ဖလောရင့်ပြောပြတဲ့ ဖလောရင့်ရဲ့အကြောင်းတွေ (Photo Essay)

ဂနိုက်

by The Call
66 views
“ဖလောရင့်ပြောပြတဲ့ ဖလောရင့်ရဲ့အကြောင်းတွေ” (Photo Essay)
■ ဂနိုက်
၂၀၂၁ စစ်ကော်မရှင်တပ်မှ အတင်းအဓမ္မအာဏာသိမ်းယူပြီးနောက် မြောက်မြားစွာသော လူငယ်ထုသည် စစ်အာဏာရှင်ကိုလက်မခံကြောင်း၊ တော်လှန်ကြောင်း ပြသသည့်အ​နေဖြင့် လက်သုံးချောင်းထောင်ကာ လမ်းပေါ်ထွက်ခဲ့ကြသည်။
သို့သော် အကြမ်းဖက်စစ်တပ်က အကြမ်းမဖက် အာဏာဖီဆန်ကြသော ရဟန်းရှင်လူပြည်သူအပေါင်းကို အင်အားသုံးဖြိုခွင်းခဲ့ပြီး​နောက်တွင် လူငယ်အများစုသည် စစ်ကော်မရှင်အား ပြန်လည်တိုက်ခိုက်ရန် နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်ဒေသများသို့ ခိုလှုံပညာသင်ခဲ့ကြပြီး သူတို့ထဲ၌ ရဲမေ ဖလောရင့် တယောက်လည်း အပါအဝင်ဖြစ်သည်။
သွက်လက်ချက်ချာသည့် အမူအရာနှင့် ပြုံးနေသည့်မျက်နှာပြင်တို့အား ပင်ပန်းမှုများကြား သယ်ဆောင်ထားသည့် သူမသည် အသက် ၂၀ အရွယ် ရဲမေ ဖလောရင့် ဖြစ်သည်။
“သမီးက ဖလောရင့်(Florence)ပါ”ဟု သူမက နူးညံ့စွာဆိုသည်။
လုံခြုံရေးအရ ဖော်ပြရန်အဆင်မပြေသည့် စစ်ဆင်ရေးခရီးစဥ်တခုအတွင်း ကရင်နီပြည်၌ ဖလောရင့်အား ကျည်ကာဝတ်စုံနှင့် ယူနီဖောင်းချပ်ဝတ်တန်ဆာများအား စနစ်တကျဝတ်ဆင်ထားလျက် စမတ်ကျသော အမျိုးသမီးစစ်သည်အဖြစ် တွေ့မြင်ခဲ့ရသည်။
သူမ၏ လည်ပင်း၌ တပ်ဖွဲ့အမှတ်အသားတံဆိပ်နှင့် Bio Data ပါဝင်သည့် ဆွဲကြိုးကို ဝတ်ဆင်ထားသေးသည်။
သူမသည် အထူးလှုပ်ရှားတပ်၏ တပ်ဖွဲ့ဝင်အမျိုးသမီးဖြစ်ပြီး ကရင်နီပြည်နယ်အတွင်း တွေ့ဆုံခဲ့ရသော်လည်း တိုင်းရင်းသားမဟုတ်သည့် အညာသူစစ်စစ်ဖြစ်သည်ဟု သိရသည်။
“ဟုတ်တယ် သမီးက အညာသူ၊ ရန်ကုန်မှာ ကျောင်းတက်ရင်းကနေ ၂၀၂၃ မှာ လက်နက်ကိုင်,ဖြစ်ခဲ့တာ” ဟု သူမက အညာသံဝဲဝဲဖြင့် ပြောပြသည်။
သူမနှင့်တွေ့ဆုံခဲ့ရသည့် ခရီးစဥ်သည် သူမအတွက် ပထမဦးဆုံးစစ်ဆင်ရေးခရီးစဥ်ဖြစ်ပြီး ပင်ပန်းသော်လည်း အိမ်နဲ့နီးလာသည်ဟု ခံစားရသည့်အတွက် သူမ အားလျော့မှာမဟုတ်ကြောင်း ရယ်ရယ်မောမော ပြောပြသည်။
“ပထမဆုံးခရီးသွားတာပေါ့နော် အရမ်းကြမ်းတယ် ညကဆို တော်တော်ညစ်ပတ်တဲ့နေရာမှာ ကြက်တွေနဲ့အတူတူ အိပ်ခဲ့ရတယ် ပင်ပန်းတယ်လေ… ဒါပေမယ့် တဖြေးဖြေး အိမ်နဲ့နီးလာသလိုခံစားရတယ်။ အဲ့တာကြောင့် ဘယ်လောက်ဝေးဝေး ဆက်သွားမှာ”ဟု သူမက ဆိုသည်။
ခရီးတလျှောက်၌ တတောင်တက်တတောင်ဆင်း တောင်အသွယ်သွယ် တောအထပ်ထပ် ချောင်းလက်တက်နှင့် လျှိုမြောင်များစွာကို ဖြတ်သန်းခဲ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်၏ အချိန်မရွေး လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခံရနိုင်သည့် အခြေအနေဖြစ်သည်။
သို့သော် သူမနှင့် သူမတို့တပ်ဖွဲ့ဝင်များ အားလျော့ခြင်းမရှိပေ။ တော်လှန်ရေးရည်မှန်းချက်ကြောင့်ဟု သူမကဆိုသည်။
ရဲမေ ဖလောရင့်သည် အာဏာသိမ်းစစ်ကော်မရှင်ကို တော်လှန်တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးလှုပ်ရှားတပ်၏ ရဲမေဖြစ်သော်လည်း အာဏာမသိမ်းခင်ကာလ၌ လက်နက်ကိုင်ဘဝနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိသည့် သူနာပြုတဦး ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ပြည်ပနိုင်ငံထွက်ရန် ကျောင်းတက်နေစဥ်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ပြီး သူမ၏ ရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးခရီးပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ရဲမေဖလောရင့် က ပြောပြခဲ့သည်။
အထူးလှုပ်ရှားတပ်၏ စစ်ဆင်ရေးခရီး၌ သူမ တတ်ကျွမ်းသည့် ဆေးပညာနှင့် သူမရဲဘော်ရဲဖက်များ၏ ကျန်းမာရေးတာဝန်ကိုယူထားသည်ဟု သိရသည်။
မည်မျှပင် တော်လှန်ခရီးကြမ်းစေကာမူ သူမသည်ဆက်လက်တိုက်ပွဲဝင်နေမည်ပင်။ မည်မျှပင် အတားအဆီးများကြုံစေကာမူ သူမသည် ကျော်ဖြတ်​နေမည်ပင်။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment