ပြီးပြည့်စုံသောနေ့

ညီလင်းအိမ်

by The Call
1 views
“ပြီးပြည့်စုံသောနေ့”
◾️ ညီလင်းအိမ်
နေရောင်ရဲ့ ကြည်စင်မှုတွေက ဘယ်လောက်အထိ လှပမှန်း သတိမပြုမိတာကြာပြီ။ ရက်တွေက အမှိုက်ခြင်းတွေထဲက အာလူးသီးပုပ်များကဲ့သို့။ တံခါးကို လှပ်ဖြစ်တိုင်းလည်း လမ်းကို မမြင်မိတာ နှစ်ကာလဘယ်လောက် ရှိပြီလဲတောင်မသိ။ စံပယ်လေးရနံ့များ လွင့်ပျံလာတိုင်းလည်း ရှုရှိုက်ဖို့ ဒါကို အမှတ်တရ ရှိဖို့။ လက်ဖမိုးကလေးပေါ်ကို မိုးစက်ပွင့်ကလေးတပွင့် တင်ကျန်လာတဲ့ အထိ အာရုံထားမိဖို့ အကြောင်း မရှိပါ။ ကောင်းကင်ကြီးကို ခေါင်မိုးတခု အဖြစ် မြင်မိထားပြီးပြီ။ ကျနော့်လွတ်မြောက်ရာလမ်းမသည် အလုပ်ဝင်းတံခါးနှင့် ကီလို ငါးဆယ်ခန့် အကွာထိသာ။ မှန့်ရှေ့မှာ ရပ်မိလို့ ခေါင်းကို ကြည့်မိတိုင်း ဆံပင်တွေ ပိုပိုဖြူလာတာကို သိလာတာက လွဲလို့ ဒီနေရာလေးမှာ ကျနော့်ဘဝသက်တမ်းတွေ ခြွေချပစ်ခဲ့တာ အရာအာလုံး အလဟဿ သက်သက် ဖြစ်ခဲ့တယ် ဆိုတာလည်း သိဖို့ကောင်းပေမဲ့ ရုန်းထွက်လွတ်မြောက်ဖို့ မဖြစ်နိုင်။ အသက်ကြီးမြင့်ရုံကလွဲလို့ ဘာမှဖြစ်ထွန်းလာမှု မရှိတဲ့ ဒီအလုပ်ကလေးကနေ ထွက်ခွာနိုင်မှ ဘဝထဲက လွတ်မြောက်ရာလမ်းကို တွေ့ရမှာလား။ ကျနော်ရဲ့ အတွေးတွေဟာ မရောရာမှုများစွာနဲ့ ဝေဝါးလို့ နေတယ်။
အဲဒီလို ဖြစ်မှုတွေအလုံးစုံကို Perfect Days က အလင်းပြပါတယ်။ ဒီရုပ်ရှင်ထဲက အဖိုးကြီးက ကျနော်တို့ ရှု့မြင်ပုံလိုမျိုး ဘဝကို ပုပ်သိုးအာလူးသီးများသဖွယ် မြင်မိနေဟန် မရှိပါ။ ကျနော်တယောက်ကတော့ ငြူစူမှု ငြီးငွေ့အချောင်ခိုလိုမှု များစွာနဲ့ အလုပ်ခွင်ကို ဝင်လာမိတိုင်း၊ ကိုယ့်ထက် ရာထူးကြီးမြင့်သူတွေ ဘဝကို လှမ်းငေးရင် ကိုယ့်ကို သိမ်ငယ်စိတ် ဖြစ်လိုက်၊ ရောက်မလာသေးတဲ့ အနာဂတ်များအတွက် မိမိရဲ့ ရှင်သန်ရပ်တည်နိုင်စွမ်း သံသယဖြစ် ပျော့ညံ့လိုက်နဲ့ ရှင်သန်နေရပုံမျိုးမှာ သူကတော့ ရွှေတွင်းကြီး ရှိရာကို သွားရောက်ရတော့မယ့် ဟန်ပန်အပြည့်နဲ့ပဲ အိပ်ရာကနေ တက်ကြွစွာ နိုးထလေ့ရှိတယ်။ ကျနော်တို့ မကြည့်မြင်ဖြစ်ကြတဲ့ ကောင်းကင်ပေါ်က နေရောင်နုနုကလေးတွေကို လှမ်းငေးတယ်။ ကြည်သာရွှင်ပျစွာ ပြုံးတယ်။ ပြီးရင် အိမ်သာဆေး၊ သန့်ရှင်းရေးလုပ်ရတဲ့ အလုပ်ဆီကို စိတ်လက်မြူးတူးစွာနဲ့ပဲ ထွက်ခွာလေ့ ရှိပါတယ်။
တပါးသူကျန်ခဲ့တဲ့ အညစ်အကြေးတွေကို ခဏတဖြုတ်ကလေး မြင်ရတာတောင် အော်ဂလီဆန် ရွံရှာတတ်တဲ့ ကျနော်တို့တွေဟာ သူလိုမျိုး ဘဝအနေအထားမှာဆို အဲဒီ မိလ္လာနဲ့ဆိုင်တဲ့ သန့်ရှင်းရေးအလုပ်ကို လုပ်နိုင်ပါ့မလား ဆိုတာကိုလည်း ကြည့်ရင်း အတွေးဝင်မိပါတယ်။ သူကတော့ ရွံရှာ နှာခေါင်းရှုံ့မှု၊ မိမိအလုပ်အပေါ် သိမ်ငယ်ရှက်ရွံ့တဲ့ အနေအထားကို မြူမှုန်ကလေးမျှ မမြင်ရဘဲ အားသွန်ခွန်စိုက် လုပ်ဆောင်နေခဲ့တယ်။ ဒီလိုတွေ ရှိကြလို့လည်း ဂျပန်နိပွန်ပြည်ဆိုတာ အိမ်သာကစလို့ ထမင်းထိုင်စားလို့ ရတဲ့ တိုင်းပြည်၊ အင်မတန်မှ အလုပ်လုပ်ကြတဲ့ လူတွေ၊ မိမိတို့ထမ်းရွက်ရတဲ့ ဘယ်လိုအလုပ်ဟူမဆို ပရော်ဖက်ရှင်နယ်ကျအောင် ကျေပွန်ကြတဲ့ လူမျိုးတွေ စလို့ အဲဒီလို ကောင်းသတင်းတွေကို ကျနော့်အနေဖြင့် ဆွဲဆန့်လိုစိတ် မရှိပါ။
ကျနော် ရှာကြည့်ချင်တာက ဒီအဖိုးကြီးဟာ သောကအပူရိပ်တွေကနေ ကင်းပလွတ်မြောက်အောင် ဘယ်လိုနေထိုင်သလဲ ဆိုတာကိုပါပဲ။ တွေ့လိုက်ရပုံကတော့ သူ့ဘဝမှာ ဘယ်သူမှ အနားမှာ ရှိမနေလို့ပါပဲ။ အပန်းဖြေကြည့်စရာ TV ကလေး တလုံးရယ်မှတောင် မရှိ။ စမတ်ဖုန်းဝေးစွ။ အဲတော့ ဘာအရေးလဲပေါ့။ သူ့မှာ ဖတ်စရာ စာအုပ်တွေ ရှိတယ်။ ပန်းပင်ကလေးတွေ ရှိတယ်။ အလုပ်ချိန်ခဏနားချိန်မှာ ငေးကြည့်စရာ သစ်ပင်ကြီးတွေ ရှိတယ်။ ဒါ‌တွေကို လည်ပြန်ငေးကြည့်လိုတဲ့အခါမှာ ဖလင်ကင်မရာကလေးနဲ့ပဲ မှတ်တမ်းတင်ဓာတ်ပုံရိုက်သတဲ့။ သူ့အနားမှာ စိတ်လက်အပန်းဖြေဖို့ဆိုလို့ ဒီဘက်ခေတ်မှာဆို ပြတိုက်ထဲတောင် ပို့ရတော့မယ့် အနေအထားရောက်နေပြီဖြစ်တဲ့ ကက်ဆက်အိုကြီးတလုံးပဲ ရှိပါတယ်။ ကျနော်သာ သူ့နေရာမှာ ဆိုရင်ကော အဲဒီလို အနေအထားမျိုးနဲ့ ပျော်မွေ့နိုင်ဖို့ ဖြစ်နိုင်ပါ့မလား။ လုံးဝမထင်။
အာရုံငါးပါး ထိတွေ့ခံစားမှုမှာ ကျနော်တို့ထက် များစွာ ဝေးကွာနေတဲ့ သူ့မှာတော့ ပျော်ရွှင်နှစ်လိုဘွယ် ဘဝတွေ ရှိနေပြီး ကျနော်တို့မှာကတော့ အရာရာ နာကျင် ကြွေကွဲဖွယ်ရာတွေ၊ စိတ်ညစ်ညူး ပူလောင်မှုတွေပဲ ဖြစ်နေရတယ်။ ဘဝကို ဆွဲဖြဲလိုက်တိုင်း လင်းပွင့်လာတဲ့အရာတွေမှာ နေရောင်များထက် ဒီလူသားတွေက ပေးလိုက်တဲ့ ဒီ ကိုယ်လိုသူလို လူသားတွေကပဲ ပေးလိုက်တဲ့ နာကျင်ဒေါသဖြစ်၊ ဝမ်းနည်း ကြေကွဲရတဲ့ အနက်ရှိုင်းဆုံး စိတ်ဒဏ်သင့်မှု ဝေဒနာ တပုံတပင်။ တွေးရင်း အဖြေကို တွေ့ရှိသွားရပြန်တော့လည်း ကျနော့်မှာ မပျော်နိုင်ပြန်ပါဘူး။
ဘာလို့ဆိုတော့ ရုပ်ရှင်ထဲက အဖိုးကြီးမှာလည်း ဒီဒဏ်ရာတွေကနေ လွတ်မြောက်နေလို့ မရနိုင်သေးတာကို သိလိုက်ရလို့ပါပဲ။ သူအိပ်ပျော်သွားတိုင်း အတိတ်ကအရိပ်‌တွေဟာ စိတ်နှလုံးအိမ်ထဲကို တုန်ရီဝိုးတဝါး အရိပ်ဖျော့များအဖြစ်နဲ့ လာလာတိုးတတ်တယ်။ အဲဒီအရာတွေက နက်ရှိုင်းပြတ်သားလာတဲ့အခါမှာ မူးသီဝေဝါးစွာနဲ့ လန့်နိုးလာရတာမျိုးတွေ။ အဲဒီလိုညတွေကြုံရပြီဆိုရင် ဘယ်သူမှ စိတ်လက်ကြည်သာစွာနဲ့ ပြန်အိပ်နိုင်မှာ မဟုတ်တာ သေချာပါတယ်။
သူကတော့ ဘယ်လိုပဲဖြစ်နေပါစေ။ လင်းအာရုဏ်ဆွတ်ဖျားဆီက ပျို့အန်ကျလာတဲ့ ရောင်ခြည်နုနုကလေးတွေဆီကို ချိုသာတဲ့ အပြုံးပန်းများနဲ့ နှုတ်ဆက်ဖို့ ဝန်မလေးတတ်ပါဘူး။ အဲဒီအချိန်ကို နှိုင်းယှဉ်မြင်မိတဲ့ ကျနော်ကတော့ နေရောင်ကို လှမ်းငေးဖို့ ဝေးစွ၊ မူးနောက်ထုံထိုင်းတဲ့ အသိတွေနဲ့ပဲ အိပ်ရာထက်က ထ။ မိမိဘဝကို တဆုံးတနင့်တွေးရင်း ပျင်းကြောဆွဲ စိတ်ကုန်လိုက်နဲ့ပဲ။ အလုပ်ခွင်ထဲရောက်တဲ့တိုင် အမြင်မကြည်မှုတွေ၊ အခြားသူတွေကို ဘာမှန်းမသိ အမြင်မကြည်တာကနေ မိမိကိုယ်ပါ ရွံရှာစိတ်ပျက်မှုတွေ အတိဖြစ်လာရင်း လူ့ဘဝဆိုတာကို ပြည်တည်နာတခုသဖွယ် အဖြစ်သာ မြင်ယောင်စွဲထင်လာခဲ့တာ မဟုတ်လား။
သို့တစေ ကျနော်ရှာတွေမိတဲ့ ပျော်ရွှင်မှုဆိုတာ လူတွေ မိမိအပါးမှာ ရှိမှု၊ မရှိမှုကနေပဲ ပိုလို သက်ဆိုင်နေတာဆိုတာကို သိမိလာခဲ့ပါတယ်။ ဒီလူတွေနဲ့ နီးကပ်ခြင်း၊ ဝေးကွာခြင်းကနေပဲ ပျော်ရွှင်ခြင်းနဲ့ ငြီးငွေ့အထီးကျန်ခြင်းဆိုတာကို ပိုင်းဖြတ်လို့ ရနိုင်ပါတယ်။ ဆိုတော့ ဒီ ဂျပန်အဖိုးကြီးအနေနဲ့လည်း လူမှုဘဝတွေထဲက ဒုက္ခသုခတွေနဲ့ ကင်းဝေးပါစေရယ်တော့ဆိုတဲ့ အနေတဲ့လည်း တမင်တကာ ကျင့်ကြံအားထုတ်နေတာမျိုးရယ်လို့လည်း မဟုတ်ပါဘူး။ သူ့ဆီကို တူမကလေး လာတဲ့အခါမှာ ခါတိုင်းနေ့တွေထက် ပိုပျော်နေတာကို ရှု့မြင်ရတယ်။ တူမကလေးက သူနဲ့အတူ အလုပ်ရှိရာကို လိုက်ပါတယ်။ ဒီလို အလုပ်ကိုလည်း နိမ့်ပါးတဲ့အရာတခုပါလားလို့ ရှု့မြင်တဲ့ ပုံလည်း မရှိဘူး။ သို့ပေတဲ့လည်း ဒီတူမကလေးကို ပြန်လာခေါ်သွားတော့ ပျော်စရာတွေက တိမ်းပါးသွားပြန်ရော။ သူ့မှာ ပျောက်ဆုံးသွားပြန်တဲ့ နွေးထွေးပျော်ရွှင်မှုအတွက်ပဲ ဝမ်းနည်းနာကျင်ရပြန်ပါရော။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ သူကတော့ အာရုဏ်ကျင်းလို့ ဆင်းလာတဲ့ လင်းရိပ်ဆွတ်ဖျားကလေးတွေဆီကို ဦးညွှတ်နှုတ်ဆက်ဖို့ ဝန်လေးနေတာမျိုး မရှိပါဘူး။ လူ့ဘဝထဲက ပျော်ရွှင်မှု၊ မပျော်ရွှင်မှုများဆိုတာဟာ ငြင်းပယ်၊ ပုန်းကွယ်လို့ ရတဲ့ အရာတွေမှ မဟုတ်တာ။ ပိုက်ထွေး လက်ခံရမှာပဲ မဟုတ်လား။ အိပ်မက်ဆိုးတွေ မက်မိရင်လည်း အမှောင်ညရိပ်ထဲမှာပဲ တိတ်ဆိတ်စွာသာနေတဲ့ လမင်းကိုဖြစ်ဖြစ် ငေးရီရင်းနဲ့ပဲ သန်းခေါင်ယံနောက် ကောင်းကင်အောက်ဆီကို ခုန်ဆင်းလိုက်ရုံအဖို့ပေါ့။ ငိုစရာရှိရင်လည်း ငိုချပစ်လိုက်ရုံပေါ့။
ကျနော့်မှာ သူ့ကို ငေးရင်း ပျော်ရွှင်ငြိမ်းအေးရမှု အဖို့ဘာဂကို တွေ့မိတော့လည်း ဘယ်လိုကြီးရယ်လို့မှ နက်ရှိုင်းဆန်းပြားနေတာမျိုးရယ်မှ မဟုတ်တာဘဲလေ။ အဲဒီလိုနဲ့ အခန်းတံခါးကို တွန်းဖွင့်ပြီး အပြင်ကို ထွက်လာတော့ လကလေးသာနေတာကို မြင်ရတယ်။ ကျနော်ရှိရာ ကမ္ဘာမှာ လရောင်ကလေးရဲ့ အရိပ်က အေးမြလှပေမဲ့ ချန်ခဲ့တဲ့ ဇာတိမြေက လရောင်ကလေးမှာရော ခုလို အေးမြမှုတွေ ပါနေပါ့မလား။ ဒီလိုတွေးလိုက်တဲ့အခါမှာ ပျော်ရွှင်ချင်တဲ့ စိတ်က ဆိုနင့်မှုတွေ တသီကြီး တိုးဝင်လာပြန်ပေါ့။ ဒါတွေကို သူတို့ နိပွန်တွေလည်း မျိုးဆက်တလျှောက် ဖြတ်သန်းခဲ့ရတာပါပဲလေ လို့လည်း မဆီမဆိုင် တွေးမိပြန်ပါတယ်။ ဒီလိုနဲ့ သက်ပြင်းဖွဖွကို မှုတ်ထုတ်လိုက်ရင်း ဆစ်ကလက်တလိပ်ကို ရှိုက်ဖွာလိုက်တယ်။ ညက ကျနော်တယောက်တည်း အပိုင်စားရသလို တိတ်ဆိတ်လို့နေတယ်။
ညဆိုင်းသွားကြတဲ့ အလုပ်သမားတွေက ပြန်လာဖို့ မရှိကြသေး။ မလှမ်းမကမ်းက တောင်တန်းပြာဆီကို ငေးကြည့်တော့လည်း လရောင်အောက်မှာ တိတ်ဆိတ်နက်မှောင်နေတယ်။ ဒီအရပ်ကိုရောက်တာ ခြောက်နှစ်နီးပါး ရှိပြီဖြစ်ပေမဲ့ ခုလို အချိန်ပေး ငေးကြည့်တာမျိုး၊ မိမိစိတ်ထဲက လေးပင်မှုတွေကို လေဟာနယ်အကြားဆီကို လွှင့်ထုတ်လိုက်တာမျိုးလို့ ရှိမှ မရှိတာပဲလေ။ ချစ်သူဟောင်းနဲ့ ပြန်တွေ့ အကြည်ဆိုက်နေပြီလို့ အထင်ရောက်မိသွားတဲ့ အဖိုးကြီးကတော့ ဘီယာတွေ ဆေးလိပ်တွေဝယ်ပြီး တံတားနားသွားရင်း အသည်းကွဲဟန် ပြုသတဲ့။
ကျနော်ကတော့ အသက်သုံးဆယ်ကျော်လာတဲ့ တိုင် နှစ်ချို့ ဝိညာဉ်ဖြူတကောင်လိုပဲ ဘဝကြီးထဲမှာ ပါးလျအသက်မဲ့လာ၊ အနာဂတ်တွေ လွတ်ကျ လမ်းပျောက်ရမှုအတွက် ကျကျနနလက်ခံလိုက်ဖို့အတွက်ပဲ ဒီရုပ်ရှင်ကြည့်အပြီးမှာ ဆုံးဖြတ်လိုက်ပါတော့တယ်။ အိပ်မက်ထဲကို ရောက်လာရင်လည်း ရောက်လာပါစေတော့၊ ပြန်မလာတော့တဲ့ လက်ကလေးတဖက်အတွက်လည်း ထူးထွေ စောင့်မျှော်မနေတော့ပါဘူး။ ရောက်လေကတည်းက ဘာမှသုံးစားမရတဲ့ သတ္တဝါလို မြင်ယောင်မှုနဲ့ပဲ နေထိုင်ခဲ့ရတဲ့ ထိုင်းလူမျိုး မန်နေဂျာရဲ့ အမြင်တွေအတွက်လည်း အထူးတလည် ပြောင်းလဲဖို့၊ မိမိကိုယ်ကိုယ် အပြစ်တင် ဝေဖန်ဖို့အတွက်လည်း မစဉ်းစား မရှုမြင်လိုက်တော့ပါဘူး။ ဘဝက ဆန်ပြီးကူးတိုင်း ရောက်ရတဲ့ ကမ်းမဟုတ်ဘူး ဆိုတာကို ဒီရုပ်ရှင်ကနေ သိမိလိုက်ရခြင်းကြောင့်လည်း ဖြစ်ပါမယ်။
မနက်ဖြန် အလုပ်သွားရင်တော့ နားကြပ်ထဲမှာ အိုဆွေးတဲ့ Country Song သီချင်းတွေကိုပဲ ဖြစ်ဖြစ် နားထောင်မယ်။ စံပယ်လေး ရနံ့တွေ လွင့်လာတာကို ကြုံတဲ့အခါမှာ ဆိုင်ကယ်ကို အသောနှင် မစီးနှင်တော့ဘဲ ခဏကလေးရပ်ပြီး နမ်းရှိုက်လိုက်မယ်။ ဒီအတွေးတွေဟာ ကြုံလာရမယ့် ဘဝအမောကြီးထဲမှာ ဘယ်လောက်အထိ ခိုင်မြဲနိုင်မလဲ ဆိုတာကတော့…။
ရုပ်ရှင်ရည်ညွှန်း- Perfect Days Movie(2023)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment