2
“ပြောစမှတ်တွင်”
■ ဆူးနတ်သန်
အဆင်မပြေတာတွေ များလှပြီ။ ရက်ဆက် တိုက်ပွဲအရှိန်ကြောင့် လူပင်ပန်းမှုက ဘာမှ အရေးမကြီးသော်လည်း ကျဆုံးရဲဘော်တွေ အရေးက တအုံနွေးနွေး ဖြစ်လှ၏။ ဆန်ရင်း နာနာဖွတ်ဆိုသလို ဘေးနားမှာရှိတဲ့ ပ.က.ဖ ခေါင်းဆောင်ကိုပဲ မာန်မဲကြိမ်းမောင်းရန် စိတ်ကူးမိသည်။ အတွေးထဲတင် ဖြစ်ပေါ်လာပြီး စကားလုံးတွေ ဒေါသတွေက အသံအဖြစ် ရောက်မလာတော့ပါ။
ကိုထွေးနဲ့အတူ ပ.က.ဖ တပ်များ ယှဉ်တွဲတိုက်လာတာ သုံးနှစ်ရှိပြီ။ ကိုထွေး ရဲဘော်တွေ၊ ပ.က.ဖ ဒေသခံထဲက ရဲဘော်တွေ အကျဆုံးလည်း ရှိခဲ့ဖူးပြီ။ ကံတူ အကျိုးပေးတူ ဖြတ်သန်းလာပြီး ဖြစ်လေသမျှကို ခါးစည်းခံဖို့သာ ရှိတော့သည်။ ဘယ်သူ့ ဘယ်သူရဲ့ အပြစ်လို့ ဆိုနေလျှင် အပိုသာ ဖြစ်တော့မည်။
“မင်းမောင်၊ အသက် ၂၁ နှစ်
ဇန်နဝါရီ ၈ ရက်၊ ၂၀၂၆
မြင့်မြတ်စွာ ကျဆုံးသည်” အုတ်ဂူပေါ်က စာသားများကို နှလုံးသားထဲ မြည်ဟီးအောင်ထိ ကိုထွေး ဖတ်နေမိသည်။ ချုပ်တည်းထားတဲ့ ဒေါသက အလိပ်လိုက် တက်လာပြန်သည်။ မေးကြော ထောင်ထအောင် ဘာတွေဖြစ်နေတာလဲဟု အုတ်ဂူဆေးသုတ်နေတဲ့ ရဲဘော်နှစ်ယောက်ကို မေးလိုက်သည်။
ကြေကွဲနာကျင်ခံပြင်းမှုကြောင့် အသံက အနည်းငယ် မာသွားသည် ထင်သည်။ ကိုထွေး အမေးကို တုန်တုန်ရီရီ ပြန်ဖြေကြသည်။ “သင်္ဘောဆေး အနီ ကုန်သွားတာ ဆရာ။ ရွာထဲမှာလည်း ဒါအကုန်ပဲ။ အုတ်ဂူက တဝက်ပဲ ဆေးသုတ်ရ သေးတာ။ ဒီအတိုင်း ထားခဲ့မှ ရတော့မယ်ဆရာ။ ဘယ်လိုမှ လုပ်လို့မရတော့ဘူး။”
ခေါင်းတွင်တွင်ခါရင်း ကိုထွေး အံကြိတ်မိသည်။ သင်္ဘောဆေးအနီတောင်၊ အသက်ပေး သွားတဲ့ ရဲဘော်အုတ်ဂူအပေါ် ဆေးအပြည့် မသုတ်ပေးနိုင်တဲ့ အဖြစ်ကို ရင်ထုမနာ ဖြစ်လှသည်။ အနီးရှိ ပ.က.ဖ ခေါင်းဆောင်ကိုပဲ လက်စသတ်ပြီး ရသလောက် ကြည့်ကောင်းအောင် လုပ်ပေးကြရုံပေါ့ဟု တိုင်ပင်လိုက်ပြီး မင်းမောင် အုတ်ဂူကို အထပ်ထပ် ပြန်ကြည့်နေမိသည်။ နေကလည်း ရှိန်းရှိန်းထအောင် ပူသည်။ ရဲဘော်တွေနဲ့ ရပ်ကျေးလူကြီးတွေကလည်း ချွေး ပြိုက်ပြိုက်ထအောင် ခံစားနေရသည်။ ကိုထွေးပင် နဖူးက စီးကျလာတဲ့ ချွေးများ လက်ခုံနဲ့ သုတ်ပစ်နေရသည်။
ဒေသကုန်ကြမ်း ပြတ်တောက်မှု၊ ဈေးကြီးမြင့်မှုက ကိုထွေးနဲ့ ဒေသခံတွေနဲ့အတူ မြန်မာပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ပြဿနာပင် ဖြစ်သည်။ ကိုထွေး တတ်နိုင်တာ ဘာမျှ မရှိတော့ပေ။ အုတ်ဂူကို ဆေးအပြည့် မသုတ်နိုင်ခြင်းဟာ တွေးကြည့်တော့လည်း ဘာမှ မဟုတ်တဲ့ အခြေအနေပါ။ ကျဆုံးရဲဘော် မင်းမောင်ကလည်း တမလွန်ကနေ မကျေမနပ် ဖြစ်နေမယ့်သူ မဟုတ်ပေ။ သေတာနဲ့ ရှင်တာပဲ ဆရာရယ်။ ကျနော်က သေခြင်းကိုတောင် လှလှပပကြီး ချန်ထားရစ်နိုင်ခဲ့သူပါလို့ အတွန့်တက်နေမယ့် ကောင်စား မျိုးဆိုတာ ကိုထွေး သိပါသည်။ ဒါပေမဲ့ ဒေသခံတွေကြား ပ.က.ဖခေါင်းဆောင်နဲ့ ကိုထွေးတို့ ကို ဒီလောက်တောင် ဆင်းရဲတဲ့ တော်လှန်ရေးတပ်တဲ့။
ကျဆုံးရဲဘော် အုတ်ဂူကို သင်္ဘော ဆေးအနီ အပြည့်တောင်မသုတ်နိုင်ဘဲ ကြယ်ဖြူတပွင့် တစ်လစ်နဲ့ ချန်ခဲ့ကြသတဲ့။ ပြောစမှတ် ရာဇဝင်အတွင်ခံရမည့် ကိစ္စက ကိုထွေးအတွက် မခံရပ်နိုင်စရာပါ။ ကိုထွေးတို့ ဂုဏ် သိက္ခာနဲ့တော့ ဆိုင်လှတယ်မဟုတ်ပေမဲ့ အညာဒေသရဲ့ ပြောင်မြောက်တဲ့ စကားလုံးတွေကို ကြားဖူးနာဝရှိနေတဲ့ ကိုထွေးအတွက် အသေးဖွဲများပင် ဂရုတစိုက်ရှိရမည်ဟု သိနားလည် ထားသည်။ ဒီကိစ္စမှာတော့ ကိုထွေး တတ်နိုင်တာ မရှိတော့ပါ။ ပြောချင် ပြောပါစေတော့ အံကြိတ်ခံရရုံသာ ရှိတော့သည်။
မင်းမောင်အုတ်ဂူကို လက်စသတ် ထားခဲ့ကြပြီး ကိုထွေးတို့ တပ်တွေ ရှေ့တန်းပြန် ထွက်ရသည်။ ရှေ့တန်းကို ပြန်ရောက်တော့လည်း မင်းမောင်အုတ်ဂူကိစ္စကို ကိုထွေး မေ့ထား နိုင်သွားသည်။ ရဲဘော်တွေ ဘေးကင်းရေးနဲ့ ရန်သူကို အပြတ်ခြေမှုန်းရေးက အဓိကပင် ဖြစ်လာသည်။ ကိုထွေးအနေနဲ့ ရှေ့တန်းစစ်မြေပြင်ဟာ မိဘအိမ်လိုပဲ သဘောထားသည်။ ကိုထွေး တော်လှန်ရေး ရဲဘော် ဖြစ်လာတာ လူလေးစားခံဖို့ မဟုတ်ပေ။ လူလေးစားခံရရင်ကို ကိုထွေး အနေနဲ့ ကိုယ်နဲ့ မတော်တဲ့ အင်္ကျီကောက်ဝတ်ရသလို ယားကျိကျိ ဖြစ်ရသည်။ ကိုထွေး အမေနဲ့အဖေဟာ မပြည့်စုံပေမဲ့ ကိုထွေးကို ပြည့်စုံအောင် ထားဖူးသည်။ ကိုထွေး စာတတ်မြောက် ပညာတတ်ဖြစ်ခဲ့ရသည်။ ကိုထွေး ကျောင်းနေပျော်သလို အပေါင်းသင်း စုံဖူးသည်။ ကိုထွေးဘဝမှာ ပျက်စီးကြောင်း မလိုက်စားခဲ့ပါ။
တည်ကြည်လေးနက်စွာ တွေးခေါ်ပြီး ကောင်းရာမွန်ရာပဲ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာချည်းပါ။ အခု ကိုထွေးတို့တပ်ကို ပြည်သူက ထမင်းကျွေးသည်။ ကိုထွေးတို့က ပြည်သူတွေ အသက်အိုးအိမ် လုံခြုံရေး ပြည်သူ့ ကာကွယ်ရေးတပ်အနေနဲ့ ကာကွယ်အသက်ပေးနေရသည်။ အိပ်မက်ဆန်လှသော အဖြစ်များ ပင် မဟုတ်ပါလား။
ကိုထွေးတို့ ရှစ်လတိတိ ထိတွေ့တိုက်ပွဲဆင်ပြီး မင်းမောင်အုတ်ဂူနဲ့ ရွာလေးကို ပြန်လာနိုင်ခဲ့ကြသည်။ ကိုထွေးတို့ အောင်ပွဲကို ဝမ်းပန်းတသာ ရွာသူရွာသားများ သပြေခက်နဲ့ ကြိုဆိုကြသည်။ ကိုထွေးကို သံယောဇဉ်ထားသော အဘွား ဒေါ်ခင်လေးမြင့်ကပင် တုတ်ကောက် တချောင်းနဲ့ ထွက်ပြီး ကြိုဆိုသည်။ ဘွားလေး တူကလေး ပိန်သွားတယ်လို့ အဘွားက ဆိုသည်။ ဒီလိုကျတော့လည်း အသည်းမာလှတဲ့ ကိုထွေး မျက်ရည်များပင် စို့ရသည်။
ကိုထွေးတို့အားလုံးဟာ နောက်တန်းပြန်ရောက်နေပေမဲ့ နောင်လာမည့် ရန်သူ့ အန္တရာယ်အတွက်ပါ သင်တန်းထပ်ဆင်းကြရ၊ လေ့ကျင့်ကြရနဲ့ အလုပ်များလျက်ရှိကြသည်။ မင်းမောင်အုတ်ဂူကိစ္စကို မေ့တေ့တေ့ပင် ဖြစ်နေပေသည်။ မမေ့သော လူတွေက ကြံဖန်ပင် မမေ့တတ်ရန်ကား လူ့သဘောမနောများ ကြုံရတော့သည်။ တရက်က ရဲဘော်တယောက် ရွာထဲ ချက်ဖို့ကိစ္စ ဈေးသွားဝယ်သည်။
ဘယ်သူ့တပ်ကလည်း ဈေးဆိုင်ရှင်က မေးသည်ဆိုသည်။ ကိုထွေးတပ်ကလို့ ရဲဘော်က ဖြေခဲ့သည်။ ကိုထွေးတပ်ကဆိုရင် ပိုက်ဆံလက်ငင်းမှ ရောင်းမယ်။ ဘောင်ချာဖွင့် ဘာညာ လက်မခံဘူး။ အမလေး ကိုယ့်မဟာမိတ်တပ်က ရဲဘော် ကျဆုံးတာ အုတ်ဂူဆေးအပြည့်မသုတ်နိုင်တဲ့အထိ ဖွတ်တက်နေတဲ့ တပ် ကြုံ …ကြုံဘူးပေါင် တော်လို့ ဆိုတယ် ပြန်ကြားရတော့သည်။ မခံချိ မခံသာ ကိုထွေး မဖြစ်မိပါ။ ဘောင်ချာ အဖွင့် မခံရင် ကိုထွေးတို့ တတပ်လုံးက ရဲဘော်တွေ ငတ်ရုံသာ ရှိတော့သည်။ ကိုထွေး အိမ်ကို လှမ်းတောင်းရင်လည်း မစို့မပို့သာ ရမည်။ ဝါးလုံးတားပြီးဂိတ်ဖွင့်ရမည့် အခြေအနေ စိုက်ရမည့် အဖြစ်ကိုသာ ကိုထွေး မြင်ယောင်နေမိသည်။
အသေးဖွဲ ကိစ္စတွေဟာ ကြီးကျယ်နိုင်ပါလားဟု ပထမဆုံးအနေနဲ့ ကိုထွေး အသိတရား ရမိတော့သည်။ ကျောင်းနေဘက် သူငယ်ချင်း မိတ်ဆွေတွေကို ဖုတ်ပူမီးတိုက်ရန် ကြံစည်မိသော်လည်း မိမိကို ပေးရလွန်းလို့ ဆိုင်ကယ်တွေ ကားတွေပါ ရောင်းပေးထားရတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ထပ်မံအားနာမိရတော့သည်။ တော်လှန်ရေးကို စွန့်ခွာဖို့ဆိုတာ ကိုထွေး အတွေးထဲ ယောင်လို့တောင် စိတ်မကူးမိပါ။ မဖြစ်ဖြစ်ရာ ကြံစည်ပြီး တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်နေမည်သာ ဖြစ်သည်။
ကိုထွေး ဘဝမှာ တသက်နဲ့တကိုယ် နှစ်လုံး သုံးလုံး တခါမှ မထိုးဖူးခဲ့ပါ။ ထီကိုပင် ယောင်လို့ မထိုးဖူးပါ။ အကြပ်အတည်း ရောက်ပြီဆိုမှတော့ ကိုထွေး နောက်ဆုံးကျည်ဆံလို့ သဘောထားကာ မင်းမောင်နာမည်နဲ့ပဲ နွေဦးထီနဲ့ ထောက်ပို့ထီ တစောင်စီ ထိုးပေးရန် ငယ်ပေါင်းသူငယ်ချင်းကို အကျိုးအကြောင်း ဖွင့်ဟရင်း ထိုးလိုက်သည်။ ကိုထွေးတို့ တတပ်လုံး ကံကောင်းသွားသည်။ နွေဦးထီနဲ့ ထောက်ပို့ထီ အမြင့်ဆုံးဆု ကျပ် သိန်းငါးထောင်နဲ့ သိန်းတထောင် ပေါက်သည်။ ကိုထွေး ဝမ်းသာလုံးပင် ဆို့မိသည်။
ထီဆုထဲက ငွေကြေးနဲ့ပဲ ဒေသခံတွေဆီကပဲ ကိုထွေး မြေဧက အနည်းငယ်ဝယ်လိုက်သည်။ မိဘများက တောင်သူဆိုတော့ ကိုထွေး တောင်သူအလုပ်ကို မကျွမ်းကျင်သော်လည်း ရင်းနှီးသည်။ ဒေသခံတွေနဲ့အတူ မြေပဲများနဲ့ ကုလားပဲများ စိုက်ပျိုးထားလိုက်သည်။ ပဲကြီးများကို ဆောင်းရာသီကျ ထပ်ကြဲမည်လို့ ကြံစည်ထားလိုက်သည်။ ပ.က.ဖ ခေါင်းဆောင် ကိုမူတူး ပဲကြီး လေးဧက ကြဲပြီး M4 လက်ကျလေး ဝယ်ထားတာ သိရသည်။ ကိုထွေးလည်း လုပ်တတ်သမျှ အကုန်လုပ်ရမည်။ မင်းမောင် အုတ်ဂူလေးဆီ ကိုထွေး ထပ်ရောက်မိသည်။ သင်္ဘောဆေးအနီများ လေးဒဏ်မိုးဒဏ်ကြောင့် ဆေးပြယ်လွင့်စ ပြုနေကြသည်။ မင်းမောင် ကိုထွေး အဖြစ်ကို သိရရင် “ကိုယ့်ဆရာ ဖြစ်မှ ဖြစ်ရလေ” ဆိုပြီး ဟားတိုက်နေမှာ အသေချာပင် ဖြစ်သည်။ ကိုထွေး မင်းမောင်ကို သတိရရင်းကပင် ဝမ်းနည်းနာကျင်နေလျက်က ပြုံးမိသည်။ အနေစား တတ်လာတဲ့ မိမိအခြေအနေကိုလည်း အကျေနပ်ကြီး ကျေနပ်နေမိသည်။ ခေတ်ပြောင်းရင်ပြောင်း မပြောင်းရင် မိမိဘဝ ကူးပြောင်း ကွယ်လွန်ရမည့် အခြေအနေတခု အပေါ် ရပ်နေလျှက်သားဖြစ်သည်။
ကိုထွေး….အတွေးစကို ဖြတ်ပြီး အုတ်ဂူပေါ်က ထပြန်ရန် ပြင်သည်။ ကိုထွေး ကိုထွေး လို့ ခေါ်သံကြားသလို အသံခပ်အုပ်အုပ်ကို နားစွင့်မိသည်။ ကျောထဲ စိမ့်ခနဲ ချမ်းသွားသည်။ မင်းမောင်များလား။ ကိုထွေး လှည့်မကြည့်မိဖို့ မာန်တင်းသည်။ ကိုထွေး…..ကိုထွေးလို့ ထပ်ပြီး ကြားရပြန်သည်။ ခပ်သွက်သွက် လှမ်းပြီး ပြန်ခဲ့သည်။ မျက်ရည် တစ နှစ်စ ကိုထွေး မျက်လုံးအိမ်ထဲက လိမ့်ဆင်းရင်း ပြန်ခဲ့သည်။
တပ်ဌာနေရောက်တဲ့အခါ အမောတကော ကိုထွေး ရေတွေ အငမ်းမရ သောက်လိုက်သေးသည်။ ညအိပ်ရာဝင်တော့ ပင်ပန်းအားကြီးစွာ အိပ်ပျော်သွားသည်။ နာရီပြန် နှစ်ချက်တီးလောက် မင်းမောင်ကို ကိုထွေး အိပ်မက် မက်သည်။ သူဝတ်နေကျ မန်ယူ တံဆိပ် ရှပ်အင်္ကျီအနီလေးနဲ့ မင်းမောင်မျက်နှာမှာ ဝင်းလက် နေသည်။ ကိုထွေး ကျနော် ကိုထွေးကို ပြောစရာရှိလို့ လာတာပဲ။ ကျနော့်အဖို့ ဘာမှ မလိုပါဘူး။ အိမ်မှာ အဖေနဲ့အမေက အသက် ၇၀ တန်းထဲ ရောက်ကြပြီ။ ကိုထွေး ကျနော့် နာမည်နဲ့ ထီထိုးတာ ထီဆု ပေါက်တယ်မလားဗျာ။ အိမ်က အဖေနဲ့အမေဆီ အကျန ကိုထွေး အဆင်ပြေသလိုလေး ကန်တော့လိုက်ပါဗျာဟူ၍ ပြောပြီး မင်းမောင် ကျောခိုင်းထွက်သွားသည်။ ကိုထွေး လန့်ပြီး ထထိုင်မိသည်။ ရေ ထသောက်ပြီး သေသေချာချာ တွေးသည်။ ဟုတ်ပေတာပဲ။ ရှေ့တန်းက ကိစ္စတွေ ခေါင်းထဲရောက်နေတာနဲ့ပင် ကိုထွေး မင်းမောင်အိမ်ကို မကန်တော့ရသေး။ သတိပေးဖော်ရတဲ့ မင်းမောင်ကိုပင် ကျေးဇူးတင်မိရသေးသည်။
မန်ယူဖန် သကောင့်သား တမလွန်ရောက်သွားတာတောင် ဝေစု တောင်းတတ်သေးတာ ကလား။ မင်းမောင်ရေ ဆက်ဆက် မင်းအိမ်ကို သွားကန်တော့လိုက်ပါ့မယ်ကွာ။ ငါ့ညီ ရေ……. တော်လှန်ရေးအတွက်တော့ စိတ်ချပါ။ မင်းကိုကြီး ကိုထွေး ဒီနှစ် ပဲကြီးတွေ ကြဲထားတယ်။ M4 ကို မှန်းထားတယ်ကွာ။ သူ့အတွေးနဲ့ပင် ကိုထွေး ပြုံးလိုက်မိသေးတော့သည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
