
“စာအုပ်တန်းမှာလမ်းလျှောက်ခြင်း”
စာအုပ်အမည်။ နှုတ်ကောင်းခွန်းမြိန် သုခမိန်
THE PROPHET BY KAHLIL GIBRAN
မြန်မာပြန်။ ဓမ္မိကဘသန်း
မျက်နှာဖုံး။ ဇော်မောင်
ထုတ်ဝေ။ စာပေလောကစာအုပ်တိုက်
အမှတ် ၁၇၃၊ ၃၃ လမ်း၊ ရန်ကုန်မြို့
စာပေလောကစာအုပ်အမှတ် ၂၆၆
ပုံနှိပ်ခြင်း။ ပထမအကြိမ် – ၁၉၈၃ (လှမေ စာပေတိုက်)
ဒုတိယအကြိမ် – ဒီဇင်ဘာ ၂၉၉၇
အုပ်ရေ (၁၀၀၀)
■ နောက်ဖုံး
ကမ္ဘာ့စာပေလောက၏
ဂန္ထဝင်ကျမ်းတဆူဖြစ်သော
ဤ ‘နှုတ်ကောင်းချိုမြိန် သုခမိန်’ တွင်
လူ့လောက လူ့သဘာဝ၏
ရိုးသားသန့်စင်မှု၊ ရှုပ်ထွေးမှု
လှပဆန်းကြယ်မှုနှင့်
စိုးရိမ်ထိတ်လန့်ရမှုများကို
ဖတ်ရှုလေ့လာနိုင်သည်။
■ အဖွင့်
ခလီ ဂျီဗြဲ/ (ခါလစ်ဂျီဘရန် ဟုလည်း ပြန်ဆိုကြသည်)
(၁၈၈၃-၁၉၃၁)
စာဆို၊ ဒဿနပညာရှင်၊ အနုပညာရှင်
လက်ဘနွန်နိုင်ငံတွင် မွေးဖွားသည်။
အာရဗီစကားပြောသော နိုင်ငံအားလုံးက သူ့အား ခေတ်ပေါ် အထူးချွန်ဆုံး အာရပ် ကဝိတစ်ဆူဟု အသိအမှတ်ပြုကြသည်။ သူ၏ ကျော်စောမှုသည် အနောက်အာရှ၌သာမက အင်္ဂလိပ်စကားပြောသော နိုင်ငံများ၌လည်း ပျံ့နှံ့သည်။ သူရေးသော ကဗျာများကို ဘာသာစကားပေါင်း ၂၀ ဖြင့် ပြန်ဆိုပြီးဖြစ်သည်။ သူရေးဆွဲသော ခဲမင်ပန်းချီနှင့် ဆေးပန်းချီများကို ကမ္ဘာနှင့်အဝန်း မြို့တော်ကြီးများ၌ ပြသခဲ့သည်။ ထိုလက်ရာမွန်များကို ဩောဂတ်-ရိုဒင်ဆိုသူက ဝီလီယံဘလိတ်၏ လက်ရာများနှင့် စင်ပြိုင်ဖြစ်ကြောင်း ပြောဆိုဖူးသည်။ အသက် ၂၀ ရောက်သောအခါ ပြည်ထောင်စု အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည်။ အမေရိကန်နိုင်ငံတွင် အသက် ၄၈ နှစ်အရွယ်တွင် သေဆုံးသည်။
“သုခမိန်” စာအုပ်သည် ၁၉၂၃ ခုနှစ်တွင် ပထမဦးဆုံး ရိုက်နှိပ်သည်။ လူကြိုက်များလှသောကြောင့် အများဆုံး ရောင်းရသောစာအုပ်စာရင်းတွင် ပါရှိလာသည်။ စာအုပ်ဝေဖန်ရေးဆရာများစွာက သုခမိန်ကို လူသား၏အတင့်တယ်ဆုံးဖြစ်သော အလှသောဘများကို ထုတ်ဖော်ထားသော ဂန္ထဝင် စကားနု စာနုဖြစ်ကြောင်း ချီမွမ်းကြသည်။
■ စာမြည်း
“စိတ်ဆင်းရဲမှ လွတ်ကင်းလျက် အေးငြိမ်းသာယာစွာ ဘယ်လိုများ ငါသွားရပါ့။ ငါ့နှလုံးစိတ်ဝမ်းမှာ ဘယ်ဒဏ်ရာဒဏ်ချက်မျှ မထိမခပဲ ဤမြို့မှ ငါအသို့လျှင် ထွက်ခွာရအံ့နည်း။
ဤမြို့၏တံတိုင်းများအတွင်းဝယ် ဆင်းရဲခံခဲ့ရသောနေ့များလည်း ရှည်လျားလှလေပြီ။ အထီးကျန်ဖြစ်ခဲ့ရသော ညည့်များလည်း ရှည်ကြာလှလေပြီ။
ဤလမ်းများပေါ်၌ ငါကြဲခဲ့သော ဉာဏ်စွမ်းဉာဏ်စများလည်း များလွန်းလှလေပြီ။ ဤကုန်းများပေါ်၌ အဝတ်ချည်းစည်း လျှောက်နေကြသည့် ငါ နှစ်လိုသော ကလေးသူငယ်များလည်း များလွန်းလှပြီ။ သူတို့ထံပါးမှ ငါသည် မလွမ်းမဆွေး မလေးမလံ ဆုတ်ခွာခြင်းငှာ မပြုနိုင်။
ယနေ့ ငါ ဆုတ်ဆွဲလွှင့်ပစ်ရမည့်အရာကား ဝတ်ရုံတစ်ထည်မဟုတ်။ ငါ ကိုယ်တိုင် ငါ့လက်များဖြင့် ဆုတ်ခွာပစ်ရမည့် ကိုယ်ရေပြားတချပ်ဖြစ်၏။
ငါ ချန်ထားခဲ့ရမည့်အရာကား စိတ်ကူးဝိတက် တခုလည်းမဟုတ်။ ထမင်းမွတ်ခြင်း၊ ရေသိပ်ခြင်းဖြင့် ချိုမြိန်အောင်လုပ်ထားသော နှလုံးအသားစိုင်တစိုင်ဖြစ်၏။
ညဉ့်၏နာရီများ လောင်ကျွမ်းနေသော်လည်း ငါ ဆိုင်းငံ့နေလျှင်မူ ငါကိုယ်ခန္ဒာသည် ချမ်းစိမ့်၍ ပုံစံခဲ့အဖြစ် ခဲရချည့်။
လျှာနှင့်နှုတ်ခမ်းတို့က တောင်ပံတပ်ဆင်ပေးလိုက်သော အသံသည်ဖန်ဆင်းပေးသူဖြစ်သော ထိုလျှာနှင့် ထိုနှုတ်ခမ်းများကို အသို့လျှင် သယ်ဆောင်နိုင်အံ့နည်း။ ထိုအသံသည် ထီးတည်းသာလျှင် ကောင်းကင်ဟင်းလင်ကို ရှာဖွေရ၏။
လင်းယုန်ငှက်သည် မိမိအသိုက်ကို မိမိမဆောင်ရွက်ဘဲ ထီးတည်းသာလျှင် နေဝန်းကို ဖြတ်ကျော်ပျံသန်းရ၏။”
– – – – – –
“ရှေးပဝေသဏီ ငါ့မိခင်မှ ပေါက်ဖွားသော သားချင်းတို့၊ ဒီရေကို စီးနင်းသူတို့
သင်တို့သည် ငါ၏အိပ်မက်များထဲ၌ အကြိမ်ပေါင်းများစွာ ရွက်လွှင့်ခဲ့ကြပြီ။ ယခု ငါနိုးကြားနေစဉ် သင်တို့လာရောက်ကြပေသည်။ ဤသည်ကား ပို၍နက်ရှိုင်းသော အိပ်မက်ပေတည်း။
ငါလည်း သွားရင်အသင့် ဖြစ်နေလေပြီ။ ငါ့စိတ်ဇောသည် ရွက်ကုန်ဖွင့်လျက် လေကိုသာ စောင့်မျှော်နေဘိ၏။
ရပ်တန့်နေသော ဤလေသေကို ငါသည် နောက်ထပ် တရှိုက်တရှူသာ ရှူတော့မည်။ ငါ့လည်တိုင်ကိုလည်း နောက်ဘက်သို့ တကြိမ်သာ လှည့်တော့မည်။
ထို့နောက် အဏ္ဏဝါခရီးသည် သင်တို့နှင့်အတူ ငါလည်း အဏ္ဏဝါခရီး လည်ပေအံ့။
ကြီးမာကျယ်ပြောလျက် ဘယ်အခါမျှ စက်တော်မမူသော အို မိခင်ပင်လယ် မြစ်ချောင်းတို့၏ တခုတည်းသော ကျွတ်တမ်းဝင်ရာလည်းဖြစ်ထသော၊ သုခရိပ်ချမ်း အမြိုက်နန်းလည်း ဖြစ်ထသော အို မိခင်ပင်လယ်။
ဤ ချောင်းငယ်သည် ဤတောတွင်းကွက်လပ်၌ နောက်တကွေ့တည်းသာကွေ့၍ တီးတိုးသံရှဲရှဲနောက် တရှဲတည်းသာမြည်တော့သည်။
သည့်နောက် မိခင်ထံသို့ ငါ လာရောက်အံ့၊ အကန့်မဲ့သော သမုဒ္ဒရာသို့ အကန့်မဲ့သော ရေပေါက်ပမာပေတည်း။
Be the first to comment