
“ဘက်မတူ ညီအကိုများ”

အိန္ဒိယရဲ့ နောက်ဆုံး ဘုရင်ခံချုပ်ဖြစ်သူ မောင့်ဘက်တန်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှာ လီကွတ်ခန်ဆိုသူ မွတ်စလင်အမျိုးသား ဗိုလ်မှူးတယောက် ရှိတယ်။အိန္ဒိယနိုင်ငံကြီးကို ပါကစ္စတန်နဲ့ အိန္ဒိယဆိုပြီး နှစ်ပိုင်း ခွဲခြမ်းပစ်ကြတဲ့အခါမှာ အိန္ဒိယတပ်မတော်ကိုလည်း နှစ်ပိုင်း ခွဲကြရတယ်။ ဟိန္ဒိူတွေ၊ ဆစ်တွေ ကတော့ အိန္ဒိယတပ်မတော်မှာ ဆက်နေနေမယ်ပေါ့။ မွတ်စလင်အမျိုးသားဖြစ်သူ ဗိုလ်မှူးယာကွတ်ခန်ကတော့ ဇာတိမြေ ရမ္မပူရပြည်နယ်ဟာ အိန္ဒိယဘက်ခြမ်း ပါသွားပေမယ့်လည်း အိန္ဒိယတပ်မတော်ထဲ ဆက်နေရင် မွတ်စလင်ဖြစ်လို့မို့ တက်လမ်းမရှိနိုင်ဘူးလို့ ယူဆတယ်။ ဒီလိုနဲ့ ပါကစ္စတန်တပ်မတော်ဘက်ကို ရွေးချယ်လိုက်တယ်။
ရမ္မပူရပြည်နယ်မှာ ဗိုလ်မှူးယာကွတ်ခန် မွေးဖွားကြီးပြင်းတယ်၊ သူ့မိသားစု ဘိုးဘေးစဥ်ဆက်ဟာ နှစ်ပေါင်း ၂၀၀ ကျော် နေထိုင်ခဲ့ကြတယ်၊ သူ ပါကစ္စတန် နိုင်ငံ တပ်မတော်ဘက်ကို ရွေးတဲ့အခါ မိသားစုကို ချန်ခဲ့ရတယ်၊ မိသားစုဟာလည်း အိန္ဒိယမှာဘဲ ခေါင်းချချင်တဲ့ဆန္ဒရှိလို့ လိုက်မလာခဲ့ဘူး။
အဲဒီလိုနဲ့ ဗိုလ်မှူးလီကွတ်ခန်ဟာ ပါကစ္စတန်တပ်မတော်ဘက် ပြောင်းလဲအမှုထမ်းရင်း တပ်ရင်းတရင်းကို ကွပ်ကဲရတယ်။ သူ့တပ်ရင်းဟာ ကက်ရှ်မီးယား ဒေသဘက်ကို စစ်ချီရစဥ်မှာ အိန္ဒိယတပ်ခွဲတခွဲနဲ့ ရင်ဆိုင်ရတယ်။
အိန္ဒိယတပ်ခွဲကို ကွပ်ကဲသူဟာ သူ့ညီအရင်းဖြစ်သူ မွတ်စလင်အမျိုးသား ယူနစ်ခန်ပါပဲ။ သူဟာ ပါကစ္စတန်တပ်မတော်ဘက် ဘက်မပြောင်းဘဲ မိသားစုအလိုကျ အိန္ဒိယတပ်မတော်မှာပဲ ဆက်လက်အမှုထမ်းတယ်။
အဲဒီတိုက်ပွဲမှာ ပါကစ္စတန်တပ်မတော်သား အကိုဖြစ်သူ လီကွတ်ခန် ကျဆုံးခဲ့ရတယ်။ အိန္ဒိယတပ်မတော်သား ညီဖြစ်သူ ယူနစ်ခန်ရဲ့စိတ်ထဲ ဘယ်လိုများ ခံစားသွားရလေမလဲလို့ အတွေးနယ်ချဲ့မိပါတယ်။
လွန်ခဲ့တဲ့အပတ်တွေက ဓနုပြည်သူ့လွတ်မြောက်ရေးတပ်က ရဲဘော်နဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ဖြစ်သူဟာ ညီအကိုတွေ ဖြစ်နေခဲ့ကြတယ်။ ညီအကိုနှစ်ဦး သေကွဲမကွဲဘဲ ရှင်လျက် ပြန်ဆုံကြရတာက ဝမ်းသာစရာပေါ့။
ဒါပေမယ့် ရှားပါးတဲ့ဖြစ်ရပ်လို့ ဆိုရမယ်။ စစ်မှုထမ်းအတွက် အတင်းအဓမ္မ လူသစ်စုဆောင်းတဲ့အခါမှာ စစ်ကောင်စီတပ်ထဲ ရောက်ကြရတဲ့ ညီတွေဟာ တော်လှန်ရေးဘက်သား အကိုရင်းတွေနဲ့ ရင်ဆိုင်ကြရတော့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်သွားရတဲ့ အကိုဖြစ်သူက တော်လှန်ရေးတပ်ဖွဲ့ဝင် ညီဖြစ်သူနဲ့ ရင်ဆိုင်ရတယ်။ အတော်ကြေကွဲစရာ ဘဝတွေပါ။
ဒီနိုင်ငံမှာ ညီအကိုအချင်းချင်း သေနတ်ပြောင်းလှည့် စစ်တိုက်ကြရတဲ့ အဖြစ်အပျက်မျိုးတွေ ဘယ်လောက်များ လူထုကြား ပြန့်နှံ့လာလေမလဲ၊ ပြန့်နှံ့မှု မရှိတဲ့ အဖြစ်အပျက်တွေကရော တိတ်တဆိတ် ပျောက်ကွယ်သွားလေသလားလို့ တွေးဆမိပါတယ်။
သည်အဖြစ်အပျက်မျိုးကို ကိုယ်တိုင်လည်း မကြုံချင်သလို အခြားသော ဘယ်သူ့ကိုမှလည်း မကြုံစေချင်ပါဘူး။ ဒါပေမယ့် ဒါဟာ လက်ရှိ ပြည်တွင်းရေးအကျပ်အတည်းရဲ့ ပေးထားချက်တခု ဖြစ်လာနေတာမို့ ရင်မောမိပါတယ်။
Be the first to comment