည်။

၂၀၂၂ ခုနစ် စက်တင်ဘာလတွင် စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာရှိ ကျောင်းတကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၁၁ ဦး သေဆုံးခဲ့သည်။ ကျေးရွာများကို စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းဖြင့် စစ်တပ်သည် လူ့အသိုက်အဝန်းတခုလုံး၏ အစားအသောက်၊ မွေးမြူရေး၊ ပိုင်ဆိုင်မှု၊ ရှင်သန်ရေး အခြေခံလိုအပ်သည့်အရာများကို ဖျက်ဆီးလျက်ရှိသည်။ မြန်မာအလယ်ပိုင်းရှိ စပါး အဓိကထုတ်လုပ်ရာ စစ်ကိုင်းတိုင်း သည် စစ်တပ်၏ မြေလှန်မီးရှို့မှုဒဏ်ကို ရင်ဆိုင်နေရသည်။

ပထဝီမဟာဗျူဟာဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင်လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးတွင် အာဆီယံကဦးဆောင်ရန် ရေခံမြေခံကောင်းရှိနေသည်။ ဥပမာအားဖြင့် လူပေါင်း ၁၄၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့သည့် ၂၀၀၈ ခုနစ် နာဂစ် ဆိုင်ကလုံးအပြီး အကူအညီပေးရေးတွင် အာဆီယံ ဦးဆောင်ခဲ့မှုကဲ့သို့ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာ ဖိအားပေးမှု ဆက်လက် လုပ်ဆောင်နေရမည်ဖြစ်သည်။ သို့သော် ယင်းအကြပ်အတည်း ဖြေရှင်းရေး စိတ်စေတနာရှိသလို စွမ်းဆောင်ရည် ရှိသည့် မြန်မာမိတ်ဖက်များနှင့် ပူးတွဲလုပ်ဆောင်မှုသည် ပိုမိုကောင်းမွန်သည့်ရလဒ် ထွက်လာမည်ဖြစ်သည်။ ယင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျွန်ုပ်တို့၏ မဟာမိတ် လူမျိုးစုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်သည်။ စုပေါင်း အားထုတ် လုပ်ဆောင်မှု မရှိပါက မြန်မာစစ်တပ်၏ ရက်စက်စွာ ပြုမှု လုပ်ဆောင်မှုများမှ ထွက်ပေါ် လာသည့် ဆိုးကျိုးများသည် မြန်မာပြည်သူများသာမက ဒေသတွင်း နိုင်ငံများအပေါ် သက်ရောက်မှု ရှိလာမည်ဖြစ်သည်။

About The Call 716 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*