ပန်းနွေမှာတမ်း

“ပန်းနွေမှာတမ်း”
◼️စိမ်းသစ်
သားရေ … လူကလေး … မင်းကိုမွေးဖို့လေ အမေ့မှာ မနည်း ကြိုးစားခဲ့ရတယ်ကွဲ့။ မင်းကိုယ်ဝန်ကို အမေလွယ်ထားရတုန်းက မင်းအဖေဟာ အမေ့ကို ဘာမှမခိုင်းဘူးကွဲ့။ အမေ့ဗိုက်ထဲက သူ့ရင်သွေးလေးကိုပဲ ဂရုစိုက်ဖို့ မှာခဲ့တယ်။ တနေ့‌တနေ့ မင်းကိုယ်ဝန်ကြီးကို လွယ်ပြီး သွားရလာရတာ မလွယ်ဘူး။ အမေ့မှာ ခြေလှမ်းတလှမ်း လျှောက်ဖို့ကို မနည်း ကြိုးစားခဲ့ရတာကွဲ့။ မင်းကိုမွေးတုန်းကလေ မင်းအဖေဟာ ပျော်လွန်းလို့ ထတောင်ခုန်တယ်။ ဒါသူ့သားဆိုပြီး တလမ်းလုံးကို ကြွားခဲ့တာ၊ မင်းကို မြင်စေချင်စမ်းတယ်။ တွေ့တဲ့လူတိုင်းကို ကျနော့်သားလေး ဘယ်လိုလိမ္မာတာ၊ စကားတွေပြောတတ်နေပြီ‌ ဆိုပြီး ပြောတာ ပြောတာ သားရယ်။ မင်းအဖိုးအဖွားတွေကလည်း မြေးဦးမို့ ချစ်လိုက်တာကွယ်။ မင်းကို သူ့မြေး၊ ငါ့မြေးဆိုပြီး လုရင်း မင်းအဖိုးနဲ့အဖွား ရန်တောင် ဖြစ်ကြတယ်။
မင်း နှစ်နှစ်သားထိ လမ်းမလျှောက်လို့ အမေ စိတ်ပူလိုက်တာ သားရယ်။ ငါ့သားလေး ဘာမှ မဖြစ်ပါစေနဲ့ဆိုပြီး ဘုရားမှာ ဆုတောင်းရတာလေ။ မင်းအဖေက ခြံထဲမှာ ကျင်းတူးပြီး မင်းကို ကျင်းထဲထည့်ထားမှ မင်း လမ်းလျှောက်တတ်တာ သားရဲ့။ သား မင်းမှတ်မိသေးလား။ မင်း ပထမဆုံးပြောတာ ဖေဖေလို့ဆိုပြီး‌ပြောတာ။ အဲဒီစကားသံကိုကြားတော့ မင်းအဖေလေ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်ကွဲ့။ မင်းကျောင်းသွားရင် အမေက မင်းကို အသွားအပြန် လိုက်ပို့ပေးရတာ။ မင်းငယ်ငယ်က အရုပ်လေးတွေ လိုချင်တယ်ဆို အမေတို့မှာ သားလိုချင်တာမှန်သမျှ ဝယ်ပေးခဲ့တာကွဲ့။ မင်း လေးတန်း အစိုးရစစ်ကိုအောင်တော့ မင်းအဖေလေ တရပ်ကွက်လုံးကို ကြာဇံကြော် ကျွေးခဲ့တာလေ။
မင်းကိုရှင်ပြုပေးတုန်းက အဖေနဲ့အမေလေ ငါတို့သားလေးကို ရှင်ပြုပေးနိုင်ခဲ့ပြီလို့ ကြုံးဝါးခဲ့တာ။ မင်း ဆယ်တန်းမှာ ဆေးလိပ်သောက်လို့ ရုံးခန်းရောက် တော့ မင်းအဖေလေ တနာတကျင်ကြီး သူ့ဆေးလိပ်ဘူးကို လွှင့်ပစ်ခဲ့တာ။ မင်း မှတ်မိသေးလား ငါ့သားရဲ့။ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါဆိုတဲ့သီချင်းကို မင်းအဖွားက ညတိုင်း ဆိုပြခဲ့တာလေ သား။ မင်းကိုယ်ဝန်ရှိတုန်းက ညညဆို မင်းကန်တာလေ။ သားမှတ်မိသေးလား။
ဒီနွေဦးမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်တော့ မင်းကို ဆန္ဒပြတဲ့အထဲမပါဖို့ အမေတို့ တားခဲ့တာကလေ သား … လူကလေး အမေတို့မှာ မင်းတယောက် ပဲ ရှိလို့ပါသားရယ်။ မင်းအတွက်ဆို အမေ အကုန်လုံးကို ရင်ဆိုင်နိုင်တယ်။ အမေတို့နဲ့ တပတ်ပြည့်အောင် မခွဲဖူးတဲ့ ငါ့သားက ဟိုး … ဘာမှမရှိတဲ့ တောကြီးမျက်မည်းမှာ မင်း ဘယ်လိုရှင်သန်နေမလဲ။ သားရေ ဒီနေ့ ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်တဲ့။ YouTube ကသတင်းမှာ တက်လာတာတွေ့တယ်။ မင်းလည်း ဖုန်းတောင်မဆက်ဘူးနော် သား။ သားရေ ဒီနေ့ည ကြယ်တွေစုံတယ် သိလား။ ကောင်းကင်ဟာ သိပ်လှတာပဲ။ ပုံမှန် ဒီအချိန်ဆို အမေတို့ သားအမိသားအဖသုံးယောက် လမ်းလျှောက်ကြတာလေသား။
ဟိုတရက်ကလေ အမေတို့လမ်းကို စစ်သားတွေ အများကြီးရောက်လာတယ်။ အမေတို့လမ်းနားမှာ စစ်ဗိုလ်တယောက် အသတ်ခံရလို့တဲ့။ အမေတို့အိမ်တခါးကို ကန်တယ်။ ပြီးတော့ ဖွင့်ခိုင်းတယ်။ အိမ်ကို ရစရာမရှိအောင်လည်း မွှေနှောက်သွားတယ်။ အမေတို့ ကြောက်လိုက်တာ ငါ့သားရယ်။ မင်းအဖေကတော့ အားပေးရှာပါတယ်။ ဘာမှမကြောက်နဲ့။ သူရှိတယ်တဲ့။ ဒါပေမဲ့ သူ့မျက်နှာမှာလည်း စိုးရိမ်စိတ်တွေကို အမေ တွေ့နေရတယ်။ မင့်ခွေးလေး ပူတင်းလေ။ သူတို့ကိုဟောင်လို့ နောက်ထပ်အသံထွက်ရင် သတ်ပစ်မယ်လို့ ပြောတယ်သားရဲ့။
မင်းနဲ့ အဆက်အသွယ်ပြတ်သွားတာ (၃) လတောင် ရှိပြီသားရယ်။ မင်းကတော့ စစ်ဆင်ရေးရှိလို့ဆိုပြီး‌ ပြောတာပဲ။ ဒါပေမဲ့ အမေကတော့ ဘယ်စိတ်ချနိုင် မလဲ။ စစ်တိုက်နေကြတာလေ။ သေနတ်တွေနဲ့ ပစ်နေကြတာလေ။ ဟိုဘက်က အစစအရာရာ ပြည့်စုံနေတဲ့ တပ်ကြီးလေ သားရဲ့။ အမေ့မှာ မင်းအဆင်ပြေဖို့ နေ့တိုင်း အိမ်ထဲကဘုရားမှာ ဆုတောင်းဝတ်ပြုရတယ်။ အဓိဋ္ဌာန်ဝင်တယ်။ ဒါပေမဲ့ ကံကြမ္မာက မကောင်းတဲ့သူတွေအပေါ် မျက်နှာသိပ်လိုက်တာပဲ သားရယ်။ ဘာကြောင့် အမေ့သားမှလဲ။ ဘာကြောင့် အမေတို့ရဲ့ တဦးတည်းသော သားမှလဲ။
သားရယ် … အမေလေ ဒီသတင်းကိုကြားတော့ ‘ရှင်’ ဆိုပြီး တခွန်းတည်း ပြောနိုင်တော့တယ်။ မျက်လုံးတွေကလည်း အရှေ့က ကြည်လင်နေတဲ့မြင်ကွင်းကို မြင်နေရတာကနေ တဖြည်းဖြည်း ဝေဝါးသွားတယ်။ အရာရာဟာ နောက်ကျိနေတာပဲ။ အမေ့နားထဲမှာ လေတွေဟာ ပလူပျံလို့။ ခေါင်းဂာနောက်ကျိပြီး အမေ ဘာမှ မမြင်ရတော့ဘူး။ အမေ့မျက်လုံးတွေ ပြာပြီ။ နားတွေ ထိုင်းပြီ။ အမေ့ရဲ့ ရွှေတောင်ကြီး ပြိုပြီ သားရဲ့။ အမေ့ရဲ့ဥယျာဉ်လေး၊ အမေ့ရဲ့အသက် လေး၊ အမေ့ရဲ့အိမ်ကလေး၊ အမေ့ရဲ့ဘဝလေး ပြိုပြီ သားရဲ့။
အမေနိုးလာတော့ အိပ်ရာထဲမှာ အမေဟာ လဲလို့ကွယ်။ မင်းအဖေလည်း ဝရန်တာမှာထိုင်ပြီး အရှေ့ကို ငေးနေတာလေ။ ဘာစကားမှလည်း မပြောဘူး။ သူ့ဆေးပြင်းလိပ်ကြီး ခဲတာလေ ဆေးလိပ်က မီးတောင်ထွက်တယ်ကွယ်။ မင်းအဖွားကလည်းငို၊ မင်းအဖိုးကလည်းငို၊ အမေတို့ကမ္ဘာကြီး ပြိုပြီ သားရယ်။ မင့်နာရေးကို အမေတို့ ဘယ်လိုကျင်းပမလဲ။ ဘယ်သူကလည်း လာရဲမှာလဲ။ အဲဒီရက်တွေထဲ အိမ်မှာ ဘယ်သူမှ အစာမစားကြဘူး။ သီချင်းသံတွေ မကြားရဘူး။ အဲဒီရက်တွေအတွင်း နေမသာဘူး။ မိုးတွေ သည်းကြီးမည်းကြီး ရွာလို့ကွယ်။ အမေတို့အားလုံးအစား ကောင်းကင်က ငိုပေးတာနဲ့တူရဲ့။ အမေတို့ မင်းငယ်ငယ်ကတည်းက မျှော်လင့်သလို အိမ်ရှေ့ ဘွဲ့ဓာတ်ပုံလည်း မချိတ်နိုင်၊ အမေတို့ အိုမင်းရင်လည်း မင်းက မပြုစုနိုင်တော့ဘူးပေါ့။
သားရေ … လူကလေး။ ဒီနေ့ သားကြိုက်တဲ့ ခရမ်းသီးနှပ် ရခိုင်ချက်နဲ့ ကြက်သည်းကြက်မြစ်ဟင်း ချက်တယ်လေ။ သား လာစားပါဦးကွယ်။ အိမ်ရှေ့မှာ အမေ အမြဲထွက်ရပ်တယ် သိလား။ မင်း အရင်တုန်းက‌လိုများ အမေ့ကို အနောက်ကနေ သိုင်းဖက်မလားလို့။ အမေ မင်းစားဖို့ ထမင်းတပန်းကန် အမြဲခူးထားတယ်။ မင်းဝတ်ဖို့ အဝတ်တွေ အိနေအောင် တိုက်ထားတယ်။ တခါတလေ လမ်းထဲ စက်ဘီးစီးသွားတဲ့ မင်းအရွယ် ကောင်လေတွေကိုတွေ့ရင် အမေက ‘ဟဲ့ သား … ကားသတိထားနော်’ လို့ ပြောမိတယ်။ တခြားကလေးတွေက သူတို့အမေတွေကို မေကြီးရေလို့ အော်ခေါ်ရင် အမေထူးမိတယ်။ ဘယ်လိုခေတ်ကြီးပါလိမ့်ကွယ်။ ဒီခေတ်ကြီးကလည်း အမေ့တို့ရဲ့ အဖူးအပွင့်လေးတွေကိုမှ ဖမ်းစားရက်တယ်။ အမေတို့အိမ်ကို စနေဂြိုဟ် ဝင်ပြီ သားရယ်။ ဒါကြောင့် မင့်အဖေကို ဘုရားရှိခိုးပါ။ တရားထိုင်ပါလို့ ပြောတာ။ မင်းအဖေက မလုပ်ဘူးကွဲ့။
သားရေ … မင်းအဆင်ပြေရဲ့လား။ မင်း နေကောင်းထိုင်သာ ရှိရဲ့လား။ မင်းခန္ဓာကိုယ်ကိုတောင် ပြန်မရနိုင်တော့တဲ့ ဟောဒီ … တတောလုံးကြွေတဲ့ ပန်းလျတဲ့နွေမှာ ငါ့သားကို အမေလေ လွမ်းဆွတ် တမ်းတနေမိတယ်ကွယ်။ နောက်တခါ လူဖြစ်ခွင့်ရရင် မင်းနေချင်သလို လွတ်လွတ်လပ်လပ်နေနိုင်တဲ့ နေရာမျိုးမှာ လူဖြစ်ပါစေ သားရေ …။
ဇန်နဝါရီ
About The Call 625 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*