ဘာကြောင့် မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ လိုအပ်သလဲ

“ဘာကြောင့် မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ လိုအပ်သလဲ”

◼️နေသွင်ညိဏ်း

၂၀၁၀ အာရပ်နွေဦးကာလမှာ အပြောင်းအလဲ ဘယ်လိုဖြစ်ပေါ်နိုင်မလဲဆိုတာကို နိုင်ငံရေးသိပ္ပံပညာရှင် နှစ်ယောက်ဖြစ်တဲ့ အဲဖရက် စတီဗင်နဲ့ ဂျူအန် လူဝစ်တို့က စာတမ်းတစောင် ရေးသားခဲ့တယ်။ Sultanism ကို မင်းဆိုးမင်းညစ်စနစ်လို့ ကျနော်က အနက်ယူပါတယ်။ ပညာရှင်နှစ်ယောက်ရဲ့ ဆိုလိုရင်းက နိုင်ငံတနိုင်ငံမှာ ဒီလို Sultanism စနစ်မျိုး ခိုင်မာနေရင် စနစ်အပြောင်းအလဲမှာ လက်နက်ကိုင်သူပုန်ထတဲ့ နည်းကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး ဆိုတဲ့သဘောပါ။

ဒီပုဂ္ဂိုလ်နှစ်ယောက် ပူးတွဲရေးခဲ့တဲ့စာအုပ် ဒီမိုကရက်တိုက်ဇေးရှင်း ပြဿနာများ (Problems of Democratic Transition and Consolidation: Southern Europe, South America, and Post-Communist Europe) စာအုပ် က ထင်ရှားပါတယ်။ စာအုပ်က အခုဆို အနှစ် ၃၀ လောက်တောင် ရှိမလားပဲ။ ၂၀၁၀ တဝိုက်မှာ ကျနော်က စာတမ်းငယ်ကိုပဲ ဖတ်ခဲ့ရပါတယ်။ ဒီမိုကရေစီအမြစ်တွယ်ဖို့၊ ဒီမိုကရေစီ မူဘောင် (ဥပမာ ဒီမိုကရေစီ ဖွဲ့စည်းပုံဥပဒေ)၊ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်၊ ဒီမိုကရေစီ စိတ်နေစိတ်ထားတို့ လိုအပ်တယ်လို့ ရေးခဲ့တယ်။ ဒေါက်တိုင် ၃ ခု တနည်း သုံးနားညီတြိဂံမှာ တဘက်ဘက်ကပျက်ရင် ဒီမိုကရေစီအဆောက်အအုံလည်း ဆက်မရှိနိုင်လို့ ဟောပါတယ်။

မက်စ်ဝီဘာ Max Weber ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ Sultanism ဆိုတာ အဖေ့အရိုက်အရာကို သားကဆက်ခံတဲ့ စနစ်၊ အုပ်ချုပ်ရေးကို လက်ဝါးကြီးအုပ်ခြယ်လှယ်ပြီး စစ်တပ်ကလည်း အရှင်သခင်ရဲ့ တလက်ကိုင်တပ်ဖွဲ့ ဖြစ်နေတာကို ဆိုလိုပါတယ်။ တနိုင်ငံလုံးမှာ အာဏာရှင်က သူ့လက်သူ့ခြေ၊ တနိုင်ငံလုံးကို သူပိုင်ပစ္စည်းလို သဘောထားတာမျိုးပါ။ ဒီစနစ်အောက်မှာ အာဏာရှင်ရဲ့ အဓိက ဖိနှိပ်ရေးလက်နက်ဟာ စစ်တပ်ပါပဲ၊ စစ်တပ်ဟာ အရှင်သခင်ကို သက်ပေးကာကွယ်တဲ့ တလက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

ဒီစနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဟာ အတိုက်ခံရော၊ သူ့စနစ်အတွင်းက သဘောထား ပျော့ပျောင်းတယ်လို့ သံသယရှိသူတွေကိုလည်း အပြတ်ချေမှုန်းပါတယ်။ ဒါကြောင့် အတိုက်အခံဘက်ကလည်း သူသေကိုယ်သေ အပြတ်ချရေးကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး။ အတိုက်အခံကို မလှုပ်နိုင်အောင် ဖိထားရေးဟာ ဒီစနစ်ကို တည်မြဲစေဖို့ အဓိက သော့ချက်ဖြစ်သလို အတိုက်အခံတွေဘက်ကလည်း အသွင်ကူးပြောင်းရေးအတွက် လက်နက်ကိုင်နည်းလမ်းကလွဲလို့ တခြား ရွေးစရာမရှိတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

အာရပ်နွေဦးဟာ အစမှာ လူထုတော်လှန်ရေးကနေ လက်နက်ကိုင်တော်လှန်ရေးဆီ ကူးပြောင်းသွားရတာ မူဘာရတ် လက်အောက်က အီဂျစ်၊ ကဒါဖီလက်အောက်က လစ်ဗျား၊ ဘန်အာလီလက်အောက်က တူနီးရှား၊ အာဆတ် လက်အောက်က ဆီရီးယားတို့မှာ Sultanism စနစ်တွေကို ဒီဂရီအမျိုးမျိုးနဲ့ ရှိနေတာကြောင့်ပါပဲ။

အဲဒီအချိန်မှာ မြန်မာပြည်က အထိုက်အလျောက် ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေချိန်ပါ။ အပျော့ဂိုဏ်း၊ အမာဂိုဏ်း ပြောနေကြချိန်ပါ။ ဒါလည်း အကြောင်းရှိပါတယ်။ ဒီမိုကရေစီတပိုင်း အာဏာရှင်စနစ် (authoritarian democratic hybrid) ပုံစံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဆင်ပြေနိုင်တာကြောင့် ပါ။ “Four-Player Game” လို့ ခေါ်တဲ့ အာဏာရှင်အစိုးရအဖွဲ့ထဲက သဘောထား ပျော့ပျောင်းသူတွေနဲ့ အတိုက်အခံက သဘောထား ပျော့ပျောင်းသူတွေ ပေါင်းမိ၊ နှစ်ဘက်စလုံးက သဘောထားတင်းမာသူတွေကို ဘေးဖယ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖန်တီးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာဖြစ်သွားတဲ့ ဖာဒီနန် မားကို့စ် အစိုးရ ပြုတ်ကျသွားတဲ့ (၁၉၈၆) အခြေအနေ၊ ၂၀၁၁ အီဂျစ်မှာတွေ့ရတဲ့ ပုံစံနဲ့ ဆင်ဆင်တူပါတယ်။ ဒီနှစ် ၂၀၂၄ ထဲ ဘင်္ဂလားဒေ့ရှ်မှာ ထပ်တွေ့ခဲ့ရပါတယ်။

မြန်မာပြည်ရဲ့ Four Players Game ဟာ သက်တမ်းမရှည်ဘဲ ၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းမှုနဲ့ တခန်းရပ်သွားပြီး အာရပ်နွေဦးနည်းတူ လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းကို ဖြတ်သန်းရပြန်ပါတယ်။ ဒါက Sultanism စနစ် အမြစ်တွယ်နေတာကို ပြပါတယ်။

ဒီလထဲဖတ်ရတဲ့ မြန်မာ့အရေး၊ ရခိုင်အရေး၊ ရိုဟင်ဂျာအရေး စာတမ်းတစောင်မှာ ရေးထားတဲ့ ဖြစ်နိုင်ခြေ ၃ ခုနဲ့ ဆက်စပ်လို့ တွေးကြည့်တဲ့အခါ –
၁။ တပြည်လုံးမှာ စစ်ရေးပဋိပက္ခ အဆုံးမသတ်နိုင်ခြင်း။
၂။ တိုင်းရင်းသားဒေသတွေမှာ ERO တွေက နယ်မြေအများစု သို့မဟုတ် အပြီးသတ် အောင်ပွဲခံခြင်း။
၃။ NUG ဦးဆောင်တဲ့ အစိုးရ အုပ်ချုပ်လာနိုင်ခြင်း။

ဒီမှာ သတိပြုရမယ့်အချက်က စစ်တပ်ဟာ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်သိမ်းပြီး တတိုင်းပြည်လုံးကို ပြန်အုပ်ချုပ်လာနိုင်တဲ့ ဖြစ်နိုင်ခြေဟာ စဉ်းစားချက်ထဲမပါဘူး ဆိုတာပါပဲ။ ဒီ ဖြစ်နိုင်ခြေ ၃ ချက်မှာ နံပါတ် ၃ ကလွဲလို့ ကျန် ၂ ချက်ဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးပါတယ်။ ဘာလို့ဆို အထက်က အဲဖရက် စတီဗင်နဲ့ ဂျူအန် လူဝစ်တို့ အယူအဆနဲ့ပြောရရင် no state = no democracy နိုင်ငံရယ်လို့ ပီပီပြင်ပြင်မရှိရင် ဒီမိုကရေစီဆိုတာလည်း မရှိနိုင်ပါဘူး။ ဗဟိုမှာ ဒီမိုကရေစီအစိုးရမရှိရင် တိုင်းရင်းသားနယ်မြေတွေကလည်း ဖက်ဒရယ်ဖြစ်စေ၊ ကွန်ဖက်ဒရိတ်ဖြစ်စေ တသီးတသန့် တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးနေဖို့ မဖြစ်နိုင်ပါဘူး။ ဒါက Democratic Peace သဘောတရားလည်း ဟုတ်ပါတယ်။

တခုတော့ ရှိပါတယ်။ လက်ရှိ တပ်ချုပ်ရဲ့ အာဏာတည်ဆောက်မှုဟာ အခုဆိုရင် သူတို့အုပ်စုအတွင်းထဲမှာ နောက် ကျောမလုံတဲ့အဆင့် ရောက်နေပါပြီ။ ရှင်းရှင်းပြောရရင် စစ်တပ်အတွင်းထဲကပဲ ဘုရင်ရူး Sultan ကို တနည်းနည်းနဲ့ စောစောရှင်းနိုင်ရင် မြန်မာပြည်ဟာ ဘင်္ဂလားဒေ့ရှ်ပုံစံ အပြောင်းအလဲကို ပြန်သွားလို့ရနိုင်ပါတယ်။ စစ်တပ်ကိုလည်း အဖတ်ဆယ်ရာ ရောက်ပါတယ်။ တကယ်တော့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအပြောင်းအလဲမှာ သွေးထွက်သံယိုနည်းတဲ့နည်း၊ ပုံစံဟာ Four-Player Game ဖြစ်ပေမယ့် Sultanism အစဉ်အလာနဲ့ မြန်မာစစ်တပ်ဟာလည်း ဒီလမ်းကို သွားနိုင်တဲ့ အခြေအနေ ရှိမနေပါဘူး။

ဟန်တင်တန်စကားနဲ့ ပြောရရင် လက်ရှိမြန်မာစစ်တပ်ဟာ တလမ်းသွား၊ တလက်ကိုင် ဖြစ်နေပြီး ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းမရှိတဲ့ အင်စတီကျူးရှင်းတခု ဖြစ်နေပါတယ်။ ‘ပြင်မရရင် ဖျက်’ဆိုတာ အရပ်ပြောစကားဆိုပေမယ့် ဟန်တင်တန်ပြောတဲ့ အင်စတီကျူးရှင်းအယူအဆကို ပြန်ကောက်တဲ့အခါမှာလည်း ဒီအတိုင်းပဲ အနက်ထွက်ပါတယ်။ ဆိုလိုတာကတော့ မြန်မာပြည်အတွက် အပြောင်းအလဲဟာ Sultanism စနစ်ရဲ့ အဓိက ဒေါက်တိုင် လက်ရှိစစ်တပ်ကို ဖျက်သိမ်းဖို့ နည်းကလွဲလို့ တခြားနည်း မကျန်သလို ဖြစ်နေပါတယ်။

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*