
“နာရီတလုံးရဲ့ ဒဏ္ဍာရီ”မောင်နေဦး
“ဂျက်ကီရေ ဘယ်နှနာရီ ထိုးပြီလဲကွ”
ဒါက သူ့ကို အမြဲစနေကြ စကားတခွန်းပါ။ ကျနော်တို့ စခန်းချနေတဲ့နေရာကနေ မိုင် ၂၀ လောက်ဝေးတဲ့ မြို့ငယ်လေးကနေ Casio တံဆိပ် နာရီသုံးလုံးရောက်လာတယ်။ ဂျက်ကီ့အတွက် ရတဲ့တလုံးက လက်ထဲပတ်ပြီး မကြာခင်ပဲ ရေဝင်ပြီး ပျက်သွားတာ။
အဲဒါနဲ့ ကျနော်တို့က ပျင်းတိုင်း ဂျက်ကီ့ကို အမြဲ စနောက်နေကြ။ သူ့အတွက် လက်ဆောင်ရထားတဲ့ နာရီလေးမလို့လား မသိ၊ တန်ဖိုးထားရှာတယ်။ ဂဏန်းတွေ မပေါ်တော့တာတောင် ဆက်ပြီးပတ်ထားတုန်းပဲ။ ပြီးတော့ ဂျက်ကီ့မှာလည်း ရာဇဝင်နဲ့ဗျ။ သူနေတဲ့ မြို့လေးကနေ ရွှေပိန္နဲစခန်းကို တက်လာတော့ ရှူးရှဲတတွဲ ပိုက်ဆံ ၅၀၀ ပဲ ပါခဲ့တယ်ဆိုပဲ။
ရွှေပိန္နဲစခန်းလို့ အမည်တွင်တာက အမြဲတမ်း ပိန္နဲသီး ချက်ကျွေးလို့ဗျ ။ အဲဒီစခန်းက သင်တန်းမတက်ခင် ကျနော်တို့ နှစ်ပတ်လောက် နေခဲ့ရသေးတယ်။
ဂျက်ကီက ကျနော်တို့နဲ့ဆုံတိုင်း အဲဒီအကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ အမြဲပြောလေ့ရှိတယ်။
“အကိုရာ ကျနော်တို့လို ဆင်းရဲသားတွေအတွက် တိုင်းပြည်ကောင်းစားဖို့ဆိုရင် ပေးစရာ အသက်ပဲ ရှိပါတယ်” လို့လည်း အမြဲပြောလေ့ရှိတယ်။
ဂျက်ကီဟာ အမြဲ ပြုံးပျော်နေတတ်ပြီး လူတိုင်းကို စိတ်ရင်းစေတနာကောင်းနဲ့ ကူညီတတ်သူပါ။ သူ့ရဲ့ အရပ်ပုပုနဲ့ ကလေးရုပ်လေးကို ကြည့်ပြီး ဘေဘီစိုးဂျားဆိုတဲ့ နာမည်ကို သင်တန်းမှာ နာမည်ပေးလိုက်ကြတယ်။ သူ ဒီဘက်ကို တက်မလာခင်က ကျန်ခဲ့တဲ့ ကောင်မလေးကလည်း ကြားထဲ အဆက်အသွယ်ပြတ်သွားတော့ နောက်ထပ် အသစ်ရသွားတယ်ဆိုပဲ။ အဲဒီသတင်း မသိရခင်က သူက အမြဲတမ်း ဖုန်းထဲက သူ့ကောင်မလေးပုံ ထုတ်ပြီး ကျနော်တို့ကို ကြွားလေ့ရှိတယ်။ သူ လိုင်းရတဲ့အချိန် အဲဒီသတင်း သိရပြီးနောက်ပိုင်း ကောင်မလေးအကြောင်းကို သိပ်မပြောတော့ဘူး။
တခါတလေဆို ဘယ်သူ့မှ စကားမပြောဘဲ ဆေးလိပ်ခဲပြီး တယောက်ထဲ ငိုင်နေလေ့ရှိတယ်။ တခါက မူးမူးနဲ့ သူ့ဆီက စကားတခု ထွက်လာတာ ကျနော် မှတ်မိသေးတယ်။
“သူပြန်လာမယ်ဆို ကျနော်က လက်ခံဖို့ အသင့်ပါပဲ” တဲ့။
အမေ့ရဲ့ ဝမ်းကြာတိုက်က ကျနော်တို့ စတင်ထွက်လာခဲ့ချိန်က ဘဝရဲ့ ပထမဆုံးမွေးဖွားခြင်းဆိုရင် စစ်သင်တန်းပြီးတဲ့နေ့က ကျနော်တို့ရဲ့ ဒုတိယဘဝ စတင်ခြင်းပဲ။
သင်တန်းတလျှောက် ကြုံသမျှ အခက်အခဲတွေ၊ အန္တရာယ်တွေ အားလုံးကို ရင်ဆိုင်ဖြေရှင်းလာကြတဲ့ ညီနောင်ရဲဘော်တွေဟာ သွေးမတော်သားမစပ်တဲ့ ညီကိုသားချင်းတွေပဲ။ ဒီလူတွေနဲ့သာ အတူတိုက်မယ်ဆိုရင် တိုက်သမျှ တိုက်ပွဲတိုင်း အောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်တခုလည်း အားလုံးကြားထဲမှာ ခိုင်ခိုင်မာမာရှိကြတယ်။
အထက်က နာရီအကြောင်းကို ပြန်ဆက်ရရင် ကျနော်က ဂျက်ကီ့ကို နာရီအသစ်တလုံး ဝယ်ပေးမယ့်အကြောင်း၊ အဲဒီနာရီအစုတ်လေးကို လွှင့်ပစ်လိုက်ပြီး ကျနော့်ဆီကရမယ့် နာရီအသစ်လေးကိုပဲ စောင့်နေပါလားပြောရင် ကျနော်ပေးတဲ့ နာရီတော့ ယူမယ်၊ အဲဒီနာရီလေးတော့ မပစ်လိုက်ပါရစေနဲ့တဲ့။
ကျနော်တို့ သင်တန်းဆင်းပြီး သုံးလလောက်ကြာတော့ နေ့စဉ်ရက်ဆက် အတူသွား၊ အတူစား၊ အတူပြေးခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ ရုတ်တရက် အကြောင်းအမျိုးမျိုးကြောင့် တနေရာစီ ဝေးသွားကြတယ်။ တချို့ကလည်း ကိုယ့်ဇာတိနယ်မြေတွေ ပြန်ရောက်ကုန်ကြတယ်၊ တချို့လည်း မြို့ပေါ်ပြန်တက်သွားတယ်။ တချို့လည်း အဲဒီဒေသမှာ ဆက်တိုက်နေတုန်းပဲ။ ဂျက်ကီလည်း သူ့နေရင်းဒေသ ရောက်ပြီးနောက်ပိုင်း ကျနော်နဲ့ ဝေးသွားတယ်။အဲဒီနောက်ပိုင်း နေကောင်းလား၊ အဆင်ပြေလားလောက်ပဲ လိုင်းပေါ်ကနေ ပြောဖြစ်တော့တယ်။
သူမကျဆုံးခင် တရက်ကျော်လောက်က ကျနော်တို့ ပြောဖြစ်ခဲ့ကြသေးတယ်။ ပြည်သူတွေပေးတဲ့ မုန့်တွေပြပြီး သူက ကျနော့်ကို ကြွားနေတာ။ ပြီးတော့ သူ့ဆီလာလည်ဖို့လည်း ပြောတယ်။
ကျနော်လည်း လာခဲ့မယ်ပေါ့။
“အစစအရာရာ ဂရုစိုက်၊ ဒါနဲ့ ငါ မင်းကို နာရီပေးမယ် ပြောထားတာလေ၊ အဲဒါလေး မကြာခင် ပို့ပေးလိုက်ဦးမယ်”
ဒီလိုပြောတော့ သူလည်း ဝမ်းပန်းတသာနဲ့ ခေါင်းညိတ်ပြပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ မတ်လ ၇ ရက်၊ ၂၀၂၂။ အဲဒီဘက်ဒေသအရဆို မနက်ခင်းတွေမှာ တော်တော်အေးသေးတယ်။
ဂျက်ကီက သူ့အကောင့် မိုင်ဒေးမှာ တင်ထားတယ်။ အရမ်းအေးပေမယ့် အားတင်းထားတယ် ဆိုတဲ့အကြောင်း။ သူ့အိမ်ကိုလည်း လွမ်းတဲ့အကြောင်း ပါသေးတယ်။
ကျနော်လည်း အမှုမဲ့၊ အမှတ်မဲ့ပါပဲ။ ဒါဟာ သူအသက်ရှင်သန်သွားတဲ့ ၂၁ နှစ်ကျော်ကာလအတွင်း နောက်ဆုံးရေးသွားတဲ့စာ ဖြစ်လိမ့်မယ်လို့ ဘယ်တွေးမိမှာလဲ။
အသဲလေးပေးပြီး သားကြီး အဆင်ပြေလား၊ ဘာညာပေါ့။ နေ့လယ်လောက်ရောက်တော့ သူဆုံးသွားပြီဆိုတဲ့ သတင်းကြားရတယ်။ မယုံနိုင်ဘူး သူ့အကောင့် သွားကြည့်တယ်၊ မီးက စိမ်းမလာတော့ဘူး။ မိုင်ဒေးလေးကတော့ အဲဒီတရက်တာ ၂၄ နာရီလုံး ပျောက်မသွားပါဘူး။ ကျနော် အဲဒီနေ့က သူ့အကောင့်ထဲကို အခါ ၃၀ ထက်မနည်း ဝင်ကြည့်ခဲ့တယ်။ မီးစိမ်းလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
အခုဆို ဂျက်ကီ ကျဆုံးခဲ့တာ နောက်နှစ် မတ်လထဲဆို နှစ်နှစ်ပြည့်ပါပြီ။ ဂျက်ကီ့လိုပဲ လူမသိ၊ သူမသိ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေလည်း များလှပါပြီ။
သေချာတာတခုက သူတို့ အသက်နဲ့ရင်းပြီး ယုံကြည်ရင်းနှီးခဲ့တဲ့ တော်လှန်ရေးကြီးဟာလည်း အရှိန်အဟုန်နဲ့ ဆက်လက်လောင်မြိုက်နေပြီး အာဏာရှင် အမှိုက်ဆိုးကို ဝါးမြိုသွားမယ်လို့လည်း ယုံကြည်ထားပါတယ်။
ရှုးရှဲတတွဲ၊ ငွေငါးရာနဲ့ တော်လှန်ရေးလုပ်ဖို့ တက်လာခဲ့တဲ့ ဂျက်ကီက အခုချိန်ထိ ကျနော့်ဘဝအတွက် မေ့မရနိုင်ဆုံးနဲ့ ဂုဏ်အယူရဆုံး လူသားပါပဲ။ မဝေးတော့တဲ့ အနာဂတ်မှာ ရောက်လာမယ့် အောင်ပွဲရတဲ့တနေ့မှာ တမလွန်ကနေ သာဓုခေါ်လိုက်ပါ ဂျက်ကီ။
မင်းအတွက် နာရီအသစ်တလုံး ဝယ်ပေးမယ်ဆိုတဲ့ ကတိကို မတည်ပေးနိုင်ခဲ့တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ရင်း သတိတရနဲ့ ဒီစာကို ရေးလိုက်ပါတယ်။
Be the first to comment