1
မခင်စု
‘နံရံပေါ်မှ လက်ရာ (Handprint on the wall)’
နေသည် ကြဲကြဲတောက် ပူနေ၏။ ရွှေဝါသည် လှန်းထားသော ငရုတ်များ၏ အခြေအနေကို ကြည့်ရန် ခမောက်ကို ဆောင်းကာ တလင်းထဲ ထွက်လာလိုက်သည်။ ကောင်းကင်ကိုလည်း မော့ ကြည့်ရသေး၏။ အိမ်အပြင်ထွက်သည်နှင့် ကောင်းကင်ကို မော့ ကြည့်ရသည်မှာ ရွှေဝါတို့ တရွာလုံး၏ အကျင့်လိုပင် ဖြစ်နေပြီ။ ရွှေဝါ့အမေ ဆိုလျှင် အိမ်ထဲ နေရင်းတောင် ပြတင်းမှ ခေါင်းပြူကာ ၁၅ မိနစ်ခြားတခါခန့်ကောင်းကင်ကို မော့ ကြည့်တတ်သည်။
ငရုတ်လှန်းထားသော တလင်းထဲ မရောက်မီ ခပ်လှမ်းလှမ်းကပင် ကွက်ကွက်ကလေး ဖြစ်နေသော ငရုတ်ခင်းကို တွေ့ရသည်။ ငရုတ်များက အရင်နှစ်တွေကဆိုလျှင် တလင်းအပြည့် ဖြန့်ခင်းနိုင်သည်။
ခုတော့လည်း ကြုံသလို ဖြစ်သလို ခင်းနေရပြီ။ အရင်တုန်းကလိုလည်း တပြန့်တကျယ်ကြီး မရှိတော့။
တအိမ်စာ တမိုးးစာ၊ တခါ ရောင်းခါစာ လောက်ပဲ ခင်းနိုင်တော့သည်။ ငရုတ်တွေက နေလှန်းတာ ၂ ရက်ခန့်သာ ရှိသေးသဖြင့် ကောင်းကောင်းကြီးတော့မ ခြောက်။ သွေ့သည် ဆိုရုံသာ ရှိသည်။ ဒါတောင် မိုးနည်းသော ဒေသမို့။ ရွှေဝါက ငရုတ်များကို လက်ဖြင့် အသာ မွလိုက်ပြီး ပိုခြောက်နေသည်ဟု ထင်ရသည့် ငရုတ် လက်တဆုပ်စာကို ယူလိုက်သည်။ ထိုစဉ်မှာပင် ဝေါ ခနဲ အသံကြားရ၏။
ရွှေဝါသည် အသိစိတ်မကပ်မီမှာပင် ခန္ဓာကိုယ်က အလိုလို သစ်ပင်အောက်သို့ ပြေးမိသား ဖြစ်နေပြီ။
အပင်ခြေရင်းတွင် မြေပေါ်ခေါင်းထိနေအောင် ပြားပြား ဝပ်ချလိုက်သည်။ လေယာဉ်သံ ဝေးသွား၍
လေငြိမ်သွားမှသာ ရွှေဝါသည် ပြားပြားဝပ်နေရာမှ ထကာ ထိုင်လိုက်၏။ လက်ထဲက ဆုပ်ထားသည့်
ငရုတ်သီးများလည်း ဘယ်ပစ်ချ ထားမိပြီမသိ။ မြေကြီးပေါ် ဝပ်ချလိုက်ရသဖြင့် သူ့ အဝတ်များတွင်
ဖုန်များပေနေပြီ။ သူသည် တဒိုင်းဒိုင်းခုန်နေသော ရင်လေးကို ငြိမ်အောင် ခဏ ထိုင်နေရသေး၏။
ပူပြင်းခြောက်သွေ့လှသော ကောင်းကင်ကို မော့ကြည့်ကာ အမေများ သူ့ကိုစိတ်ပူနေမလား
ကြောက်နေမလား တွေးမိသဖြင့် ချက်ချင်း ထကာ ပြန်လာတော့သည်။
ထဘီတိုတိုဝတ်ထားသဖြင့် သူ့ခြေသလုံးကို မြက်ရိုင်းများက ရှကြသည်။ သို့သော်လည်း သူ့ခြေလှမ်းနှုန်းကို မလျှော့နိုင်။
“အမေ”
အိမ်ဝရောက်သည်နှင့် အမေ့ကို အရင်ခေါ်ရသည်။ အမေသည် အသက် ၇၀ ပင်မပြည့်တတ်သေး ၈၀
ကျော် အဖွားကြီးကဲ့သို့ မှုန်သီသော မျက်လုံးများဖြင့် နောက်ဖေးမှ ကုတ်ကုတ်လေး ထွက်လာ၏။
“သမီး ညည်းလေယာဉ်သံ ကြားလိုက်လား”
“ကြားတယ် ကျွန်မ ငရုတ်လှန်းတဲ့ဆီမှာ။ အမေအိပ်နေလို့ပြောမသွားတာ။ လေယာဉ်လာတော့ အမေ
ဘာလုပ်နေလဲ”
“ ဘာလုပ်ရမလဲအေ မြေကြီးပေါ် ပြားနေရတာပေါ့။ အိမ်ပေါ် ချလည်း ငါ ပါမှာပဲ။ ညည်းသာ
စိတ်ပူနေတာ။ တလင်းထဲ ထီးထီးကြီး အဲ့ငရုတ်က ဘာအရေးတုန်းအေ”
“ညနေ သရက်သီးလေး ပေါက်ချက်မလို့ ငရုတ်နည်းနည်း သွားယူတာအမေရဲ့ သရက်ပင်အောက်
ခိုနေလိုက်တယ်လေ”
“မသွားပါနဲ့အေ” ဟု ဆိုကာ အမေက မျက်ရည်များကို လက်ဖမိုး ဖြင့် သုတ်နေ၏။
လွန်ခဲ့သော လေးလလောက်က ရွှေဝါတို့ ပုန်းရှောင်နေသော ရွာကို ဗုံးကြဲသဖြင့် ရွှေဝါ့အကို ထူးနောင်နှင့် ယောင်းမမိချောတို့ ဗုံးထဲ ပါသွားခဲ့သည်။ ဒါတင်ပင်လားဆိုတော့ မဟုတ်။ အိမ်သားတယောက်ကဲ့သို့
မွေးမြူထားသော နွားကြီး နှစ်ကောင်ပါ ပါသွားခဲ့သည် မဟုတ်လား။ သည်တော့ ရွှေဝါတို့သားအမိနှစ်ယောက်တည်း လောကတွင် ရှင်ကျန်ရစ်ရ ပြန်သည်။
ခုတော့လည်း ရွာဘက်က ခဏ ငြိမ်နေပြန်သဖြင့် ရွှေဝါတို့ ပြန်နေကြ၏။ တရွာလုံး ဗုံးဒဏ် စစ်ဒဏ်ဖြင့်
အိမ်ကောင်းကောင်းဆိုလို့ ရွှေဝါတို့ အိမ်သာ ကျန်တော့သည်။ ဒါတောင် အပေါ်ထပ် တထပ်လုံး ဘာမှမကျန်။ အောက်ထပ်မှာသာ လူနေရုံ ကျန်နေခြင်းဖြစ်သည်။ တရွာလုံးက အိမ်တွေမှာ တခြမ်းပြိုတဲ့အိမ်။ တအိမ်လုံး ပြိုတဲ့ အိမ် စသဖြင့် အကောင်းပကတိရယ်ဟူ၍မကျန်။ ဘယ်အချိန် ထွက်ပြေးရဦးမည် မသိသဖြင့် အိမ်ကိုလည်း နေဖြစ်ရုံလေးသာ ပြုပြင်၍ နေကြသည်။
အိမ်လုံးဝမရှိသူတွေကတော့ တခြားမိသားစုများနှင့် ပေါင်းနေကြရသည်သာ။
ငိုနေသော အမေ့ကို ရွှေဝါ ဘယ်လိုနှစ်သိမ့်ရမည်မသိ။ တကယ်တမ်းတော့ သူကိုယ်တိုင်တောင်
မငိုမိအောင် ထိန်းနေရသည် မဟုတ်လား။ ရွှေဝါက ချာခနဲ လှည့်ကာ အိမ်ပြင်ဘက် ထွက်လာလိုက်သည်။
အမေသည်လို ငိုတိုင်း ရွှေဝါ ရှောင်ထွက်လာခဲ့ရသည်မှာ ဘယ်နှနှစ်တောင် ရှိနေပြီလဲ။
အမေ့ မျက်ရည်ကို ရှောင်ရင်း မီးမွှေးရန်အတွက် ထင်းခြောက်ကောက်ဖို့ အိမ်ဘေးကို ပတ်ကာ
ထွက်လာခဲ့သည်။ ထင်းခြောက်တွေကို ကောက်ရင်း အိမ်အနောက်ဘက်က တောထဲ ကြည့်မိ၏။
ငယ်ငယ်ကဆိုလျှင် သည်တောထဲ ရွှေဝါတို့ မောင်နှမတွေ ပြေးလွှားဆော့နေကျ။ ခုတော့ ကစားဖော်
သူငယ်ချင်းများလည်း သေကွဲ ရှင်ကွဲများ ဖြစ်ကုန်ကြသည်။ အကို ထူးနောင်လည်း မရှိတော့။
ထင်းခြောက်ကို ကောက်ရင်းမှ အိမ်နံရံကို လှမ်းကြည့်လိုက်မိသည်။ ရေနံချေး ဝနေသော အိမ်နံရံမည်းမည်းတွင် ကလေးလက်ရာလေး တခုပါလား။ လက်ရာက ရေတွေ စိုနေသော လက်လေးတစုံက လာကပ်ထားသည့်နှယ်။ အမည်းရောင်အပေါ် ထင်းနေသည်။ ဘယ်ကလေးကများ
လာကပ်သွားပါလိမ့်။ ရွှေဝါက ထင်းခြောက်များကို ယူကာ အိမ်ရှေ့မှ မဝင်တော့ဘဲ အနောက်ဘက်မှ
ပတ်ကာ မီးဖိုချောင်ထဲ ဝင်လိုက်သည်။ သရက်သီးကို ပေါက်နေစဉ်မှာပင် အမေ့ အသံကို ကြားရသည်။
“ဟဲ့ ဒီလက်ရာလေးက ဘယ်သူ့ ကလေးတုံး ငါ မနက်ကတည်းက တွေ့တာ”
ရွှေဝါက မီးဖိုထဲမှ ပြေးထွက်ပြီး အမေ့နားသွားရပ်ကာ “ဘာတုံးအမေ”
“ဒီဟာလေးက ငါ မနက်ကတည်းက တွေ့တာ။ မနက်က ဒီမှာအမှိုက်လှည်းတော့ တွေ့တာ။
စောစောစီးစီးမို့ ဘယ်ကလေးကများ လာဆော့ သွားပါလိမ့် တွေးနေတာ၊ ခုထိရှိတုန်းဟဲ့”
“အမေကလည်း မနက်ကတည်းကဆိုရင် ခုလောက်ဆို ခြောက်လောက်ရောပေါ့
နေဒီလောက်ပူနေမင့်ဟာ”
“အေးတော့် လာထပ်လုပ်တာနေမှာပေါ့။ ဒေါ်မြ မြေးလေးများလား”
“အမေရယ် ဒေါ်မြ မြေးလေးက ခုမှ သုံးနှစ်လား ရှိသေးတာ ဒီအထိ အဝေးကြီး
ကလေးတယောက်တည်း လာပါ့မလား ဒီကာလကြီး”
ဒေါ်မြတို့ အိမ်က ရွှေဝါတို့ ငရုတ်ခင်းကိုကျော်မှ ရောက်သဖြင့် ဒီလောက်တမျှော်ကြီး တော့ သည်ကလေး
မလာနိုင်တန်ရာ။
ဒီ့ပြင် ကလေး ဆိုရအောင်ကလည်း ရွှေဝါတို့ ရွာသေးသေးတွင် ၁၃ နှစ်ကျော် ကလေးများသာ
ရှိတော့သည်။ အရင်ကတည်းက မူလတန်းကျောင်းတောင် မရှိသည့် ရွာမဟုတ်လား။ ကလေးများက
တဖက်က ခေါင်မ ရွာတွင် ကျောင်းသွားတက်ရသည်ချည်းဖြစ်သည်။
“ဒါဆို ဘယ်ကလေးတုံး”
ရွှေဝါကလည်း မသိပါဘူး အမေရယ် ဟု ဆိုကာ မီးဖိုထဲ ပြန်ဝင်သွား၏။
နေ့လယ် ထမင်းစားပြီးချိန်တွင် အမေက တရေးတမော မှိန်းမည် ဆိုကာ အိမ်ရှေ့ခန်းမြေကြီးပေါ်တွင်
ခင်းထားသည့် ကွပ်ပျစ်လေးပေါ် တုံးလုံးလှဲနေ၏။ ရွှေဝါက ညကြီးက သူ ချုပ်ထားသော ထဘီများကို
တပွေ့ ပိုက်ကာ သူ့သူငယ်ချင်း မနှင်းအိမ်သို့ သွားသည်။ မနှင်း၏ ကြီးတော်က မြို့သို့ တလတခေါက် တက်ပြီး ရွာကမှာလိုက်တာလေးများဝယ်၊ ရောင်းစရာရှိတာကို ရသည့်ဈေးဖြင့် ရောင်းပြီး
ပြန်လာတတ်သည်။ ထိုကြီးတော်နှင့် ထည့်ပေးရန် ထဘီလေးများ သွားပို့ခြင်းဖြစ်လေသည်။
အမေသည်လှဲရင်းကပင် အိမ်ပြတင်း အပြင်ဘက်ကောင်းကင်သို့ မော့ကြည့်နေမိ၏။ ငါအိပ်နေတုန်း ဗုံးလာကြဲချ သွားရင်တော့ ငါသိလိုက်မှာတောင် မဟုတ်ဘူး။ ငါ့သမီး ရွှေဝါ တယောက်တည်း
ချိုးချိုးချွတ်ချွတ် ကျန်ခဲ့ရ ရှာတော့မယ် စသည်ဖြင့် ထိုထိုသည်သည် တွေးရင်း သက်ပြင်းကိုသာ
ချမိသည်။ ထိုအချိန်တွင် ပြတင်းပေါက်မှ မျက်နှာကလေးတခု ပေါ်လာ၏။ အမေက လှည့် ကြည့်လိုက်ရာ ထိုကလေးမလေးက မေမေရော ဟု မေးလေသည်။ အမေက ဟေ ဘယ်က မေမေတုံး၊ ညည်း ဘယ်သူ့ ကလေးလဲ မေးလိုက်စဉ်မှာပင် ထိုကလေးမလေးမှာ အနောက်ဘက် တောထဲသို့ သုတ်ခနဲ ပြေးလေတော့၏။
အမေ့မှာ ခေါင်းတွင် ပြေကျနေသော ဆံစုကလေးကို ဆွဲ ထုံးနှောင်ပြီး မျက်လုံးဝေ့သီသီဖြင့်ပင် ကလေးမလေး ပြေးသွားရာ တောထဲ လှမ်းကြည့်မိ၏။
ရွှေဝါပြန်လာသည်အထိ အမေသည် ကွပ်ပျစ်တွင် လှဲကာနေသည်။ အမေ့ ပါးစပ်မှလည်း ပွစိပွစိဖြင့်။
“အမေ အိပ်မက်တွေ မက်နေပြန်တာလား”
ရွှေဝါက ခမောက်ကိုချွတ်ကာ သောက်ရေအိုးထဲက ရေကို ခပ်သောက်ရင်းမေးလိုက်သည်.
“အေးတော် ကောင်းကောင်းလည်း အိပ်မရပါဘူး။ ပူလိုက်တာလညး အလွန်ပဲ။ အိပ်မက်လား
တကယ်လားတော့ မသိဘူး။ ခုနက ကလေးမလေး တယောက် ဒီပြတင်းကနေ မျက်နှာလေး ပြူလို့ရယ်၊
ငါ့ ကိုမေးတယ် မေမေရောတဲ့။ ငါက ညည်း ဘယ်သူ့ ကလေးတုံးလည်း မေးလိုက်ရော သုတ်ခနဲ တောထဲ
ပြေးတာပဲ”
“ဟုတ်လား နံရံမှာ လက်လာကပ်သွားတဲ့ ကလေးများလား”
ရွှေဝါက ဆိုရုံရှိသေး အမေက အိမ်ဘေးပတ်ကာ သွားကြည့်၏။
“ဟုတ်တယ်အေ့ ဒီမယ် လက်ရာလေး အဝတ်စုတ်ယူခဲ့စမ်းအေ သုတ်လိုက်မယ်။ ကြည့်ရတာ တမျိုးပဲ”
ရွှေဝါက အစ်ကို့ပုဆိုးစုတ်လေးကို အမေ့ကို လှမ်းပေးမည် ပြုပြီးမှ အမေ စိတ်မကောင်းမှာ စိုးသဖြင့်
လက်နှီးစုတ်ကိုသာ ယူပေးလိုက်သည်။
“ဟုတ်ပါတယ်အေ ရေတွေပါ။ သုတ်လိုက်တော့လည်း မရှိတော့ဘူးပေါ့”
သို့သော်လည်း ထိုညတွင်ပင် အမေသည် အိပ်မက် မက်ပြန်၏။
“ဟဲ့ ရွှေဝါ ရွှေဝါ ထ စမ်း ထစမ်း”
“ဘာလဲ အမေ ဘာလဲ လေယာဉ်လား”
ရွှေဝါက ဘေးတွင် အသင့်ထုတ်ထားသော ပီနံထုပ်ကို မ ပြီး ပြေးမည်ကြံ၏။ အမေက
“အို မဟုတ်ပါဘူး။ ငါ အိပ်မက် မက်လို့”
“အမေရယ် အိပ်မက်မှန်းသိရင် ပြန်အိပ်လိုက်ကြစို့လေ၊ ဒီလို တဆက်တည်း အိပ်ရတာ ရှားပါဘိသနဲ့”
“မဟုတ်ဘူးအေ့ အိပ်မက်က ထူးဆန်းတယ်။ ညည်းမျက်လုံးဖွင့်စမ်းပါ၊ ဒီမယ် နေ့လယ်က
ငါအိပ်ပျော်နေတုန်းက တွေ့တဲ့ကောင်မလေးလေ။ ပြတင်းက ပေါ်လာတဲ့ ကလေးမလေးဟာ။ အေး ခုပဲ
သူ ထပ်ပေါ်လာပြန်ပြီ”
“အမေ ဟိုလက်ရာလေးကို စိတ်စွဲနေလို့ပါ”
“မဟုတ်လောက်ဘူး။ ဒီမယ် ငါပြောမယ်။ ဒီပြတင်းမှာ ပေါ်လာပြီး နေ့လယ်ကလိုပဲ မေမေရောလို့ ငါ့
ကိုမေးတယ်။ နောက် ငါတောင် ဘာမှ မဖြေရသေးဘူး။ လူတယောက်က ဆွဲခေါ် သွားတာ
ကလေးမလေး အော်ပြီး ပါသွားတယ်”
“ဘယ်ကိုပါသွားတာလဲ”
“တောထဲကို”
“အမေ စိတ်စွဲတာပါ”
“ညည်း ငါ့ကို စိတ်စွဲတာချည်းပဲ ပြောနေတယ်။ ထ လာ သွားမယ်”
“ဘယ်ကိုတုံးအမေရဲ့”
“ကလေးမလေး တကယ်လာသွားရင်ဟိုလက်ရာလေး ကျန်နေရမှာပေါ့၊ လာစမ်းပါအေ”
“အမေ မှောင်မည်းနေတာလေ”
“ဖယောင်းတိုင်ထွန်းလိုက်”
“ဖယောင်းတိုင်က အရေးဟယ် အကြောင်းဟယ်ဆို မရှိဘဲနေမယ် အမေရဲ့ တိုတိုလေး ကျန်တာ”
“ထွန်းစမ်းဟယ် စကားမများနဲ့။ ဒါ အရေးအကြောင်းပဲ။ ဒီကလေးမလေးသာ ငါ့ဆီ
အကူအညီလာတောင်း တာဆိုရင် ဘယ်လိုလုပ်မလဲ ညည်းနှလုံးသားမမဲ့ပါနဲ့အေ”
ရွှေဝါက သက်ပြင်းချပြီး တတိုင်တည်းသော လက်ညှိုးလောက် ဖယောင်းတိုင်ကို မီးညှိလိုက်သည်။
သားအမိ နှစ်ယောက် ကုတ်ချောင်းချောင်းဖြင့် ထွက်သာလာရသည် ရွှေဝါ့မှာကြောက်နေပြီ။
ညကြီးမိုးချုပ် ခုလို အပြင်သို့ မထွက်သည်မှာ ဘယ်လောက်ကြာနေပြီလဲ။
နံရံဘက်ဆီရောက်တော့ ဖယောင်းတိုင်ကို မြှောက်ကာ အနီးကပ် ကြည့်လိုက်တော့ အမေ ဆိုသည့်အတိုင်း
လက်ရာလေးတခု။ အမေက ကိုင်းဘယ့်နှယ်ရှိစ ဆိုသည့် အကြည့်ဖြင့် ရွှေဝါ့ကိုကြည့်သည်။ ထို့နောက်
အမေ့ ခြေလှမ်းများက ပြင်နေပြန်၏။ ရွှေဝါက အမေ့ လက်မောင်းလေးကို ဆွဲထားလိုက်သည်။
“အမေ ဘယ်သွားမလို့တုံးတော့်”
“တောထဲလေ”
“ဟောတော် အမေရယ်၊ ဒီလောက်မှောင်ကြီးနဲ့မည်းမည်း။ မသွားရပါဘူး။ ကျုပ်လည်း မလိုက်နိုင်ဘူး။
လာ အထဲ ပြန်ဝင်မယ်”
“အသက်တချောင်း ကယ်ကောင်းပါတယ်အေ”
ရွှေဝါ ဆွဲခေါ် ရာနောက်သို့သာ လိုက်လာရသည် အမေသည် ထိုစကားကိုပင် ထပ်ခါထပ်ခါ ဆိုနေ၏။
ရွှေဝါသည် အမေ စိတ်များနောက်သွားပြီလားဟု စိတ်ပူနေရှာသည်။ ဒါဆိုလျှင် ဟိုကလေး
လက်ရာလေးကရော။ ရွှေဝါသည် အမေ့ကို ရေတခွက်ခပ်တိုက်သည်။ အပေါ့သွားရန် ပြင်ဆင်ပေး၏။
ထို့နောက် စောင်ပါးလေး ခြုံပေးလိုက်သည်။
ထို့နောက် ပြတင်းမှနေ၍ အပြင်ဘက်တောထဲသို့ ငေးနေမိသည်။
ရွာထဲ ဘယ်သူဝင်လာပြီ ဘယ်ဝါ ဝင်လာပြီ မကြားရဘဲ ရုတ်တရက် ရောက်လာကြကာ လူတွေကို ဆွဲခေါ်
၍ နေပူတလင်းတွင် ဒူးထောက်ကာ လက်မြှောက်နေရသည့်နေ့ ကို မျက်စိထဲ မြင်လာမိသည်။ အကိုက
အခင်းထဲ ရောက်နေချိန် ရွာသတင်းကြား၍ ပြန်မလာရဲဘဲ ပုန်းနေရသည်။ ရွှေဝါတို့က တလင်းထဲ နေပြခံနေရ၏။ ထိုစဉ်မှာပင် ငယ်ငယ်နုနု ၈ နှစ်အရွယ် တူမလေး ပျောက်နေသဖြင့် သူ့အမေ မိချောက
တအိအိ ငိုနေပြန်သည်။ ရွာကို အားပါးတရ ဖျက်ဆီး သွားကာ သူတို့ ထွက်သွားချိန်မှာတော့ တူမလေးကို
လိုက်ရှာကြရာ တောထဲမှာ အသက်မဲ့သော ကိုယ်ကိုသာ တွေ့ရတော့၏။
တူမလေးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ရွာကို ဖျက်ဆီးသွားသည့်နောက်တွင် ယောင်းမဖြစ်သူ မိချောမှာ
လုံးလုံးစိတ်နောက်သွားပြီး ဘာကိုမှ အမှတ်မရတော့ ပြီ။
ကျန်ရစ်သည့် မိသားစုလေးများမှာ ဟိုပြေးသည်ရှောင်ရင်းနေလာရာမှ လွန်ခဲ့သော လေးလကမှ
အကိုထူးနောင်နှင့် အစ်မ မိချောတို့ အသတ်ခံရပြန်သည်။
ထိုအခါတွင်တော့ အမေ့တွင် ခံနိုင်ရည် ရှိတော့ဟန် မတူပေ။ ခုလည်း အမေသည်
သူ့မြေးမလေးအကြောင်း လုံးလုံး သတိမရတော့ဘဲ ရှိနေပေသည်တကား။
ရွှေဝါသည် တောထဲသို့ ကြည့်ရင်း သမီးရေ ဟု ခပ်တိုးတိုးဆိုကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာရသည်။
ကောင်းကင်ကြီးသည် ခုတော့လည်း ကြည်စင်နေ၏။ ရွှေဝါနှင့် အမေတို့လည်း ဘယ်တော့ အလှည့်ကျမည် မသိသူများလို နေရစ်ရမြဲ နေနေရမြဲ။
ဘယ်သူကမှလည်း ကယ်နိုင်တော့မည် မထင်ပါ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
