ဘဘတပ်ချုပ်ကြီး ညှာနေလို့ ကံကောင်းတယ်မှတ်

by The Call

“ဘဘတပ်ချုပ်ကြီး ညှာနေလို့ ကံကောင်းတယ်မှတ်”

◼️ရွယ်မိုး

ရှမ်းမြောက်မှာ တပ်မတော်က တပ်တွေ ဆုတ်ပေးလိုက်တာ၊ လက်နက်အပုံလိုက် ပေးလိုက်တာဆိုတာက ဘုရားဒကာကြီး ဘဘမင်းအောင်လှိုင်အနေနဲ့ ချစ်စကိုရှည်စေ၊ မုန်းစကို တိုစေ ဆိုတဲ့ မေတ္တာတရားကြီးမားမှုကို ဖော်ပြနေတာပါပဲ။

ငါးရာ့ငါးဆယ် နိပါတ်တော်ထဲက ဒွါဒသကနိပတ်၊ ဘဒ္ဒသာလဇာတ်မှာ သာကီဝင်မင်းအပေါင်းကို လက်စားချေဖို့လာတဲ့ ဝိဍဍူဘမင်း ရဲ့စစ်တပ်ကြီးဟာ အပွန်းအပဲ့မျှပင် မရှိဘဲ စစ်နိုင်ခဲ့တာ ဖတ်ဖူးကြမယ်ထင်ပါတယ်။ သာကီဝင်မင်းမျိူးတွေဟာ လေးပစ်အတတ်ကို တဘက်ကမ်းခတ် တတ်မြောက်ကြပေမယ့် အကုသိုလ်ဖြစ်မှာ သိပ်ကြောက်ကြပါတယ်။ ဝိဍဍူဘရဲ့စစ်တပ်ကို အဝေးကနေပဲ လေးမြားနဲ့ပစ်ပြီး ချေမှုန်းလို့ရသော်ငြား ပါဏာတိပါတကံကို စိုးရွံ့တာကြောင့် တမင်လွဲချော် မထိအောင်ပစ်ခဲ့လို့ စစ်ရှုံးကြရတာပါ။

ဘုရားဒကာကြီး တပ်ချုပ် ဘဘဟာ သာကီမျိုးဖြစ်ဟန် တူပါတယ်။ အထုံပါရမီ ပါလာတော့ ပါဏာတိပါတကံကို သိပ်ကြောက်ပုံ ရပါတယ်။ နေပြည်တော် စစ်ရုံးချုပ်မှာ ဂုဏ်တော်ပွားများ ပုတီးတချောက်ချောက်စိပ်ရင်း မင်းတို့ တိုင်းမှူး တပ်မမှူးတွေ ပြည်သူလူထုအပေါ် ညီနောင်သွေးချင်း စစ်တပ်များအပေါ် အမြောက်ကျည်တလုံး တည့်တည့်မှန်ရင် ရာထူးကဖြုတ်မှာနော်လို့ သတိပေးထားခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း ပစ်သမျှ အမြောက်ဆံတိုင်း မထိခဲ့တာဘဲ ဖြစ်ပါတယ်။

ဘဘတပ်ချုပ်ကြီး ညှာတာထောက်ထားနေလို့သာ မြောက်ပိုင်းသုံးဖွဲ့က စစ်နိုင်နေတာပါ။

တိုင်းပြည်ရဲ့ အမျိုးဘာသာ သာသနာအတွက် ဒီလိုမျိုး ဘုရားဒကာ ကျောင်းဒကာ မေတ္တာတရားကြီးမားတဲ့ ဘဘတပ်ချုပ်ကြီးလိုလူမျိုး ရှိနေတာဟာ တပ်မတော်နဲ့ပြည်သူတွေ ရင်ဘတ်ချင်းနီးဖို့၊ တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့များအကြား ညီညွတ်ဖို့ဆိုတဲ့ အမြော်အမြင်ကြီးမှု၊ နှလုံးသားကြီးကြီး ရင်ဘတ်ကျယ်ကျယ် ဖြစ်မှုတွေအတွက် အင်မတန်ပဲ ဂုဏ်ယူပီတိဖြစ်ရပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment