နှင်းဆီ ၈၀ သို့

“နှင်းဆီ ၈၀ သို့”
◼️ စံပယ်ဖြူနု
မြင်ကွင်း (၁)
၁၉၈၉ ခုနှစ်၊ နွေဦးရာသီ။
အသက် ကိုးနှစ် အရွယ် မိန်းကလေးငယ်သည် ခန္ဓာအတွင်း ရှိသမျှ မီးစာကို တပြိုင်တည်း ထွန်းညှိအသုံးပြုသည့်ပမာ လေဟုန်ကို ခွင်း၍ တဟုန်တိုး ပြေးနေသည်။
လမ်းကလေးမှာ ရပ်ကွက်အတွင်းပိုင်း လမ်းသွယ်များထုံးစံ ကွေ့ကောက်ကောက် ကျဉ်းမြောင်းမြောင်း။ ဘေးဘီက ဝါးရိပ်၊ သစ်ရိပ်တို့မှာ မိန်းကလေးကို အံ့အားတသင့် ငုံ့ကြည့်နေကြသည့်နှယ်။ အပြေးပွဲများ ရှိလျှင်၊ စိန်ပြေးလိုက်တမ်း ကစားလျှင်ပင် အမြဲတစေ အရှုံးနှင့်သာ ရင်ဆိုင်ရလေ့ရှိသော မိန်းကလေးသည် ခုတော့ ဘာကြောင့်များ သည်လို ပြေးလွှားနေရပါသနည်း။ သူသည် ရှေ့သို့သာ မပြတ်တမ်း အာရုံစိုက်လျက်။ လမ်းခရီးတလျှောက်က လူအများမှာလည်း သူကဲ့သို့ပင် လမ်းမကြီးသို့ ဦးတည် သုတ်ခြေတင်လျက်ရှိရာ ထိုလူတို့ အနီးက ဖြတ်လျှင် ပြေးရှိန်ကို တခဏ လျှော့ရ၏။ ဘေးက ကွေ့ပတ် ပြေးတက်လာရ၏။ လူအုပ်အကြားက ဖွားအေကိုပါ ကျော်တက်မိတော့သည်။ ခေါ်သံကြားသော်လည်း လှည့်မကြည့်။ ‘ဪ ဒီကောင်မလေး’ ဆိုသော အသံမှာ နောက်နားဆီတွင် သဲ့သဲ့မျှသာ ကျန်ရစ်ခဲ့သည်။
မိန်းကလေး ဦးတည်ရာ အဓိက လမ်းမကြီးကား မြွေတကောင်နှယ်ပင် ကွေ့ကောက်လှပစွာ လဲလျောင်းမြဲ။ ဟိုမှ ဒီမှစုစည်းလာကြသော လူအများတို့သည် လမ်းဘေးဝဲယာတွင် ပြည့်နှက်လျက်ရှိပြီ။ မိန်းကလေးသည် အရှိန်ကို ထပ်တင်ကာ လူတန်းရှည်အနီးသို့ တိုးကပ်၏။ အမောရှိန် မပြယ်၍ အသက်ပြင်းပြင်း ရှူရှိုက်မိနေခြင်းကိုပင် အမေ့မေ့ အလျော့လျော့နှင့် လူအုပ်ကြားက မရရအောင် တိုးထွက်ကာ လမ်းမကြီးဆီ အရှင်းမြင်နိုင်ရန် ကြိုးစားကြည့်သည်။ သူ တွေ့မြင်လိုသူမှာ သည်လမ်းက ဖြတ်သန်းသွားပါပြီလော။ ဘေးဘီက စကားသံတို့အရ အချိန်မီလေးပင် ဖြစ်ကြောင်း နားလည်လိုက်၍ မိန်းကလေး၏ မျက်နှာပေါ် အပြုံးပွင့်က လက်ကနဲ ပေါ်လာသည်။ သူ့ပတ်ဝန်းကျင်က လေးလေးမြတ်မြတ် ခေါ်ဝေါ်သုံးစွဲသည့် ‘မစု’ ကို တွေ့ချင်လှ၍ ခရီးပြင်း နှင်ခဲ့ရပါသည်။ ခုတော့ဖြင့် ဆန္ဒပြည့်ပါတော့မည်။
ခဏမျှအကြာတွင်တော့ လူသူပရိသတ်ထံမှ ဝမ်းသာအားရ ညာသံမှာ ဝန်းကျင်ဝယ် လှိုက်ကနဲ လွင့်ပျံ့ဖုံးလွှမ်းလျက်ရှိပြီ။ မိန်းကလေးမှာ ဆုတောင်းကြွေးကြော်သံများအား လိုက်ပါဆိုဟစ်နိုင်ခြင်း မရှိ။ ခပ်ဖြည်းဖြည်း မောင်းနှင်ဖြတ်သန်းသွားသော ကားပေါ်က ‘မစု’ ကိုသာ မမြင် မြင်အောင် ခြေဖျားထောက်ကြည့်နေရသည်။ ဟော. . .တွေ့ပါပြီ။
ခရမ်းဖျော့ရောင် အင်္ကျီနှင့်၊ လှပသော မျက်နှာကို ဝန်းရံထားသည့် ဆံပင်ထက်က ပန်းရောင်စုံနှင့်။ အပြုံးလှလှ စွက်‌သောမေတ္တာဓာတ်မှာ နွေဦးလေပြေထဲ စိမ့်ဝဲလျက်။ ‌လူထုထံ ဝှေ့ယမ်းနှုတ်ဆက်နေသော လက်တို့ကို မိန်းကလေးက ပီတိပြုံးနှင့် ငေးလျက်။ သူကိုယ်တိုင် ခုန်ပေါက် လက်ပြနေမိခြင်းကိုလည်း ထိုခဏဝယ် သတိမမူမိတော့ချေ။
****
မြင်ကွင်း (၂)
၂၀၁၀ ပြည့်နှစ်၊ ဆောင်းဦးရာသီ။
‘လွတ်ပြီ လွတ်ပြီတဲ့’ ဆိုသော အသံမှာ အဘယ်သူက အစပြုလိုက်သည်မသိ။ အမျိုးသမီးသည် သောက်လက်စ ကော်ဖီခွက်ကို အောက်ခံပန်းကန်ပြားနှင့် ခပ်ပြင်းပြင်း ထိခတ်သည်အထိ ကပျာကသီ ချလိုက်၏။ သည်တနေ့တာအတွက် ဘယ်နှခွက်မြောက်သော ကော်ဖီပါလိမ့်။ တက္ကသိုလ်ရိပ်သာလမ်းသစ်ကို မြင်ရသည့် အနီးဆုံးသော လမ်းဘေး လက်ဖက်ရည်/ကော်ဖီဆိုင်လေးမို့ တနေကုန် သည်မှာ ခိုကပ်လျက် ကော်ဖီ တခွက်ပြီးတခွက် မှာသောက်နေခဲ့ရ၏။ ခုတော့ မျှော်ခဲ့ရသော နာရီ ဆိုက်ရောက်လာပါပြီကော။
‘ဒီမှာ ပိုက်ဆံနော်’ ဟု ဆိုင်အတွင်းသို့ လှမ်းအော်လျက် ဘေးခုံ၌ ချထားသော အိတ်ကို ကောက်လွယ်လိုက်သည်။
ထို့နောက်မှာတော့ အမျိုးသမီးသည် တက္ကသိုလ်ရိပ်သာလမ်းသစ်ပေါ် စတင်ပြေးလွှားလျက်ရှိပြီ။ သူတယောက်တည်း မဟုတ်။ အဆီးအတားနှင့်၊ စောင့်ကြပ်သူတို့နှင့် ခပ်လှမ်းလှမ်းတွင် အရိပ်အခြည် ကြည့်လျက် နေ့ခင်းကတည်းက ဟိုနား စုစု ဒီနား စုစု စောင့်ဆိုင်းနေခဲ့ကြသော လူအုပ်သည် ပြေးနိုင်သူက အားကုန်သုတ်လျက်၊ မပြေးသာသူတို့ကတော့ သုတ်ခြေတင်လျက်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က နွေဦးတရက်ကို အမျိုးသမီး ပြန်သတိရနေ၏။ သူသည် ထိုစဉ်ကလိုပင် လူပုဂ္ဂိုလ်တဦးတည်းကို တွေ့လိုစိတ်ဖြင့် ပြေးလွှားနေမိခြင်းက တိုက်ဆိုင်လှသော အဖြစ်သာတည်း။
‘ဖြည်းဖြည်း ဖြည်းဖြည်း’ ဟု အဆီးအတားကို ဖယ်ရှားနေသူတဦးက ဘယ်သူ့ကိုမှန်းမသိ လှမ်းသတိပေးလျက်။ သည်လို စောင့်ကြပ်တားဆီးနေရခြင်းကို တာဝန်တရပ်အရ လုပ်ခဲ့ကြသလား၊ လိုလိုချင်ချင် လုပ်ကြသလား အမူအရာအားဖြင့် မစေ့ငုနိုင်ပြီ။ အသံမှာတော့ ဒေါသသင့်ခြင်းမရှိ။
သစ်ပင်ပန်းပင်များဖြင့် ဝေဝေဆာဆာ ရှိပြီး ကျယ်ဝန်းလှပသော ခြံကျယ်များ တည်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းသစ်သည် ခုတော့ဖြင့် ညနေ နေရီရီအောက်ဝယ် သက်ဝင်လှုပ်ရှားလျက်ရှိပြီ။ ပန်းကလေးများသာ စကားဆိုတတ်ပါလျှင် ကာလအတန်ကြာ ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိလှသည့် ဝန်းကျင်တခုလုံး ရယ်မောသံ၊ စကားသံ၊ ခြေသံများဖြင့် စည်စည်ဝေဝေ ရှိလာပုံကို အချင်းချင်း လက်တို့ သတင်းပေးနေကြပေမည်။
အမျိုးသမီးသည် ခြံအမှတ် (၅၄) သို့ ဦးတည်ပြေးလွှားလျက်။ ရှည်လျားသော ဆံနွယ်တို့ကို ကြိုးဖြင့် စောစောကတည်းက စည်းနှောင်ထားမိသည်မှာ သင့်လေစွ။ အရေးထဲ လုံချည် ဝတ်ထားမိသေးသည်။ ငယ်တုန်းကလိုသာ အားနှင့်မာန်နှင့် ခြေကုန်သုတ်လျက် ပြေးပစ်လိုက်ချင်တော့သည်။
ခြံ‌ရှေ့သို့ သူ ရောက်ချိန်မှာတော့ လူအုပ်မှာ ထင်မှတ်ထားသည်ထက် ပြည့်၍နေပြီ။ ဝင်းတံခါးနှင့် အနီးဆုံးသို့ တိုးကပ်ရန် ကြိုးစား၏။ သို့သော် လူများစွာမှာလည်း သူ့လိုပင် အားထုတ်လျက်ရှိရာ မလွယ်လှ။
နောက်ဆုံးတော့ လက်လျှော့လျက် မျက်နှာချင်းဆိုင် ခြံ၏ အုတ်တံတိုင်းနံဘေးက မြေမို့မို့ထက်သို့ တိုးကပ်လာရသည်။ သည်နေရာက အလှမ်းကွာပေမဲ့ မြင်လိုသူ ထွက်လာလျှင် ကောင်းစွာ တွေ့နိုင်သေး၏။ ကုန်းကလေးထက်မှာလည်း သူ့လိုပင် အကြံနှင့် ချဥ်းလာသူ မရှား။ ခြံရှေ့ ဝန်းကျင်တခုလုံးမှာ လူသူပရိသတ်နှင့် ခဏချင်းပင် ဖုံးလွှမ်းသွားခဲ့ပြီ။ အားလုံး၏ အကြည့်မှာ ခြံတံခါးဝသို့သာ။ ဘယ်အချိန်များ သည်ခြံတံခါးဆီ၌ သူ ပေါ်ထွက်လာလေမလဲ။ ဘယ်အချိန်များ သူ့မျက်နှာကို မြင်၍ သူ့အသံကို ကြားရလေမလဲ။ အပြေးရှိန်ကြောင့်လား၊ စိတ်လှုပ်ရှားမှုကြောင့်လားမသိ။ အမျိုးသမီးမှာ ရင်လှိုက်ခုန်လျက်။
လွန်ခဲ့သော အနှစ် ၂၀ ကျော်တုန်းကလို ညာသံမျိုး အမျိုးသမီး ကြားလိုက်ရပြီ။ မျက်ဝန်းတို့သည် ရှေ့မြင်ကွင်းသို့ လင်းကနဲ လက်ကနဲ ခုန်ကူးသွားကြသည်။ ခြံတံခါး ထိပ်နားဆီတွင် မြင်လိုက်ရသူမှာ ဟိုတုန်းကအတိုင်း မပြောင်းမလဲ တောက်ပပြုံးနှင့်ပါလား။ ဆံယဉ်စုတို့သည် နဖူးပေါ် ဝေ့ဝေ့ဝဲဝဲ။ တချိန်ကလိုတော့ သူ့ဆံပင်ထက် ပန်းပွင့်တို့ မရှိ။ သို့သော်လည်း စိုက်ရန်ပျိုးရန် မလိုအပ်သည့် ပန်းခင်းတခင်း သူ့အနီး၌ လန်းလန်းလှလှ ပွင့်ဝေနေသည့်ပမာ။
လူအများနှင့်အတူ ပျော်ရွှင်စိတ်ဖြင့် ခုန်နေမိသည်မှာ ခြေထောက်၌ သစ်ငုတ်ချွန် စူး၍ သွေးထွက်မှ တခဏ ငြိမ်တော့သည်။ သို့သော် အမျိုးသမီးမှာ နာကျင်စိတ် မရှိသလို။ လူထုထံ ဝေ့ဝဲနှုတ်ဆက်နေသော လက်ကလေးကိုသာ လှိုက်လှဲပြုံးနှင့် တုံ့ပြန်နေမိခဲ့သည်။
****
မြင်ကွင်း (၃)
၂၀၁၈ ခုနှစ်၊ ဆောင်းရာသီ။
စောင့်စားရသော နာရီမိနစ်တို့သည် ခုတော့ဖြင့် ကျွန်မ ရှေ့ဝယ် ပြက်ပြက်ထင်ထင် ကခုန်လျက်။ ဘယ်ကတည်းကများ ‌စောင့်ခဲ့ရပါလိမ့်။ နှစ်ပေါင်း ၃၀ ပေါ့။ လူ့သက်တမ်း တဝက်နီးပါး ကြာသည်အထိ လူတဦးအပေါ် ချစ်ခြင်းမေတ္တာသက်သက်ဖြင့် စိတ်နှစ်ခဲ့ရခြင်းဆိုတာသည် အိပ်မက်လည်း မဟုတ်ခဲ့ပြီ။
‘နေရာချင်း လဲမလား’ တဲ့။ မျက်နှာချင်းဆိုင်မှ ဆရာတဦးက ကျွန်မ စိတ်လှုပ်ရှားနေမှန်း ရိပ်မိ၍ လှမ်းနောက်နေသည်။ တကယ်တော့ သည်နေရာတွင် ကျွန်မကို နေရာချအပြီး အနီးက ခုံလွတ်၌ သူ လာထိုင်မည် သိရကတည်းက ရင်စခုန်တာပင်မဟုတ်ပါ။ ညစာ စားပွဲသို့ ခြေလှမ်းစကတည်းက။ အို. . .မဟုတ်ပါဘူးလေ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ တွေ့ဆုံမည့် ညစာစားပွဲသို့ တက်ရောက်ရမည်ဆိုသော ဖိတ်စာ လက်ခံလိုက်ရကတည်းကပါ။ နှစ်ပေါင်း ၃၀ က အိပ်မက်မှာ တကယ်ပင် သက်ဝင်လာခဲ့ပြီလေ။ ချစ်ခင်လေးမြတ်ရသူကို အနီးဆုံးမှာ မြင်တွေ့ရတော့မည်။ သို့သော်လည်း တဖက်တွင်တော့ ကျွန်မက ဝိုင်းရံလာမည့် ကင်မရာများကိုလည်း ကြောက်သေးသည်။ လင်းလက်သော မီးရောင်အောက်၌ နဂိုကပင် မနေတတ် မထိုင်တတ်။ စကားများ မှားသွားဦးမလား။ သူ့ကို တွေ့လျှင် ဘာများ ပြောရမှာပါလိမ့်။ သူ့အတွက် ပထမဆုံးအကြိမ် ဆုံဆည်းခြင်း မည်သော်လည်း ကျွန်မအတွက်တော့ စိတ်ဖြင့် တွေ့မြင်ခဲ့ရသည်မှာ အကြိမ်ကြိမ်မဟုတ်လား။
နောက်ဆုံးတော့လည်း စားပွဲဝိုင်းတခုဆီမှ ကူးလာသူသည် ကျွန်မတို့ထံ ညင်သာစွာ လှမ်းလာခဲ့ပြီ။ အနီးတွင် သူ ဝင်ထိုင်လိုက်ပုံ၊ အားလုံးကို နှုတ်ဆက်ပြုံးမြလိုက်ပုံ၊ စကားချိုသာ ဆိုလိုက်ပုံမှာ စိတ်မျက်လွှာဝယ် တရစ်ချင်း ပုံတူကူးဆက်နေခဲ့ပြီ။ ကျွန်မသည် ခုတော့ဖြင့် စကားမှားမည့်အရေးကို စိတ်ပူဖို့ မလိုတော့ပြီ။ သူသည် မည်သူနှင့် တွေ့လျှင် မည်သည့်စကားကို ပြောဆိုရမည်ဟု ကျွမ်းဝင်ပြီးသား စိတ်နှလုံးမျိုးနှင့်မဟုတ်လား။ ဘေးဝန်းကျင်ကို ဖြန့်ကျက်ထားသော မေတ္တာဓာတ်အရှိန်အဝါမှာလည်း လင်းလက်ပါဘိသနှင့်။ ပြုံးနေခြင်းကို ကျွန်မ မရပ်တန့်နိုင်ခဲ့။ အိပ်မက်လိုပဲဟု အဖန်ဖန် တွေးလျက် အိပ်မက် မဟုတ်ခြင်းကိုလည်း ကြည်နူးသိမှတ်နေခဲ့သည်။
‘ဘာလို့ စာရေးတာလဲ’
သူသည် ထင်မှတ်မထားချိန်မှာ ကျွန်မ ဘက်သို့ လှည့်၍ မေးခွန်းထုတ်လိုက်၏။ ဘာလို့များ ကျွန်မ စာရေးပါလိမ့်။ ပြောပြချင်တာတွေ အများကြီးရှိရာက စခဲ့သလား။ အိမ်ကို လွမ်းသည့် ဆယ်ကျော်သက်ဘဝမှာ ပြောပြစရာ လူမရှိလို့ပဲ စာရွက်တွေကို ရင်ဖွင့်ဖြစ်သွားတာလား။ နောက်ဆုံးတော့ အင်မတန် ရိုးသည့် စကားတစ်ခွန်းမှာ ကျွန်မ နှုတ်က ခုန်ကျသွားခဲ့သည်။
‘ရေးချင်လို့ပါရှင့်’
ထိုခဏဝယ် သူ့မျက်နှာပေါ် ဖျတ်ကနဲ လက်သွားသည့် အပြုံးကို ကျွန်မ ငေးနေခဲ့၏။ တဖျတ်ဖျတ် ရွေ့လျားနေသော အချိန်တို့ကို မရအရ ဖမ်းဆုပ်လျက် တသက်တာ သိမ်းဆည်းထားရန် စက္ကန့်မလပ် ကြိုးစားနေမိသူပမာ။
****
သည်စာကို ဘာလို့များ ရေးပါသလဲဟု တနေ့နေ့ သူ သို့မဟုတ် တစုံတဦးက မေးလာလျှင် လွမ်းလို့ပါဟု ကျွန်မ ဖြေပါမည်။
****
ဇွန်၊ ၂၀၂၅
About The Call 724 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*