ဖြစ်ပုံ ကိုယ်တွေ့တခု

“ဖြစ်ပုံ ကိုယ်တွေ့တခု”
◼️ထွင်
ကျွန်ုပ်သည် တော်လှန်စားဖိုမှူးဖြစ်သော်လည်း မိဘအိမ်တွင် အလုပ်များ မနိုင်မနင်း ဖြစ်နေသည့်အခါ ပကဖခေါင်းဆောင်အား ခွင့်တောင်းပြီး မိဘအလုပ် ကို ဝင်ရောက် ကူညီ လုပ်ကိုင်ပေးရပါသည်။ မိဘများက တောင်သူလုပ်သဖြင့် ပျိုးကြဲသည့်အခါနှင့် မြေပဲဖော်သည့်အခါ ကျွန်ုပ်သည် အိမ်သို့ မပြန်မဖြစ် ပြန်ရသည်။ အိမ်ပြန်သည့် အတောအတွင်းလေးတွင် သည်စာမူရေးရန်အတွက် ဖြစ်ပုံကိုယ်တွေ့တခု ကြုံခဲ့ရသည်။ ထို ဖြစ်ပုံလေးက ရင်နာဖွယ် ကောင်းလှသည်။
နယ်မြေ သိပ်ပြီး မစိုးမိုးနိုင်သေးသည့်အချိန်မို့ ကျွန်ုပ်တို့ရွာအပါအဝင် ဘေးပတ်ဝန်းကျင်မှ ရွာများအတွင်းသို့ မင်းအောင်လှိုင်၏ ကျွန်များဖြစ်သော ခြေနှစ် ချောင်းပါ စစ်ခွေးများသည် မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။
စစ်ခွေးများ စစ်ကြောင်းထိုးသည့် ရည်ရွယ်ချက်က ပီဒီအက်ဖ်စခန်းများအား တောနင်းရှာဖွေပြီး မီးရှို့ဖျက်ဆီးရန်အတွက်နှင့် ရွာများစွာထံမှ ရိက္ခာများစွာ ခိုးယူသယ်ဆောင်ရန်အတွက် ဖြစ်သည်။ တချို့ရွာများကို ကြုံလျှင်ကြုံသလို မီးရှို့တတ်သည်၊ ဖျက်ဆီးသွားတတ်သည်။ ရွာထဲမှ ပြည်သူများကိုတွေ့လျှင် လူသားဒိုင်းအဖြစ် ဖမ်းလို ဖမ်း၊ သတ်လို သတ်၊ မုဒိမ်းကျင့်လို ကျင့်သွားတတ်ကြသည်။
သည့်ကြောင့် ပြည်သူများသည် ဘယ်ဘက်အရပ်ကနေ စစ်ခွေးတွေ လာနေပြီဟေ့ဟု သတင်းကြားလျှင်ကြားချင်း လုပ်လက်စ အလုပ်ကိုရပ်၊ အထုပ် မြန် ​မြန်ပြင်ပြီး စစ်ခွေးများလာရာအရပ်၏ ဆန့်ကျင်ဘက်အရပ်ဆီသို့ ဝရုန်းသုန်းကား ပြေးကြရသည်။
ကျွန်ုပ်တို့ မြေပဲဖော်နေသည့်အချိန် ရွာထဲက ပြည်သူများစွာ အထုပ်ကိုယ်စီဖြင့် ပြေးလာကြသည်ကို မြင်ရရာ စစ်ခွေးတွေ လာပြီမှန်း ကျွန်ုပ် အတပ်သိလိုက်သည်။
“ဘာလဲ စစ်ခွေးတွေ လာပြန်ပြီလား”
ဟု ကျွန်ုပ်ကမေးလိုက်ရာ အဒေါ်ကြီးတဦးက ဖြေသည်။
“ဟုတ်သတော့်၊ ကိုယ်တို့လည်း ပြေးတော့”
“ဘယ်ကနေ လာနေတာလဲ”
“အရှေ့ဘက်ကနေ အရှေ့ဘက်ကနေ”
“ရွာရောက်နေပြီလား”
“မရောက်သေးဘူး၊ မရောက်သေးဘူး၊ ဖျောက်ဆိပ်တောနား ရောက်နေပြီကြားတာ”
အဒေါ်ကြီးက ခပ်မြန်မြန်ထွက်ခွာရင်း ဖြေလေသည်။ သည်တော့ ကျွန်ုပ်ကလည်း အဖေနှင့် အမေတို့ဘက်သို့ လှည့်ပြောလိုက်သည်။
“ဒါဆို စိတ်ပူစရာမရှိပါဘူး၊ ဒီဘက်ကို မလာနိုင်ပါဘူး၊ ကျုပ် ဓားကွင်းပြီးအောင် မောင်းလိုက်ပါ့မယ်”
သည်တော့ အမေက စိတ်ပူစွာ ပြာပြာသလဲ ပြောတော့သည်။
“ဟဲ့ ဘယ်ဖြစ်မလဲ၊ အလုပ်ပြီးဖို့က အရေးမကြီးဘူး၊ မသေဖို့က အရေးကြီးတယ်၊ ကိုယ် သွားလိုက်ပါ၊ ကျုပ်တို့ပဲ ပြီးအောင် ဆက်လုပ်လိုက်ပါ့မယ်၊ ကိုယ်က တော်လှန်စားဖိုမှူးကြီးပဲဟာ၊ စီဒီအမ်ဝန်ထမ်းကြီးပဲဟာ၊ မတော်လို့ ကိုယ်နဲ့တွေ့ရင် မတွေးဝံ့စရာ၊ အဲဒီ နဖားကြိုးကို လွှတ်လိုက်၊ သွား မြန်မြန်၊ ကိုယ့်အရီးအိမ်မှာ သွားနေ”
“ဒါဆို အမေတို့က မရှောင်ဘူးလား”
“ခွေးတွေ ဒီဘက် တော်တော်နဲ့ မရောက်နိုင်ပါဘူး၊ ကျုပ်တို့ နားစွင့်နေပါ့မယ်၊ ရောက်လာခါနီးရင် ထွက်လာခဲ့ပါ့မယ်၊ ကိုယ်ကသာ တော်လှန်စားဖိုမှူးကြီးမို့၊ စီဒီအမ်ဝန်ထမ်းကြီးမို့ မဖြစ်မနေကို သွားရမှာ”
“ကျုပ်မှာ အဝတ်မှမပါဘဲ အမေရဲ့”
“ကဲ ကျုပ်ပဲ အခုသွားယူလိုက်မယ်၊ လူကြုံနဲ့ ထည့်ပေးလိုက်မယ်”
အမေသည် သားဖြစ်သူ ကျွန်ုပ်အား စိတ်ပူစွာနှင့် ဘေးလွတ်ရာသို့ ပြေးခိုင်းပြီး အမေကိုယ်တိုင်ကတော့ သားဖြစ်သူ၏အဝတ်တွေ ယူရန်အတွက် စစ်ခွေးများ လာရာဘက်ဆီသို့ သုတ်ခြေတင်လေသည်။ ကျွန်ုပ်လည်း ရွာသို့ စစ်ခွေးများ မရောက်နိုင်လောက်သေးဟု ခန့်မှန်းမိသဖြင့် အမေ့ကို စိတ်ချပြီး သပွတ်ပင်ပေါ် ချိတ်ထားသည့် ဖုန်းလွယ်အိတ်ကလေးကို ယူကာ အရီးတို့ရွာသို့ ခြေလျင်ထွက်ခဲ့ပါသည်။
ကျွန်ုပ် အရီးတို့ရွာသို့ရောက်ပြီး အရီးတို့အိမ်နားရောက်တော့ ကျွန်ုပ်တို့ရွာမှ စစ်ရှောင်အများအပြား ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီ၊ ခြေလျင် လာကြရပြီး လမ်းစုံကနေ ရောက်လာကြခြင်းဖြစ်သည်။
စစ်ရှောင်စခန်းက အရီးတို့ အိမ်နားမှာ။ အရီးတို့ရွာက NUG တဲကျောင်းကလေးဖြစ်သည်။ စစ်ရှောင်တွေလာတိုင်း အရီးတို့ရွာကျောင်းကလေးက ပိတ်ပေးသည်။ သည့်ပြင် ခိုလှုံစရာနေရာ မရှိသောကြောင့်ပင်။
အရီးတို့ရွာကလေးက “ပြည်သူတွေမှာ ပြည်သူတွေပဲရှိတာမို့ ပြည်သူတွေကို ကာကွယ်ပါ” ဆိုသောစကားကို လက်ကိုင်ထားကြသည်။ သည့်ကြောင့် ကျွန်ုပ်တို့ရွာမှ စစ်ရှောင်များ အားလုံးအပေါ် နွေးနွေးထွေးထွေး ဆက်ဆံကြသည်။ ရေ သိပ်မပေါသော ရွာပင်ဖြစ်သော်လည်း ရေကို ရက်ရက်ရောရော သုံးခွင့် ပေးသည်။ စစ်ရှောင်များအား ကျွေးမွေးရန် တအိမ်တက်ဆင်း ဆ,သုံးလုံး အလှူခံကြသည်။ တချို့ကလည်း တောသီး၊ တောင်နှံများစွာ လာလှူကြသည်။ ချက်ပြုတ်ကျွေးမွေးရာမှာလည်း ငြီးငြူမှုမရှိ ကူညီကြသည်။ ကျွန်ုပ်တို့ ရွာသူရွာသားများသည် ယခုအချိန်အထိဆိုလျှင် အရီးတို့ရွာတွင် စစ်ရှောင်ရသည့် အကြိမ်အရေအတွက်မှာ ဆယ်ကြိမ်ထက် မနည်းတော့ပါ။ သို့သော်လည်း အရီးတို့ရွာမှ ရွာသူရွာသားများ၏ နွေးထွေးသောစိတ်ထားက မပြောင်းလဲသေးပေ။
မိမိတပ်မှာသာ တော်လှန်စားဖိုမှူးအဖြစ် အမြဲနေသောကြောင့် စစ်ရှောင်ခဲသော၊ တကြိမ်တခါလေးသာ စစ်ရှောင်ဖူးသော ကျွန်ုပ်ထံသို့မှ စစ်ရှောင်စဥ်လေးတွင် အဖြစ်အပျက်တခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ အကြောင်းကို ပြောရလျှင် …
ကျွန်ုပ်တို့ မြေပဲဖော်နေသည့်အချိန် အရီးတို့ရွာတွင်လည်း မြေပဲဖော်နေကြပြီ။ အရီးတို့ယာကတော့ မနက်ဖြန်တွင် ဖော်မည်မို့ ယာကြည့်ရန် အရီးက ကျွန်ုပ်အား အဖော်ခေါ်သဖြင့် ကျွန်ုပ်လည်း ဖုန်းကလေးကို အားသွင်းထားကာ လိုက်သွားခဲ့သည်။ အပြန်တွင် မိုးချုပ်တော့မည်မို့ စစ်ရှောင်စခန်းတွင် ညစာကျွေးနေပြီ။ ကျွန်ုပ်ကတော့ အားသွင်းထားသော ဖုန်းကလေးကို သတိရသဖြင့် ထမင်းမစားသေးဘဲ ဖုန်းကလေးကို သွားယူသည်။ သို့သော် ကျွန်ုပ်၏ ဖုန်းမှာ ပျောက်ချင်းမလှ ပျောက်နေတော့သည်။
သည့်ကြောင့် ဘေးနားမှ နှမငယ်လေးများအား မေးမိသည်။ နှမငယ်လေးများက မတွေ့ကြောင်း ဖြေပြီးမှ တခုခုကို သိလိုက်ရပြီဟု သဘောပိုက်မိသဖြင့် တကယ်ပျောက်နေတာ သေချာရဲ့လားဟု ကျွန်ုပ်အား မေးကြသည်။ ကျွန်ုပ်ကလည်း ဟုတ်တယ် သည်နေရာမှာ အားသွင်းထားတာ အသေအချာပါပဲဟု ဖြေကာမှ နှမငယ်လေးများက တနေရာသို့ တချိုးတည်း ပြေးသွားကြသည်။ သူတို့ ဘာသိထားသည်ကို ကျွန်ုပ်မသိ။
တအောင့်ကြာတော့မှ တနေရာတွင် လူ စုစုစုစုဖြင့် ဖုန်လုံးကြီးတွေ တက်နေသည်ကို မြင်သောကြောင့် ကျွန်ုပ်လည်း သွားကြည့်လိုက်သည်။ လူကြားထဲ ဝင်ဝင်ချင်း ဖုန်းကလေးတလုံးသည် လွင့်စင်သွားသည်ကို ကျွန်ုပ် မြင်လိုက်သည်။ ဖုန်းကာဗာလေးကို မြင်မြင်ချင်း ကျွန်ုပ်၏ဖုန်းမှန်း တပ်အပ်သိလိုက်သည်။
ဪ ကျွန်ုပ်၏ ဖုန်းကလေး အခိုးခံလိုက်ရသည်ပဲ။ လူစုစု၏ကြားတွင် လူငယ်တယောက်ကို နောက်ပြန်လက်ထိပ်ခတ်ပြီး ပီဒီအက်ဖ်များက ထိုးကြိတ်နေသည်ကို တွေ့လိုက်ရသည်။ လူငယ်သည် ကြောက်ကြောက်လန့်လန့် အော်ဟစ်ရုန်းကန်နေသည်။
အထိုးခံရသည့် လူငယ်ဟာ ကျွန်ုပ်တို့ရွာကပဲ။ သူခိုးအဖြစ် ကျော်ကြားသူ။ ရွာတွင် ငွေကြေး၊ ကြက်ကအစ ပဲမျိုးစုံနှင့် ယာခင်းထဲက အသီးအနှံများအပါ ခဏခဏ ခိုးဖူးပါသည်။ ယခု ထိုလူငယ်က ကျွန်ုပ်၏ဖုန်းကို ခိုးလိုက်တာပါလား။ အကြိမ်ပေါင်းများစွာ ခိုးဖူးသောကြောင့်သာ အခုလို လူကြားထဲ မှတ်လောက် သားလောက်အောင် ဆုံးမနေခြင်းဖြစ်သည်။
နောက်မှ နှမငယ်လေးများ၏ ပြောပြချက်အရ သိရသည်မှာ နှမငယ်လေးများက ပကဖခေါင်းဆောင်များနှင့် ပီဒီအက်ဖ်များထံ သွားတိုင်ကြသည်တဲ့။ ကျွန်ုပ်တို့တပ်မှ ပကဖခေါင်းဆောင်နှင့် ပီဒီအက်ဖ်အချို့က စစ်ရှောင်စခန်းတွင် ပြည်သူများအား စောင့်ရှောက်ရန် ရောက်နေကြခြင်းဖြစ်သည်။ ကျွန်ုပ်၏ဖုန်းကို အားသွင်းထားသည့်နေရာမှာပဲ ခိုးသည့်လူငယ်က ကျွန်ုပ်၏ဖုန်းအား ဆင်းကတ်များ ဖြုတ်နေသည်ကို တွေ့သတဲ့။ အဲ့သည်ဖုန်းဟာ ကျွန်ုပ်၏ဖုန်း ဖြစ်နိုင်သဖြင့် သွားတိုင်ခြင်း ဖြစ်သတဲ့။ သူခိုးသည် ဖုန်းကို ခပ်တည်တည် ခိုးလိုက်ခြင်းသာဖြစ်သည်။ ထိုအဖြစ်အပျက်ကြောင့် ကျွန်ုပ်သည် နှမငယ်လေးများ၏ လုပ်ဆောင်ချက် တော်သဖြင့် မုန့်ဖိုးပေးလိုက်သည်။
ပထမပိုဒ်တွင် ဖော်ပြခဲ့သော ရင်နာဖွယ်ကောင်းသည့် အဖြစ်အပျက်မှာ ထိုအဖြစ်အပျက်မဟုတ်။ ရင်နာဖွယ်ကောင်းသော အဖြစ်အပျက်သည် ထိုအဖြစ်အပျက် ဖြစ်ပွားရာမှ စ,ပါသည်။
ဖုန်းခိုးသည့် အဖြစ်အပျက် ဖြစ်အပြီး နှစ်လလောက် ကြာသည့်အခါတွင်မှ ထင်ပါ၏။ ကျွန်ုပ်၏ရွာတွင် ရက်လည်ရှိသဖြင့် ရေစက်ချ တရားနာသူများအား ဆွမ်းကျွေးရာ ရက်လည်အိမ်က အဖွဲ့အတွက် ဆွမ်းဟင်းများ လာယူပါဟု ဖိတ်သဖြင့် ကျွန်ုပ် ဆိုင်ကယ်လေးနှင့် သွားရောက်ခဲ့ပါသည်။ တရားနာပြီးသွားပြီ ဖြစ်သဖြင့် ထိုအိမ်တွင် လူမရှုပ်တော့။ ကျွန်ုပ်လည်း အဖွဲ့အတွက် ဆွမ်းဟင်းများ ထည့်ပေးနေခိုက် ဧည့်တန်းလျားတွင် ထိုင်နေမိသည်။ ထိုစဥ် ထိုအိမ်မှ ချွေးမက ကျွန်ုပ်ရှေ့တွင် လာထိုင်သည်။
သူ့နာမည်က မလှိုင်။ ကျွန်ုပ်ထက် ငယ်သည်။ ကျွန်ုပ်ကိုလည်း တော်လှန်စားဖိုမှူး လုပ်နေသည့်အတွက် လေးလေးစားစား ဆက်ဆံသည်။ မလှိုင်၏ မျက်နှာထားအရ ကျွန်ုပ်အား ရင်ဖွင့်လိုဟန်ရှိသည်။ တကယ်လည်း ရင်ဖွင့်လိုဟန်ဖြင့် အစပျိုးလာပါသည်။
“ကိုထွင် မှတ်မိသေးလား၊ ကိုထွင့်ဖုန်း အခိုးခံရတဲ့ ကိစ္စလေ”
“မှတ်မိတာပေါ့”
“အဲဒီတုန်းက အဲ့ကောင်လေးကို ထိုးကြိတ်နေတာမြင်တော့ ကျမ အရမ်းဝမ်းနည်းပြီး ငိုခဲ့ရတယ်”
ကျွန်ုပ် အံ့သြသွားရသည်။ အဲသည်တုန်းက လူအတော်များများက ကျွန်ုပ်အား ပြောကြသည်။ နင်ရော ဝင်ထိုးပါလား အဲဒီ အလကားကောင်ကို ဟု။ ကျွန်ုပ် ကတော့ သူများတွေ သည်လောက် ထိုးထားပြီးပြီပဲဟာ တော်ရော့ပေါ့ဟု ပြန်ပြောခဲ့သည်။ အဲသည်လို မကျေမနပ်ဖြစ်ရသည့် သူခိုးအတွက် မလှိုင်က ဝမ်းနည်းသည်ဆိုတော့ ကျွန်ုပ် အံ့သြရပါသည်။
“ဟင် နင်က သူ့ကို သနားလို့လား”
“မဟုတ်ဘူး၊ ကိုဆန်းကို ပြေးသတိရမိလို့ပါ၊ ကိုဆန်းကိုလည်း သူတို့က အဲဒီလို ထိုးကြမှာပဲဆိုပြီး ကျမ ကျမ အဲဒီတုန်းက မကြည့်နိုင်ခဲ့ဘူး၊ တနေရာမှာ ပုန်းပြီး ငိုခဲ့ရတယ်”
မလှိုင်သည် ပြောရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပြီး ဆို့ဆို့နင့်နင့် ဖြစ်နေတော့သည်။ ကျွန်ုပ်သည်လည်း မျက်စိတမှိတ်အတွင်း မလှိုင်၏ အဖြစ်အပျက်ကို မြင်လိုက်ရတော့ ကြောင်အသွားရသည်။ ချက်ချင်း ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်လိုက်မိသည်။ မလှိုင်၏ခင်ပွန်း ကိုဆန်း၏အဖြစ်ကို သိထားသောကြောင့်။ “အဲ့ကောင်လေးကို ထိုးကြိတ်နေတာမြင်တော့ ကိုဆန်းကို သတိရပြီး ငိုခဲ့ရတယ်” လို့ ပြောလိုက်ကတည်းက မလှိုင်၏ ခံစားချက်ကို ရိပ်မိခဲ့ရမှာ။ သည့်ကြောင့် “ဟင် နင်က သူ့ကို သနားလို့လား” ဟု ပြောရမည့်အစား “ဪ နင်လည်း ကိုဆန်းကို သတိရသွားမှာပေါ့” လို့ ပြောခဲ့လိုက်သင့်တာ။ မလှိုင်သည် ပြောနေရင်းမှာပဲ ကိုဆန်းကိုလည်း သူတို့ သည်လို ထိုးကြိတ်နေကြမှာကို ပြေးမြင်ပြီး မခံစားနိုင်ဖြစ်ကာ ဆို့ဆို့နင့်နင့် ငိုကြွေးခြင်း ဖြစ်သည်။ ကျွန်ုပ်လည်း နှစ်သိမ့်ရာ ရောက်လိုရောက်ငြား ပြောလိုက်ရသည်။
“ဪ အင်းပေါ့၊ နင်လည်း ကိုဆန်းကို ပြေးသတိရမှာပေါ့၊ ငါ စာနာပါတယ်၊ နင် ထင်သလို သူတို့ ကိုဆန်းကို ထိုးချင် ထိုးမယ်၊ ဟိုကောင့်ကို ထိုးနေတာ မြင်တော့ ကိုဆန်းကိုလည်း သူတို့ အဲ့လို ထိုးလိမ့်မယ်လို့ နင်က တွေးထင်တာ၊ တွေးမြင်တာ၊ ကိုဆန်းကို တကယ်ထိုးနေတာကိုတော့ နင် မမြင်ဖူးဘူးမဟုတ်လား၊ အဲဒီတော့ နင်လုပ်ရမှာက အဲဒီလို မတွေးရဘူး၊ တွေးပြီးတော့ မမြင်ရဘူး၊ အဲ့လို တွေးလေ မြင်လေ နင်ပဲ ခံ​စားရလေဖြစ်မှာ၊ အဲတော့ ကြာရင် နင့်အတွက် မကောင်းဘူး၊ နင့်ကျန်းမာရေးပါ ထိခိုက်လာလိမ့်မယ်၊ ကိုဆန်းလည်း ဟိုမှာ ဒုက္ခရောက်ကောင်းရောက်မယ်၊ အထိုးခံရကောင်း အထိုးခံရမယ်၊ ဒါပေမယ့် ဒါ အစပါပဲ၊ ကြာတော့ နေသားကျသွားမှာပါ၊ သူလည်း ကလေးမဟုတ်တော့ဘူးလေ၊ သူ့ဟာသူ အဆင်ပြေအောင် နေတတ်မှာပါ၊ အဲဒီတော့ နင်ကလည်း သူ ဒုက္ခဖြစ်နေတဲ့ပုံတွေကို ပြေးမမြင်နဲ့တော့၊ ဟုတ်ပြီလား”
“ကျမလည်း မတွေးမိအောင် နေတာပဲ၊ ဒါပေမယ့်လည်း အတွေးတွေက ခေါင်းထဲက အလိုလို ပေါ်ပေါ်လာတော့ ပေါ်လာတိုင်း ငိုချင်ငိုချင်နေရတာ”
“အင်းပေါ့၊ ဖြစ်တတ်ပါတယ်၊ ကိုဆန်းလည်း အဲ့မှာ တနှစ်လောက် ကြာပြီမဟုတ်လား၊ အခုလောက်ဆို နေသားကျနေလောက်ပါပြီ၊ အဲတော့ နင်ကလည်း သူ နေသားကျနေပါပြီလို့ တွေးပြီး အဆိုးမြင်တာတွေကို ဖျောက်ပစ်လိုက်တော့”
“အင်းပါ”
“ငါကြားတာ နှစ်သုံးဆယ်နော်”
“ဟုတ်တယ်၊ နှစ်သုံးဆယ်”
“ငါ ကျိန်ပြောရဲတယ်၊ နှစ်သုံးဆယ် မကြာဘူး၊ စိတ်ချ၊ တော်လှန်ရေးပြီးတဲ့နေ့ဟာ ကိုဆန်းလွတ်တဲ့နေ့ပဲ၊ တော်လှန်ရေး ပြီးပြီးချင်းကို လွတ်မှာ၊ ဒါ့ကြောင့်မို့ နင်လည်း ငါတို့ကိုဆန်း နှစ်သုံးဆယ်ကြီးတောင် ထောင်ထဲမှာ နေရမှာပါလားလို့ တွေးပြီး စိတ်ဆင်းရဲနေစရာလည်း မလိုဘူး”
“ဟုတ်ကဲ့ပါ ကိုထွင်ရယ်၊ ကိုထွင်တို့လို အဖွဲ့သားတွေ မြင်တိုင်းလည်း ကိုဆန်းကို သတိရပြန်တာပါပဲ”
သည်တခါတော့ ကျွန်ုပ် တကယ် စကားဆက်ရ ခက်သွားခဲ့ပါသည်။
“အင်းပေါ့လေ၊ ဘယ်အရာမဆို နင့်အတွက် သတိရချင်စရာတွေချည်းပဲ ဖြစ်နေမှာပေါ့၊ ဘာတတ်နိုင်မလဲ၊ နင့်ခံစားချက်ကို ငါ တကယ်နားလည်ပါတယ်၊ ကိုဆန်းအတွက်လည်း ငါ တကယ်စိတ်မကောင်းဘူး၊ တခု ကံကောင်းတာက ကိုဆန်းကို မသတ်တာကိုပဲမလား”
“အင်းပေါ့၊ မသတ်တာဘဲ ကံကောင်းလွန်းပါတယ်”
“အေး အဲဒါကြောင့် သူများတွေထက်စာရင် နင်ရော ကိုဆန်းရော ကံကောင်းပါသေးတယ်၊ ကဲ ဟင်းတွေလည်း ထုပ်ပိုးပြီးပြီဆိုတော့ ငါလည်း ပြန်တော့မယ်နော်”
“ဟုတ်ကဲ့ပါ ကိုထွင်”
အပြန်လမ်းတွင် ကိုဆန်းအကြောင်း ကျွန်ုပ် တွေးနေမိသည်။ ကိုဆန်းသည် ကျွန်ုပ်တို့၏ တပ်ဖွဲ့သား။ မြို့တမြို့တွင် လက်နက်သွားဝယ်ရင်း စစ်ခွေးများ၏ ဖမ်းခံထိသဖြင့် ထောင် နှစ်သုံးဆယ် ချမှတ်ခံရသည်။ ဖမ်းခံရတုန်းက စစ်ခွေးများက ထိုးကြိတ်ကြလိမ့်မည်အမှန်ပင်။ သည်တော့ ဖုန်းခိုးလို့ အထိုးခံရသည့် ကောင်လေး၏ အဖြစ်ကိုမြင်တော့ မလှိုင်က ကိုဆန်းကိုလည်း ထိုသို့ထိုးမှာပဲဟု တွေးမိတာ မဆန်း။ ပီဒီအက်ဖ်တွေကိုမြင်တိုင်း ပီဒီအက်ဖ်ဖြစ်သော ခင်ပွန်းဖြစ်သူ ကိုဆန်းကို မလှိုင် သတိရမိတာ မဆန်း။
တကယ် ရင်နင့်ဖွယ်အကောင်းဆုံးအဖြစ်ကား ကိုဆန်း၏အဖေသည် မကြာသေးခင်ကပဲ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားခဲ့သည်။ ဖခင်ဆုံးသွားသည်ကို ထောင်ထဲက ကိုဆန်း မသိသေး။ ဖခင်၏အဖြစ်ကို ကိုဆန်းသာ သိခဲ့လျှင် ဘယ်သို့နေမည်မသိ ဆိုပြီး ကျွန်ုပ်သည် ဆက်လက် မတွေးနိုင်တော့ဘဲ ရင်ထဲက ဆို့လာကာ ဆိုင်ကယ်အောက်က လမ်းမကြီးသည် ဝေဝါးသွားရသည်။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
About The Call 652 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*