
‘နှင်းဝေတဲ့ကျောင်း’

တိုင်းပြည်က မှိုင်းရီနေတဲ့အချိန်
အရုဏ်ဦးမှာ ရောင်နီကိုခူးဖို့
ခေတ်အရွေ့မှာ
အသစ်တစ်ခု ရွှေ့ရင်း
အခုကျနော်
ကျောင်းဆရာလုပ်နေတယ်အမေ …
ဘယ်တုန်းကမှ စိတ်မကူးမိဖူးခဲ့တဲ့ဘဝမှာ
လက်တွေ့ကျကျ ဖြတ်သန်း
နွမ်းနေတဲ့ ပန်းလေးတွေလန်းဖို့အတွက်
လက်နက်အစား မြေဖြူကိုင်
နိုင်ရာဝန် ထမ်းရင်းပေါ့ …
တကယ်တော့
တောင်ပေါ်ကျောင်းဆရာဘဝဆိုတာ
သိပ်တော့ အထာမကျလှဘူးပေါ့အမေရယ်
ဟင်းနဲ့ဆန်ကောင်းမှ
ထမင်းစားဝင်တတ်တဲ့ကျနော်
မုန်ညင်းစောကို ဟင်းလျာလုပ်
တောင်ယာဆန်စီးညိုနဲ့ ဝမ်းစို
မြိန်ရှက်တတ်နေပုံများ …
မငြိမ်းချမ်းတဲ့ ခေတ်ကြီးထဲ
စိမ်းလန်းတဲ့ တောင်ပေါ်မြေတစ်နေရာက
တအာင်းရွာလေး တစ်ရွာမှာပေါ့
ရိုးသားစိတ်ရှိတဲ့ တိုင်းရင်းသားတွေရယ်
ကြိုးစားစိတ်ရှိတဲ့ ကလေးငယ်တွေရယ်ဟာ
အခုလက်ရှိ ကျနော့်ရဲ့ကမ္ဘာငယ်လေး …
နိုင်ငံရေးသတင်းတွေကို နားစွင့်
စစ်ရေးသတင်းတွေကို နားစွင့်
သေနတ်သံ ဗုံးသံတွေကို နားစွင့်
လေယာဉ်သံတွေကို နားစွင့်
ပန်းလေးတွေ ပွင့်ခွင့်မရမှာစိုးစိတ်နဲ့
အိပ်မက်ထဲမှာတောင် ရွံ့ထိတ်မနေအားခဲ့ပါဘူးအမေရယ် …
အမြဲလိုလို
နှင်းတွေ ရစ်သိုင်း
မြူတွေဆိုင်းနေတတ်တဲ့
တောင်ကုန်းမို့မို့လေးပေါ်က
တော်လှန်ကျောင်းလေးဟာ
ကျနော့်အတွက်
လျော်ကန်အသင့်မြတ်ဆုံး ခိုနားရာ
ပန်းကလေးများ ယိမ်းနွဲ့
လှုပ်ခတ်နေတဲ့ ဆည်းလည်းလေးတွေနဲ့
သာယာလို့ …
ခုဆို
ချစ်ခြင်းအထွေထွေနဲ့
တော်လှန်ကျောင်းမှာ ပန်းတွေဝေနေပြီ အမေ
နှင်းတွေလည်း ဝေလို့ပေါ့
အိမ်ပြန်မရောက်နိုင်ခဲ့တဲ့ သားတစ်ယောက်
အမှန်တရားရဲ့ အမိုးအရိပ်အောက်မှာ
ကလေးလေးတွေရဲ့ အနာဂတ်မပျောက်ဖို့
ကွက်လပ်လေးတွေ ဖြည့်ပြီးရင်း ဖြည့်ရင်း
နှလုံးသားကို အရင်းတည်
ကြိုးတွေ အထပ်ထပ်ချည်နှောင်ရင်းလေ …
အမေမရှိတော့တဲ့ အိမ်လေးရဲ့အဝေး
နွေးထွေးသော ရင်ခွင်အရပ်ဆီမှာ
စစ်ကျွန်ပညာရေးကို ရိုက်ချိုး
ပန်းလေးတွေ ပျိုးရင်းပေါ့ …
ပန်းဝတ်မှုံ ထုံကူးရင်း
အလှဆုံးဖူးပွင့်နေတဲ့ ပန်းခင်းကြီးကြား
နှင်းတွေဝေနေတဲ့ ကျောင်းလေးမှာ
လိပ်ပြာလေးလို ပျံဝဲ
သိက္ခာရှိစွာ ရှင်သန်ဆဲပါပဲအမေ … ။ ။။။
၇၊ စက်တင်ဘာ၊ ၂၀၂၄
Be the first to comment