မင်းနဲ့ အရင်လိုဘဝမျိုး ရောက်ချင်တယ်

◼️သက်ဆိုင်

ခေါင်းပေါ်မှာ လေယာဉ်ဝဲတဲ့အခါ

ပထမဆုံး တွေးမိတာက ကိုယ်ကြုံနေရတာက ဟုတ်မှ ဟုတ်ပမလားဆိုတာပါပဲ

ငယ်ငယ်တုန်းက အိမ်ပေါ်လေယာဉ်ဖြတ်ပျံတဲ့အခါ

တာတာ့ ပြတယ် ခေါ်သွားဖို့ အော်ပြောတယ်

ဒီလို အမှတ်တရတွေကနေ

ဆက်မကြုံချင်တော့တဲ့အထိ ခံစားမှုတွေ ရလာတာဆိုတော့ အချစ်ရယ်  

ကိုယ်ကြုံရတာကို မယုံနိုင်ဘူး

တခါတလေ ကြုံရတဲ့ ပျော်ပွဲရွှင်ပွဲတွေ ရှိရင်တော့လည်း

ကိုယ်တို့ရခဲ့တဲ့ အခြေအနေတွေကို ပြန်တွေးတယ်

ကိုယ်တို့ သင်္ကြန်ပွဲဆို ဘယ်လို

ဘုရားပွဲနဲ့ မွေးနေ့ပွဲတွေမှာ ပျော်ခဲ့ကြပုံတွေကို အခုအချိန်တွေနဲ့ ပြန်နှိုင်းယှဉ်မိတယ်

တူသလိုလို ရှိပေမယ့် မတူပြန်ဘူးအချစ်ရယ်

အခုကြုံရတာတွေက နောက်ဆုံးဆိုတဲ့ ခံစားချက်ရပြီး

အရင်ကဟာတွေကတော့ ငါတို့ထပ်လုပ်လည်းရတာပဲ ဆိုတာမျိုးပေါ့

တနေ့က

ကိုယ့်တို့ဆီက ခွေးမလေးက

ခွေး လေးကောင် မွေးတယ် အကြီးဆုံးက ဂျက်ကီ တဲ့

ဖြူဖြူဖွေးဖွေးလေးနဲ့ တုတ်တုတ်ခဲခဲလေးပေါ့

မင်းသာ ဆို သိပ်ချစ်မှာ

တချို့က ခွေးချစ်တယ်

တချို့က ကြောင်ချစ်တယ်

ကိုယ်ကတော့ မင်းကိုပဲ ချစ်တယ်

မင်းကိုပဲ တွယ်ဝာာတယ်

လူတွေစိတ်ညစ်နေကြတဲ့ အကြောင်းအရာတွေ ကြားရတယ် ဒေါ်လာဈေးတွေက ကမှောက်ကမဖြစ်တယ်

ကုန်ဈေးနှုန်းတွေ တက်တယ်  အားလုံးလိုလို စီးပွားရေးကစလို့ စားရေးသောက်ရေး အစစအရာရာ ခက်ခဲကြတယ်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခံရတဲ့ ဒီနိုင်ငံမှာ လွတ်လွတ်လပ်လပ် ပြောခွင့် ရေးခွင့်ရနေတဲ့

ဆိုရှယ်မီဒီယာပလက်ဖောင်း အသုံးပြုခွင့်ကလည်း

ကန့်သတ်မှုတွေ များလာတယ်တဲ့

ခက်ခဲမှုတွေက ပိုခက်ခဲလာတယ်အချစ်ရယ်

အမှောင်ခေတ်တုန်းကဆို အသိပညာကို သင်းကွပ်ခံရတယ် ကိုယ်တို့ ကြုံတွေ့နေရတာတွေဟာ အသိပညာ သင်းကွပ်ခံနေရချိန်‌တွေ ဖြစ်နေမလား

မင်းကို ပြောပြချင်တယ်

မင်း အမြင်တွေ မေးကြည့်ချင်တယ်

ကိုယ့်ကို မင်းပြောဖူးတယ်

ရှင်က နူးညံ့တယ် သိမ်မွေ့တယ်

ဘယ်သူ့ကိုမဆို ကြင်ကြင်နာနာပဲ ဆက်ဆံတာတဲ့

အခုများတော့ အမိန့်တွေရဲ့အောက်မှာ နေသားကျနေတဲ့ ကိုယ့်ကို မင်းဘယ်လိုမြင်မလဲ

ရှင်ဟာ မြန်မာရုပ်ရှင်ကားထဲက သူပုန်တွေလိုများဖြစ်နေပြီလား ဝါဒဖြန့် သတင်းစာတွေထဲက အဖျက်အမှောင့် လုပ်နေသူတွေများ ဖြစ်နေပြီလို့ တွေးကြည့်နေမလား အချစ်ရယ်

တကယ်တော့

ခုကာလတွေဟာ ကိုယ့်မှာ အနုပညာခံစားရချိန်တွေဟာ နည်းပါးနေတော့ သီချင်း‌တွေနားမထောင်ဖြစ်ဘူး

ကဗျာတွေ မဖတ်ဖြစ်ဘူး စာအုပ်တွေကတော့ ပိုလိုတောင် ဝေးနေရဲ့

ကိုယ်ကိုင်ထားတာက ကလောင်မှ မဟုတ်ဘဲ

ကိုယ် လူသားဆန်စိတ်လျော့လာတာ မဆန်းဘူးမဟုတ်လား အချစ်ရယ်

ကဗျာဖတ်ရမယ့် အချိန်မှာ

ရန်သူကို ဘယ်လိုတိုက်ရမလဲ လေ့လာရတယ်

ဝတ္ထုကိုဖတ်ပြီး ခံစားရမယ့်အချိန်မှာ

လိုချင်တာရဖို့ ဘယ်လိုကြိုးစားရမလဲ ပိုတွေးရတယ်  

ဒီတော့ ကိုယ်လူသားဆန်မှု နည်းလာတာ မဆန်းဘူးမဟုတ်လား အချစ်ရယ်

ဒါပေမယ့် အချစ်သိပါတယ်

ကိုယ်ဟာ ကြင်နာတတ်တယ် ကိုယ်ဟာ ချစ်တတ်တယ်

ချစ်တတ်လို့ပဲ တိုက်ခဲ့တယ်

ချစ်တတ်လို့ပဲ ရဲခဲ့တယ် ကိုယ့်မှာ မင်းထင်သလို လူသားဆန်စိတ် ကင်းမဲ့တာမဟုတ်ဘဲ ကိုယ်ဟာ ခံစားတတ်လွန်းလို့ နာကျင်မှု မဆံ့မပြဲ ခံစားခဲ့ရတော့

ကိုယ့်နှလုံးသားဟာ အမာရွတ်တွေများလာတယ် အသားမာတွေ တက်လာတယ်

ဒါကြောင့်ပဲ ကိုယ်က တဖြည်းဖြည်း လူသားဆန်မှု နည်းလာတာလို့ ကိုယ်က ဆင်ခြင်ပေးမယ်

အဓိက ပြောချင်တာတော့ ကိုယ်သိပ်လွမ်းတယ်ဆိုတာပါပဲ အလွမ်းဒဏ်ကိုက်တဲ့အခါ ကိုယ့်စကားတွေက တောင်စဉ် ရေမရ ဟိုရောက်ဒီရောက် ဖြစ်နေတယ် တော်လှန်ရေးကြီး ပိုပိုပြီး အောင်မြင်လာတဲ့အခါ  ကိုယ့်အလွမ်းဓာတ်ခံတွေက စကားပိုပိုပြောလာတယ် ကိုယ်စကားတွေ အများကြီး ပြောပြချင်တယ်

မြန်မာပြည်ရဲ့ ၈၀ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ စိုးမိုးလာကြောင်း၊ စစ်ကောင်စီရဲ့ ကျရှုံးချိန် ပိုနီးကပ်လာကြောင်း၊ ကိုယ့်လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေထဲက ကြည်နူးစရာတွေရဲ့ အကြောင်း

ဝမ်းနည်းစရာကိစ္စရပ်တွေရဲ့ ထရော်မာတွေ အကြောင်း

ဒီအကြောင်းတွေ မင်းကို ပြောပြချင်တယ်

တခါတခါ ကိုယ့်စိတ်ထဲမယ်

ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့

မင်းကြုံတွေ့နေရတဲ့ အနေအထားတွေက မတူညီနိုင်တဲ့အခါ ပြောပြရမှာ အားနာမိတယ်

စိတ်မကောင်းဖြစ်ရတယ်

မဖြစ်မနေ ကိုယ့်ရဲ့ကြုံတွေ့ရမှုတွေကို အနှစ်ချုပ်ပြီး

မင်းသိအောင် ဝန်ခံရရင်တော့

စိုင်းထီးဆိုင် သီချင်းလေးအတိုင်း

“မင်းနဲ့ အရင်လို ဘဝမျိုး ရောက်ချင်တယ်” ဆိုတာပါပဲ

အချစ်ရယ်

ကျန်တာ မသိရဘဲ  ဒါကို မင်း သိမယ်ဆိုရတယ်

ကျန်တာ မတွေးဘဲ ဒါကို မင်းတွေးနေရင်ရတယ်

တကယ်တော့ မင်းသိခဲ့ရင်ရပါတယ် အချစ်ရယ် ….

About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*