1
ထွင်
‘ပို့ကုန်မဟုတ်သော ပြည်သူများ’
ယခု 2025 ခုနှစ်အတွင်း တီဗီမှာ ကြည့်လိုက်ရသည့် သတင်းနှစ်ခုကြောင့် စိတ်မကောင်းခြင်းကြီးစွာဖြင့် သည်စာကို ရေးမိပါသည်။ (စာရေးသူတို့ အညာဒေသတွင် နိုင်ငံရေးသတင်း အတော်များများကို အွန်လိုင်းကနေ မကြည့်နိုင်၊ မလေ့လာနိုင်၊ မစူးစမ်းနိုင်ဘဲ တီဗီကနေသာ လေ့လာစူးစမ်းကြည့်ရှုရပါသည်။ အင်တာနက်များ ဖြတ်တောက်ခံထားရသောကြောင့်ပါ။ အရေးအကြောင်း ကိစ္စလေးတွေဖြစ်ဖြစ် စာမူလေးတွေ ပေးပို့လိုတဲ့ ကိစ္စလေးတွေဖြစ်ဖြစ် ရှိလာလျှင်တော့ စတားလင့်အင်တာနက်ဆိုင်တွင် နှစ်နာရီ တထောင် ပေးသုံးရပါသည်။ ခက်ခဲကျပ်တည်းလွန်းသော ကာလဆိုတော့လည်း တနေကုန် သုံးထောင် ပေးမသုံးနိုင်။)
ရုရှားနိုင်ငံနှင့် ဂျပန်နိုင်ငံသို့ မြန်မာလုပ်သား အများအပြား ပေးပို့သော သတင်းပါ။ ယူကရိန်းနိုင်ငံအပေါ် အကြမ်းဖက်ထိုးစစ်ဖြင့် ထိပါးခဲ့သည့် အာဏာရှင် ဗလာဒီမာပူတင်ခေါင်းဆောင်သော ရုရှားနိုင်ငံသို့ ပို့ခြင်းကို ပိုလို့ ရင်နာမဆုံးဖြစ်ရသည်။ အာဏာရှင်မင်းအောင်လှိုင်သည် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသည့် စကားပုံကဲ့သို့ အာဏာရှင် ပူတင်နှင့်အတူ မြန်မာပြည်သားများအပေါ် နှိပ်စက်ကလူ ပြုမူနေသည်။ မင်းအောင်လှိုင်သည် ပူတင်၏ စစ်ရေးအကူအညိီ၊ အထောက်အပံ့ ရဖို့ရာအတွက် မြန်မာပြည်သားများကို ပူတင့်ထံ မျက်နှာလုပ် ကပ်ဖားသည့်သဘောနှင့် ပို့လိုက်ခြင်းသာဖြစ်သည်။ သည့်ပြင်နိုင်ငံများစွာသို့လည်း ပေးပို့ကောင်း ပေးပို့ပါလိမ့်မည်။ ကျွန်ုပ် မကြည့်မိ၊ မကြားမိတာလည်း များမည်။ ထိုသတင်းများဟာ ဖေ့ဘုတ်သို့လည်း ပျံ့လိမ့်မည်။ တီဗီတွင် တင်ဆက်သော သတင်းဋ္ဌာနကြီးများက ဖေ့ဘုတ်တွင်လည်း တင်ဆက်သောကြောင့် ဖြစ်သည်။
ထိုသတင်းများသည် အာဏာသိမ်းစစ်ကောင်စီက တင်ပြသောကြောင့်သာ သတင်းဋ္ဌာနကြီးများက သတင်းရပြီး ပြန်လည်တင်ပြခြင်းသာ ဖြစ်ရမည်။ စစ်ကောင်စီက မတင်ပြလျှင် သိနိုင်မည်မဟုတ်သော သတင်း။
စစ်ကောင်စီသည် မြန်မာလုပ်သားများအား ပြည်ပသို့ ပို့သည့်သတင်းကို ရိုးရိုးတင်ပြခြင်းမဟုတ်။ ဂုဏ်ယူဖွယ်ရာအဖြစ် တင်ပြခြင်းဖြစ်သည်။ ထိုသို့ ပြည်ပပို့သည့်အဖြစ်သည် ဝမ်းနည်းဖွယ်ရာကောင်းမှန်း အသိဉာဏ်နုံနည်းသော စစ်ကောင်စီသည် မသိမြင်နိုင်။ ဂုဏ်ယူဖွယ်ရာအဖြစ်သာ ထင်မြင်နေသည်။
စာရေးသူကတော့ ဝမ်းနည်းဖွယ်ရာဟု မြင်သဖြင့် စိတ်မကောင်းစွာနှင့် သည်စာမူကို စီသည်။ စစ်ကောင်စီ၏ အသိဉာဏ်ထဲမှာတော့ မြန်မာလုပ်သားတွေကို သည်လို ပြည်ပပို့နိုင်တော့ လစာကောင်းကောင်းရမည်။ ထိုဝင်ငွေများက မြန်မာပြည်တိုးတက်ရေးအတွက် အထောက်အပံ့ကောင်းကောင်း ဖြစ်လိမ့်မည်။ လုပ်သားတွေရဲ့ မိသားစုဝင်တွေ ပြည့်ပြည့်စုံစုံ နေနိုင်မည်။ ကံကောင်းလျှင် တိုက်အိမ်ကြီးတွေ၊ စတိုးဆိုင်ကြီးတွေ ဆောက်နိုင်မည်။ စတိုးဆိုင်ကြီးတွေဆောက်လျှင် ဝန်ထမ်းခန့်မည်။ ပြည်သူတွေ အလုပ်ရလာလိမ့်မည်။ သည်တော့ လုပ်သားတွေရဲ့ မိသားစုဝင်တွေက စစ်ကောင်စီအပေါ် အကောင်းမြင်လာလိမ့်မည်။ စစ်ကောင်စီအတွက်လည်း နိုင်ငံခြားဝင်ငွေခွန် စီးဆင်းလိမ့်မည်။ သည်တော့ သည်လို ပြည်ပပို့နိုင်ခြင်းဟာ တိုင်းပြည်အတွက် တဘက်တလမ်းကနေ ပံ့ပိုးပေးခြင်းဖြစ်ဟု စစ်ကောင်စီက ယူဆလိမ့်မည်။ သည့်ကြောင့် မြန်မာလုပ်သားများစွာအား ပြည်ပပို့နိုင်ခြင်းကို ဂုဏ်ယူဖွယ်ရာအဖြစ် တိုင်းသိပြည်သိ ကြေညာနေခြင်း ဖြစ်သည်။
အာဏာကလွဲလို့ ဘာမျှ မသိတတ်သည့် စစ်ကောင်စီဆိုတော့လည်း သည်လောက်ပဲ အသိဉာဏ်ရှိလိမ့်မည်။ ပြည်သူများဟာ ပို့ကုန်များ မဟုတ်ရပါ။ ပြည်သူဆိုတာ တိုင်းပြည်အတွက် အင်အား၊ လုပ်အားဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၏ ပဲ့ကိုင်ရှင်။
ပြည်ပသို့ လုပ်အားအဖြစ် ပို့ခံရသော ပြည်သူတိုင်းသည် အရွယ်ကောင်းများသာ ဖြစ်သည်။ လုပ်နိုင်စွမ်း အပြည့်အဝ အရှိဆုံး အရွယ်များ။ ထိုအထဲတွင် ပညာတတ်များစွာ ပါပေမည်။ ထို ပညာတတ်၊ အရွယ်ကောင်းလုပ်အားများက ကိုယ့်နိုင်ငံဖွံ့ဖြိုးတက်ရေးအတွက် အင်အားများ၊ အထောက်အပံ့များသာ ဖြစ်စေချင်သည်။ ယခုတော့ သူများနိုင်ငံအတွက်၊ သူများနိုင်ငံ တိုးတက်ရေးအတွက် လုပ်အားအဖြစ် အပို့ခံရသည်။ ထိုအဖြစ်ဟာ စကားလုံးကြမ်းကြမ်းနှင့် ပြောရလျှင် သူများနိုင်ငံ၏ ကျွန်အဖြစ် သွတ်သွင်းခံရခြင်းပါ။ ဤအဖြစ်ဟာ ဝမ်းနည်းဖွယ်ရာ မဟုတ်လျှင် ဂုဏ်ယူဖွယ်ရာ ဖြစ်သွားမည်လား။
ပြည်ပသို့ လုပ်အားပို့ခြင်းသည် တိုင်းပြည်ဆုတ်ယုတ်ခြင်း၏ လက္ခဏာဖြစ်သည်။ သည့်အပြင် နိုင်ငံတကာကြားတွင် မိမိနိုင်ငံသည် ရှက်ဖွယ်လိလိဖြစ်သည်။ ကိုယ့်တိုင်းပြည်သည် ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင်၊ ဝင်ငွေရှားပါးသောကြောင့် ပြည်ပကို အားကိုးနေရခြင်း။ ဘယ် ပြည်ပနိုင်ငံကိုမှ အားမကိုးဘဲ ကိုယ့်နိုင်ငံမှာပဲ အလုပ်အကိုင်ကောင်းကောင်း၊ ဝင်ငွေကောင်းကောင်းနှင့် ရပ်တည်နိုင်တာကမှ ဂုဏ်ယူဖွယ်ရာ။ ကိုယ့်ပြည်သားများ ပြည်ပထွက် အလုပ်မလုပ်ရဘဲ ပြည်ပ နိုင်ငံသားများကသာ ကိုယ့်နိုင်ငံမှာ အလုပ်လာလုပ်လျှင်တော့ ဖွံ့ဖြိုးတိုးတက်မှုပေါ့။ (ကိုယ့်ပြည်သူသားများက မလုပ်တတ်လို့ တရုတ်နိုင်ငံသားလို ပြည်ပလုပ်သားများကို တရက်လုပ်အားခက မြန်မာလုပ်သားတို့ တလ လုပ်အားခနှင့်ညီသော သို့လုပ်အားခမျိုး ပေးဆောင်ပြီး ငှားရမ်းတာမျိုးတော့ မဟုတ်ပါ။ ထိုသို့ လုပ်ခြင်းသည် ကိုယ့်နိုင်ငံကို နှိမ်လွန်းခြင်း။ ကြုံဖူးသောကြောင့် ပြောရပါသည်။) ပြည်ပသို့ ပို့ကုန်အဖြစ် ပို့မည်ဆိုလျှင် ဆန်ရေစပါး၊ အသီးအနှံမျိုးစုံများကို တင်ပို့ခြင်းသာ လိုလားပါသည်။
သည်အကြောင်းကို စိတ်မကောင်းစွာနှင့် ပြောသာပြောရသည် ယခုလို ပြည်သူများကို ပြည်ပပို့နေသည်သာမက ပြည်သူများကိုယ်တိုင်ကပါ သွားသွားချင်ချင်နှင့် အစုလိုက်အပြုံလိုက် ထွက်ခွာနေသည့်အဖြစ်မျိုး ယခုကာလမှာသာမက ဟိုးအလျင်ကတည်းက ရှိနေခဲ့ပါသည်။ စာရေးသူ့အထင် အာဏာရှင်နေဝင်း လက်ထက်ကတည်းက ဖြစ်ရမည်။ ပြည်သူတွေ ပြည်ပထွက်ခွာခြင်းသည် နိုင်ငံကို အုပ်ချုပ်နေသူတို့၏ အသုံးမကျမှုကြောင့်သာ ဖြစ်သည်။ နိုင်ငံကို တိုးတက်အောင် မလုပ်နိုင်ကြခြင်း။ အာဏာရှင်များကတော့ နိုင်ငံကို တိုးတက်အောင် တမင်ကို မလုပ်ကြခြင်းပင်။ တိုးတက်သော နိုင်ငံဖြစ်နေလျှင် နိုင်ငံသားများကို အလွယ်တကူ မအုပ်ချုပ်နိုင်မည်ကို စိုးသောကြောင့်ပင်။ သည့်ကြောင့် ပညာရေးကိုလည်း အားမပေး။ အောင်ချက်နည်းအောင်၊ ပညာတတ်နည်းပါးအောင် လုပ်ကြသည်။ စစ်အာဏာရှင်က ဘယ်လောက်ပဲ ပညာတတ်နည်းပါးအောင် လုပ်လုပ် နဂိုပညာပါရမီရှိသူတွေကတော့ ထူးကိုထူးချွန်စွာ အောင်မြင်လာကြပါသည်။ ထူးချွန်စွာ အောင်မြင်လာကြသော်ငြားလည်း နိုင်ငံ၏ အစစအရာရာ ယိုယွင်းနေမှုကြောင့် ပြည်ပကို အားကိုးရန် ပြည်ပသို့ ထွက်ခွာကြရသူများချည်း ဖြစ်နေခဲ့သည်။
မင်းအောင်လှိုင် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပြည်ပထွက်ခွာမှုတွေ ပိုလို့ ကြုံနေရပါသည်။ မင်းအောင်လှိုင်၏ အတောမသတ်သော ဆိုးယုတ်မှုများစွာကြောင့်ပါ။ ကုန်စျေးနှုန်း ကြီးမြင့်မှု၊ အလုပ်အကိုင် ရှားပါးမှုများစွာကြောင့်ရော။ အရွယ်ကောင်းလေးများအား အဓမ္မ စစ်မှုထမ်းခိုင်းခံရမှု၊ ပေါ်တာဆွဲမှုများကြောင့် မင်းအောင်လှိုင်က ပြည်ပသို့ မပို့တောင် အောက်လမ်းကနေရော အပေါ်လမ်းကနေပါ အလျှိုအလျှို ပြေးလွှား ထွက်ခွာနေကြပါသည်။ မြန်မာပြည်မှ အရွယ်ကောင်းလေးများသည် မင်းအောင်လှိုင်ကို တွန်းလှန်မည့် တော်လှန်ရေးအဖွဲ့ထဲ ဝင်လျှင်ဝင် မဝင်လျှင် ပြည်ပထွက်ခွာကြသူများချည်း။ တော်လှန်ရေး လုပ်ရင်း ကျဆုံးသူက ကျဆုံးနှင့် အရွယ်ကောင်းလေးများ မရှိတော့သလောက်ပင်။ အင်မတန်မှ ဝမ်းနည်းဖွယ်ရာပါ။
စာရေးသူတို့နယ်ဘက်မှာဆိုလျှင် အရွယ်ကောင်းဆိုလို့ တော်လှန်ရေးသမားများသာ ရှိတော့သည်။ တော်လှန်ရေးသမားမဟုတ်လျှင် အကုန်ပြည်ပမှာ။ ဒါတောင် ပြည်ပထွက်ခွာစဥ် လမ်းမှာ ပေါ်တာဆွဲ ခံရမည်စိုးလို့ မထွက်ခွာရဲဘဲ တော်လှန်ရေး ဝင်လုပ်နေကြသူတွေလည်း ရှိသေးသည်။ NUG လက်အောက်မှာ ပညာသင်ပေးနေသည့် ဆရာမလေး သုံးဦးဆို စားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေသဖြင့် စင်ကာပူနိုင်ငံသို့ ထွက်သွားကြပြီ။ သိသည့်အတိုင်း စင်ကာပူသို့ အမျိုးသမီးများ အလုပ်လုပ်သွားလျှင် အိမ်အကူအလုပ်သာ လုပ်ရမည်။ ပညာတတ် ဆရာမလေး သုံးဦးက ကိုယ့်ပြည်ကအနာဂတ်ကလေးငယ်များကို ပညာသင်ပေးနေရာကနေ သူများနိုင်ငံတွင် အိမ်အကူ သွားလုပ်ရသည်မှာ ဘယ်လောက် ရင်နာဖွယ်ကောင်းသလဲတွေးကြည့်ပါ။ (စင်ကာပူနိုင်ငံဆို နိုင်ငံလေး သေးသလောက် ဖွံ့ဖြိုးတိုးတက်လွန်းလို့၊ အိမ်တိုင်းအိမ်တိုင်းဟာ ချမ်းသာလွန်းလို့၊ အိမ်အလုပ်ကို ကိုယ်တိုင် မလုပ်ဘဲ ဇိမ်ရှိရှိနေနိုင်ကြလို့ အမျိုးသမီးအလုပ်သမားခေါ်ယူလျှင် အိမ်အကူအလုပ်သာ ခေါ်သည်တဲ့။ ဘယ်လောက်တောင် အားကျဖို့ကောင်းလိုက်သည့်နိုင်ငံလဲ။) တချို့များ ကျောင်းသွားတက်ဖို့ လမ်းအခက်အခဲ(ဆိုင်ကယ်၊ စက်ဘီး မရှိတာ၊ ဓာတ်ဆီဖိုးမတတ်နိုင်တာတို့)ရှိနေချိန် တချို့ကျတော့ စာသင်ကျောင်းက ကိုယ့်အိမ်ဘေးမှာ ရှိနေလို့ အခက်အခဲမရှိ ပညာသင်ယူခွင့် ရနေပါလျှက်နှင့် စားဝတ်နေရေးခက်ခဲမှုကြောင့် ကျောင်းထွက်ပြီး ပြည်ပသို့ အလုပ်သွားလုပ်ရသူတွေလည်း အများအပြားရှိနေပါသည်။ အစိုးရကောင်း၊ နိုင်ငံ့ခေါင်းဆောင်ကောင်း မရှိသရွေ့တော့ မြန်မာပြည်ဟာ ဒုံရင်းက ဒုံရင်းပဲ ရှိနေပါလိမ့်မည်။ ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လက်ထက်တုန်းက ပညာရေးဝန်ထမ်း အများအပြား ခန့်အပ်ခဲ့ဖူးသည်လေးကိုတော့ စာရေးသူ တကယ် အားရကျေနပ်ခဲ့ဖူးပါသည်။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
