4
‘နှင်းတွေကျပြီးတဲ့နောက် လမ်းရဲ့တိတ်ဆိတ်ပုံမျိုးနဲ့သာ ရှင်သန်ခဲ့…’
■ သက်ငြိမ် (Rebel)
(က)
လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။ ရွက်ကြွေတွေကို လှဲကျင်းပြီးတဲ့အချိန် မြေပြင်ရဲ့ သပ်ရပ်နေပုံဟာ ရယ်စရာမကောင်းဘူးလား။ မြေသင်းရနံ့လို စွတ်စိုနေခဲ့တဲ့အကြောင်း ပြန်တွေးမိတော့လည်း ဖုန်မှုန့်တွေနဲ့ သဲမုန်တိုင်းပဲ။ ဖြစ်နိုင်ရင် မီးတောင်ပေါက်၀တခုရဲ့ တည်ငြိမ်မှုနဲ့အတူ လွင့်ပါးနေရမှာ။
အဲဒီမှာ ရွက်ကြွေတွေ၊ ပြန်မသွားချင်တဲ့ လမ်းကြိုလမ်းကြားတွေ၊ ပြီးတော့ ပင့်ကူတွေ။
(ခ)
သိဟောင်းကျွမ်းဟောင်း မိတ်ဆွေတချို့ကို ငါမမှတ်မိတာကြာပြီ။ မှတ်ဉာဏ်ဆိုတာက အမြဲစီးဆင်းနေတဲ့ ရေပဲ။ ဘယ်လောက်ခမ်းခမ်း ကုန်မသွားဘူး။ တနေကုန် ထိုင်စောင့်ပြန်တော့လည်း ဒီအဖြစ်အပျက်တွေပဲ မျောလာမယ်။ ဒါတောင် တူးထုတ်ထားတဲ့ မြစ်ဝကျွန်းပေါ် ရဲ့ စိမ်းစိုနေတဲ့ အိမ်ကလေး မပါသေးဘူး။ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အရူးတယောက်လို ပြေး၀င်သွားရင် ခြောက်အိပ်မက်ကြီးထဲ ပြန်ရောက်တယ်။
(ဂ)
အပြင်မှာ အရိပ်တွေက ပုံစံမျိုးစုံနဲ့ ကခုန်နေကြတယ်။ လူသားဟာ လွတ်လပ်တယ်။ ကမ္ဘာမြေဟာ လွတ်လပ်တယ်။ ကောင်းကင်ဟာ လွတ်လပ်တယ်။ သစ်ပင်တွေဟာ လွတ်လပ်တယ်။ လွတ်လပ်ခြင်းအတွက် ကခုန်ကြရအောင်။ ညမီးပုံပွဲပြီးတဲ့အခါ တဖျစ်ဖျစ်မြည်တဲ့အသံကို စကြားရလိမ့်မယ်။ အသက်ရှင်သန်မှုကို အသေးငယ်ဆုံးထိ မြင်ယောင်ကြည့်ပြီး ငြိမ်နေလိုက်ရင်တောင် ဒါဟာ ဟိုး…အတွင်းထဲကလာတယ်ဆိုတာကို သတိမထားမိဘဲနေနိုင်မှာ မဟုတ်ဘူး။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
