
“ပုံမဆွဲဖြစ်ကြသူတွေ”

“ဘယ်အရွယ်လောက်ကစပြီး ပုံမဆွဲဖြစ်တာလဲ …” ဒီမေးခွန်းမေးလာသူက ထရော်မာ အလုပ်ရုံဆွေးနွေးပွဲမှာ အင်ဒိုအမျိုးသမီးက မေးလိုက်တာပါ။ သူက ဒီ ထရော်မာ အလုပ်ရုံဆွေးနွေးပွဲမှာ စိတ်ပညာရှုထောင့်ကနေ အဓိကဆွေးနွေး နှစ်သိမ့်ပေးမယ့်သူ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံး လူချင်းတွေ့ပြီး ဆွေးနွေးပွဲတခုကို တက်ခွင့်ရတဲ့အချိန်လို့ ပြောလို့ရမှာပါ။
အွန်လိုင်းပေါ်မှာ တယောက်မျက်နှာ တယောက်မမြင်ရဘဲ ဆွေးနွေးတိုင်ပင်ရတဲ့ ကာလတခုကို ကျော်ဖြတ်ခဲ့ရတယ်။ကျော်ဖြတ်နေဆဲလို့လည်း ပြောလို့ရပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ ကျနော်တို့ကို အင်ဒိုအမျိုးသမီးက ပုံတပုံ ဆွဲခိုင်းပါတယ်။ လတ်တလော စိတ်ကူးထဲမှာပေါ်လာတဲ့ပုံကို ဆွဲခိုင်းတာပါ။ ပုံဆွဲဖို့ စာရွက်တရွက်၊ ရောင်စုံခဲတံတဘူးကိုပါ လာချပေးပါတယ်။ တကယ်တော့ စိတ်ကူးထဲပေါ်လာတဲ့ပုံကို ဆွဲရမှာဆိုတော့ မခက်ပါဘူးလို့ဘဲ တွက်လိုက်ပါတယ်။ ခက်တာက “ဘယ်အရွယ်လောက်ကစပြီး ပုံမဆွဲဖြစ်တာလဲ” ဆိုတဲ့မေးခွန်းကို ရက်ပေါင်းအတော်ကြာတဲ့အထိ ခေါင်းထဲကမထွက်ပါဘူး။ဘယ်အရွယ်လောက်ကစပြီး ပုံမဆွဲဖြစ်တာလဲဆိုတာကို ကောင်းကောင်း မမှတ်မိတော့ပါဘူး။ အထူးသဖြင့် ကိုယ့်စိတ်ကူးနဲ့ကိုယ် ရေးဆွဲဖြစ်တဲ့ပုံရယ်လို့ မရှိခဲ့တာ အတော်ကြာသွားပြီလို့ ပြောလို့ရမှာပါ။
အလယ်တန်းကျောင်းသားဘဝက ဖြစ်မယ်။ သေချာတဲ့မန်မိုရီတော့ မပေါ်ပါဘူး။ ဆရာက အတန်းထဲမှာ ပန်းချီတပုံဆွဲဖို့ အိမ်စာပေးလိုက်တယ်။ အဲဒီအချိန်တုန်းက ဆရာက ပုံဆွဲစာရွက်တွေ၊ ရောင်စုံခဲတံတွေ၊ ကလေးကစားစရာတွေကို ရောင်းချနေချိန်လည်း ဖြစ်ပါတယ်။ သင်္ချာသင်တဲ့ဆရာက ပန်းချီဆွဲခိုင်းတော့ မအပ်စပ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ကျောင်းသားမိဘတချို့ကတော့ ဝေဖန်ကြတာ ရှိခဲ့ဖူးတယ်။ ဝေဖန်တယ်ဆိုတာက “မင်းတို့ဆရာက သူ့ပစ္စည်းရောင်းကောင်းအောင် အခုလို ပန်းချီဆွဲဖို့ အိမ်စာပေးလိုက်တာနေမှာပေါ့” ဆိုတာမျိုးပါ။
ကျောင်းသူကျောင်းသား အများစုက စာသင်ခန်းထဲက သောက်ရေအိုးဖိုး၊ ရေစစ်ဖိုး ၊တံပြက်စည်းဖိုးတွေအပြင် ဗလာစာအုပ်ဖိုး၊ ဘော့ပင်ဖိုးကိုတောင် မိဘတွေဆီက အနိုင်နိုင် တောင်းယူနေရချိန်မှာ ပန်းချီဆွဲဖို့ စာရွက်နဲ့ ရောင်စုံခဲတံ ဝယ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ဘဲ ဆိုရမှာပါ။
ဆရာက အိမ်စာပေးလိုက်တော့ မဖြစ်မနေ ဝယ်ရတော့တာပါပဲ။ အိမ်စာမပြီးတဲ့သူက အတန်းရှေ့ထွက်ပြီး မျက်နှာငယ်ရမယ်ဆိုတာ သိထားကြပါတယ်။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ဘဝမှာ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံဆွဲခွင့်ရခဲ့တာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ အဲဒီတုန်းက ဆရာကတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်စိတ်ကြိုက် ပုံကိုဆွဲ၊ ဒီလိုမှ မဆွဲတတ်ရင် ကျောင်းသင်ခန်းစာထဲက ပုံတခုခုကို ပုံတူဆွဲခဲ့ဖို့ အိမ်စာပေးခဲ့တာပါ။ အရောင်ကိုလည်း ကိုယ်ခြယ်ချင်တဲ့အရောင်ကို ခြယ်နိုင်တယ်ဆိုတဲ့ လွတ်လွတ်လပ်လပ် ပုံဆွဲဖို့ အခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီအချိန်က ဆွဲဖြစ်ခဲ့တဲ့ပုံ။
တောင်စဉ်တောင်တန်းတွေကို စာမျက်နှာအပြည့် ဆွဲလိုက်တယ်။ အဲဒီ တောင်စဉ်တောင်တန်းကြားကနေ နေလုံးတလုံး၊ နေလုံးအနီးမှာ ပျံသန်းနေတဲ့ ငှက်ကလေး နှစ်ကောင်သုံးကောင်၊ တောင်ခြေနေရာမှာ အပင်ရှည်ရှည်သုံးပင် ဆွဲလိုက်တယ်။ အပင်တော့ အပင်ပဲ။ အုန်းပင်လား၊ ထန်းပင်လားဆိုတာ မဝေခွဲတတ်ပါဘူး။ အပင်ခြေမှာတော့ ချောင်းရိုးကလေးတခု၊ တောင်ကျရေတွေက ဒီချောင်းရိုးကနေ စီးဆင်းနေတဲ့ပုံရိပ်ပါ။ အဲဒီအပင်ခြေရင်းမှာပဲ ရေကပြင်တခုကို ဆွဲလိုက်တယ်။ ချောင်းရိုးထဲက အတက်အဆင်းလုပ်လို့ရတဲ့ နေရာတခုကို ပုံထဲမှာပဲ ဖန်တီးလိုက်တာပါ။
ပုံက မြင်ဖူးနေကျကို ပြန်ဆွဲတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီပုံကို စာရွက်ပေါင်း ဘယ်နှရွက်ပေါ်မှာ ရေးဆွဲဖြစ်လိုက်သလဲတော့ မမှတ်မိတော့ပါဘူး။ သေချာတာကတော့ ဆရာ အိမ်စာပေးလိုက်ပြီး အိမ်စာရုပ်ပုံကို ဆရာ့စားပွဲပေါ်မှာ ထပ်ပြီးတဲ့နောက်မှာလည်း ဆရာမခိုင်းဘဲ အဲဒီ ပထမဆွဲခဲ့တဲ့ ပုံစံတူရုပ်ပုံကို မကြာခဏ ပြန်ဆွဲဖြစ်တာကိုတော့ မှတ်မိနေပါသေးတယ်။ ဒီနောက်ပိုင်းမှာတော့ ပုံဆွဲတာကို မလုပ်ဖြစ်တော့ဘူးလို့ ပြောလို့ရပါတယ်။ စာသင်ခန်းထဲက ဆရာ၊ ဆရာမတွေက ပုံဆွဲတာကို တိုက်တိုက်တွန်းတွန်း မရှိတော့တာလည်း ပါမှာပါ။ ပုံဆွဲဖို့ထက် ကျောင်းသင်ခန်းစာကိုသာ အဓိကထား သင်ကြားကြတာဖြစ်လို့ ပုံဆွဲခြင်းအရာနဲ့ အလှမ်းဝေးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
တချိန်ချိန်မှာ ဘယ်အရွယ်လောက်ကစပြီး ပုံမဆွဲဖြစ်တော့တာလဲ ဆိုတဲ့မေးခွန်းမျိုး တယောက်ယောက်က မေးလာမယ်လို့လည်း ကြိုမတွေးထားပါဘူး။ သေချာပါတယ်၊ အဲဒီလိုမေးခွန်းမျိုး မေးလာတဲ့အခါ ချက်ချင်း တုန့်ပြန် ဖြေပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဘဲ ဆိုရမှာပါ။
ပုံဆွဲရတာ ကြိုက်သလား၊ ပုံတွေကြည့်ရတာ ကြိုက်သလား ဆိုတဲ့မေးခွန်းမျိုး မေးလာရင်တော့ ဒုတိယမေးခွန်းကို ချက်ချင်းပဲ လွယ်လွယ်ကူကူ ဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်။ တကယ်တော့ ကျနော့်အဖို့ ပုံဆွဲရတာထက် ပုံတွေကို ကြည့်ရတာ ပိုကြိုက်တယ်။ ပုံကြည့်ရတာ ကြိုက်တဲ့အကြောင်းကို လေးတန်းကျောင်းသားဘဝက အတန်းရှေ့မှာထွက်ပြီး ပြောပြဖူးပါတယ်။
စာသင်ချိန်မှာ ဆရာက အစည်းအဝေးသွားရချိန် ကျနော်နဲ့ သူငယ်ချင်းနှစ်ယောက်က စာကြည့်တိုက်ဘက် ထွက်လာလိုက်တယ်။ စာကြည့်တိုက်ထဲရောက်တော့ တွေ့ရာစာအုပ်ဆွဲပြီး ထိုင်ဖတ်နေလိုက်ကြတယ်။ တခြားသူတွေက စာဖတ်တာမျိုး လုပ်ချင်လုပ်နေကြမှာပါ။ ကျနော်ကတော့ ပုံတပုံကို အချိန်အကြာကြီး ထိုင်ကြည့်နေလိုက်တယ်။ စာသင် ချိန်တချိန် ပြီးတဲ့အထိကို ထိုင်ကြည့်နေတာ။ ကျနော် ထိုင်ကြည့်နေတဲ့ပုံက စစ်သူကြီးတယောက်ရဲ့ပုံပါ။
ဆရာက စာကြည့်တိုက်သွားတဲ့ ကျနော်တို့သုံးယောက်စလုံး တယောက်ချင်း အတန်းရှေ့ထွက်ခိုင်းပြီး စာကြည့်တိုက် မှာ ဖတ်လာခဲ့တဲ့ အကြောင်းအရာကို အတန်းသူအတန်းသားတွေကို ပြောပြခိုင်းတယ်။ ကျနော့်အလှည့်ရောက်တော့ အတန်းရှေ့ထွက်လိုက်တယ်။ အရှေ့ကသူတွေနည်းတူ လက်ကလေးပိုက်ပြီး ကျနော်ကြည့်လာခဲ့တဲ့ ရုပ်ပုံတပုံအကြောင်းကို ပြောပြပါတယ်။ သူများတွေ စာဖတ်လာပြီး စာအကြောင်းပြောဖို့က ပါးစပ်ပဲ လိုတာပါ။ ကျနော်က ရုပ်ပုံအကြောင်း ပြောပြရတာဖြစ်လို့ ခြေဟန် လက်ဟန် မျက်နှာအမူအရာတွေပါမကျန် လုပ်ပြလိုက်တယ်။
ပုံဆွဲဖို့ အကြိမ်ကြိမ် ကြိုးစားဖူးတယ်။ ဘယ်လောက်ပဲ စိတ်ကူးထဲမှာ ပုံဆွဲဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် တကယ်တော့ ပုံမဆွဲဖြစ်တာ အတော်လေး ကြာသွားပါပြီ။ ကိုယ့်စိတ်ကူးထဲမှာ ပေါ်လာတဲ့ပုံတွေကို ချမဆွဲဖြစ်တာ ဆယ်စုနှစ် နှစ်ခုစာလောက် ရှိပြီလို့တောင် ပြောလို့ရပါတယ်။ အခုတော့ အင်ဒိုအမျိုးသမီးက ကျနော်တို့ကို ပုံဆွဲခိုင်းပါတယ်။
ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲ လာတက်ကြသူတွေက လုပ်နေကိုင်နေကျမဟုတ်တဲ့ အရာတခုကို လုပ်ခိုင်းတာဖြစ် လို့ ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။ ကိုယ့်စိတ်ကူးထဲက ကိုယ်ဆွဲချင်တဲ့ပုံကိုပဲ ဆွဲရတာဖြစ်လို့ အားလုံးက တယောက်တပုံစီတော့ ထွက်လာပါတယ်။ ထူးခြားတာတခုက တယောက်နဲ့တယောက် မတူညီတဲ့ပုံတွေကို ရေးဆွဲနိုင်ကြတာပဲ ဖြစ်ပါတယ်။
လာချပေးတဲ့ A4 စာရွက်ပေါ်မှာ တြိဂံပုံကို အလျားလိုက် ရှည်မျောမျော ဆွဲလိုက်တယ်။ အကျယ်ကနေ အကျဉ်းဘက် ကို ဦးတည်သွားတဲ့ ပုံတပုံကို စိတ်ကူးရသွားလို့ပါ။ အကျယ်ဘက်ကို အနက်ရောင်တွေ အတော်များများ ခြယ်လိုက် တယ်။ အကျဉ်းဘက်မှာတော့ အပြာရောင်လေး နည်းနည်း ခြယ်လိုက်တယ်။ ရှည်မျောမျောတြိဂံရဲ့ အဖျားပိုင်းမှာတော့ အခက်အလက် စုံစုံလင်လင်ရှိတဲ့ ပန်းပွင့်တပွင့်ပုံကို ဆွဲလိုက်တယ်။ စိတ်ကူးထဲမှာတော့ အမှောင်နေ့ရက်တွေကနေ အေးအေးချမ်းချမ်းရှိတဲ့ ပန်းပွင့်ရာအရပ်ဆီကို ဦးတည်သွားနေတဲ့အကြောင်းပါ။
ကိုယ်ဆွဲလိုက်တဲ့ပုံရဲ့ ရည်ရွယ်ချက်ကို ပြောကြတဲ့အခါမှာတော့ “ကျနော်ဆွဲတဲ့ပုံမှာ အနက်ရောင်ကို အများဆုံး မြင်ရမှာပါ။ အနက်ရောင်ဆိုတာ စစ်တပ်က အာဏာသိမ်းတော့ ကျနော်တို့ အမှောင်နေ့ရက်တွေကို စပြီးကြုံရတဲ့ သဘော ဆောင်ပါတယ်။ အမှောင်ထဲမှာ စမ်းတဝါးဝါး လျှောက်လှမ်းနေကြရတာဟာ ကျနော်တို့ရဲ့အနာဂတ် ပျောက်နေတာပဲလို့ ပြောလို့ရပါတယ်။ စစ်တပ်က တိုင်းပြည်ကို အမှောင်ချပြီးတော့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ မတရားမှုတွေကို တိုင်းသူပြည်သားတွေက ဒီနေ့ဒီအချိန်အထိ နေ့စဉ်နဲ့အမျှ ခံစားနေကြရတာ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှလည်း လူ့အခွင့်အရေး ဆုံးရှုံးနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။ ဒီလိုအခင်းအကျင်းတွေကပဲ ကျနော်တို့ကို အကျိုးသက်ရောက်မှုတခု လာပေးပါတယ်။ စကားလုံးကြမ်းကြမ်း ပြောတတ် လာတာ၊ အပြောအဆိုကြမ်းကြမ်း၊ အပြုအမူကြမ်းကြမ်း၊ နေထိုင်မှုပုံစံတွေကအစ ခပ်ကြမ်းကြမ်း ဖြစ်လာတာမျိုးတွေ ရှိလာပါတယ်။ အရေးအသားကြမ်းကြမ်းတွေနဲ့ ရေးသားပြောဆို မျှဝေလာတာတွေလည်း ရှိလာပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ပြီး အားတင်းထားရတဲ့အချက်က တနေ့ အပြာရောင်အကွက်ထဲကို ကျနော်တို့အားလုံး ရောက်ကြမှာပါ။ ငြိမ်းချမ်းတဲ့နေရာကို ရောက်ကြဦးမှာလို့ အားတင်း ရှေ့ဆက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီကတဆင့် ပန်းခင်းကြီးထဲမှာ အေးအေးချမ်းချမ်း ပြုံးပြုံးပျော်ပျော် လျှောက်လှမ်းကြရဦးမှာပါ။ ခွန်အားပေး ရှေ့ဆက်ကြရမယ်။”
ဒါဟာ ရိုးရှင်းတဲ့အဓိပ္ပါယ်၊ ရိုးရှင်းတဲ့ ပုံတပုံဆိုတာကို အင်ဒိုအမျိုးသမီးက မှတ်ချက်ပြုပါတယ်။ အားလုံးကိုမှာလိုက် တဲ့ စကားတခွန်းက “ဒီဆွေးနွေးခန်းထဲက ထွက်သွားတဲ့ နောက်ပိုင်းရက်တွေမှာ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံတွေဆွဲကြည့်ပါ” လို့ မှာကြားလိုက်ပါသေးတယ်။ ဘယ်အချိန်မှာများ ပုံတွေဆွဲဖြစ်ဦးမလဲ ဆိုတာတော့ ပြောရခက်တယ်လို့ပဲ ဆိုရတော့မှာပါ။ ပုံဆွဲခြင်းကနေ စိတ်ခွန်အားတခုခု ပေးနိုင်လိမ့်မယ်လို့တော့ ထင်ပါတယ်။
Be the first to comment