မတရားမှု‌တွေ ပပျောက်တဲ့အထိ တော်လှန်ရမယ်

by The Call
80 views
‘မတရားမှု‌တွေ ပပျောက်တဲ့အထိ တော်လှန်ရမယ်’
◼️မအိ (ရေကြည်)
တော်လှန်တယ်ဆိုတာ မတရားမှုတွေကို ဆန့်ကျင်ခြင်းပဲ။ မတရားမှုတွေကို ကိုယ်ရှိ‌တဲ့နေရာ ရောက်ရာအရပ်ကနေ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် တော်လှန်ဖို့ ကောင်းမွန်တဲ့ ကမ္ဘာကြီးကို မျှော်လင့်သူတိုင်းမှာ တာဝန်ရှိပါတယ်။
လက်ရှိ ကျမတို့ ဒီနွေဦး‌ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဓိက ရည်ရွယ်ချက်က နောင်လာနောက်သားတွေ ကိုယ်တွေလို ဖိနှိပ်မခံရအောင်၊ မတရား စိုးမိုး‌ဗိုလ်ကျမခံရအောင်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အဝရအောင် ကိုယ့်အလှည့်မှာ ကိုယ်ရှိတဲ့နေရာ နိုင်တဲ့ဘက်က တော်လှန်‌နေကြတာပဲဖြစ်တယ်။
တော်လှန်ရေးဆိုတာ ကျမတို့အခု တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးကြီး ပြီးသွားတောင် ဆက်ရှိနေရအုံးမှာပါ။ ဘာလို့ဆို နေရာတိုင်းမှာ မတရားမှုတွေက ရှိနေလို့ပါပဲ။ မတရားမှုတိုင်းကို တော်လှန်ရမယ်။ သေးသေးလေးကအစ ကျမတို့ တော်လှန်ရမယ်။ မတရားမှုတွေ ပပျောက်သွားတဲ့အထိ ကျမတို့တော်လှန်နေကြရမှာပါ။
လူလူချင်း အနိုင်ကျင့် စော်ကားမှု၊ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု အစရှိတဲ့ မတရားမှုတွေကစပြီး နိုင်ငံတော်အုပ်ချုပ်သူ လူတန်းစားတွေနဲ့ သူ့လက်အောက်မှာရှိတဲ့ ရပ်ကွက်အဆင့် ကျေးရွာအဆင့်က အုပ်ချုပ်ရေးမှူးတွေ စာရေးတွေရဲ့ လာဘ်စားမှု ဖိနှိပ်မှုတွေအထိ ကျမတို့ ငြိမ်ခံလို့ မရပါဘူး။ မတရားမှုမှန်သမျှ ကျမတို့ကစ တော်လှန်ရပါမယ်။
တလောက လူမှုကွန်ရက်မှာ သတင်းတိုက်တခုက သတင်းထောက်တဦး၊ နိုင်ငံကျော် ဓာတ်ပုံပညာရှင်ဖြစ်တဲ့ ဒါရိုက်တာပေါက်စတဦးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတဦးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို ဖော်ထုတ်လာတာတွေ့ရပါတယ်။ ဒီလိုဖော်ထုတ်လာတဲ့အတွက် ကျူးလွန်သူတွေကိုသာ ကျမတကိုယ်ရည်အနေနဲ့ ရှုတ်ချပါတယ်။ ဘာလို့ဆို ခံရသူကာယကံရှင်တွေအနေနဲ့က ဒီလိုကိစ္စရပ်တွေကို အကြောင်းအမျိုးမျိုးကြောင့် မဖော်ထုတ်ဝံ့လို့သာ ဒီကာလမှ လူသိလာရတာပါ။ ဖော်ထုတ်ဖို့ သူတို့ဘယ်လောက် စိတ်အားတင်းခဲ့ရမလဲ။
တော်လှန်ရေးအတွင်း ဒီလိုကိစ္စတွေကလဲ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာသလောက် တခုနှစ်ခု မကပါဘူး။ မဖော်ထုတ်ဘဲ ကျန်ရှိနေသူတွေကော ဘယ်လောက်ရှိနေမလဲ။
ကျမတို့ဟာ အခုတော်လှန်နေတဲ့ စစ်ကောင်စီကိုမှ မဟုတ်ပါဘူး ဘယ်လိုမတရားမှုမျိုးကိုမဆို တော်လှန်ရပါမယ်။ အိမ်တွင်း အကြမ်းဖက်ခံရတာ၊ မိဘက သားသမီးကို ဖိနှိပ်တာ၊ ကျောင်းမှာ ဆရာမက ကျောင်းသားကို ဖိနှိပ်တာ၊ ခွဲခြားဆက်ဆံတာ၊ ကျောင်းသားချင်း အနိုင်ကျင့်တာ၊ စက်ရုံမှာ၊ ရုံးမှာ အထက်ဖားအောက်ဖိ လုပ်တာမျိုးကအစ တော်လှန်ရမှာ ဖြစ်ပါတယ်။
အိမ်မှာမို့ မိဘဖြစ်နေလို့ သားသမီးက ကောင်းကောင်းဆိုးဆိုး မိ‌ဘ‌ပြောတာ လက်ခံရမယ်၊ မ‌ဖြစ်မ‌နေ လုပ်ကိုလုပ်ရမယ်၊ ကျောင်းမှာမို့ ဆရာမလုပ်တာ ခံရမယ်၊ ရုံးမှာမို့ အထက်လူကြီးမို့ ဆိုတာမျိုးတွေ မရှိပါဘူး မတရားမှု မှန်သမျှဟာ တော်လှန်ရမှာပါ။
လူတိုင်းမှာ မွေးကတည်းက လူ့အခွင့်အရေးဆိုတာ ရှိပြီးသားပါ။ ဒီအခွင့်အရေးတွေ အပြည့်အဝရဖို့ အပြည့်အဝ ပေးနိုင်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်လာအောင်က ဒီလိုမတရားမှုတွေ မရှိမှ ဖြစ်မှာပါ။ ဒါကြောင့် မတရားမှုဟူသမျှကို အယုတ်အလတ်အမြတ်မရွေး ဘာသာမရွေး လူမျိုးမရွေး အားလုံးအတူတူ တော်လှန်ကြရမှာပါ။
အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုတဲ့ စကားပုံအတိုင်း သေးသေးလေးတွေကို ကျမတို့က ကိုယ်နဲ့မဆိုင်လို့ပဲဖြစ်ဖြစ် ဘာမှမဖြစ်လောက်ဘူးလို့ တွေးလို့ပဲဖြစ်ဖြစ် မတွန်းလှန် မတော်လှန်ဘူးဆိုရင် ပြုလုပ်သူတွေဟာ တစတစ အင်အားကြီးမားလာမှာဖြစ်ပါတယ်။
ဒါကြောင့် အမှုသေးသေးလေးကအစ ကျမတို့ လျစ်လျုရှုလို့မရပါဘူး တော်လှန်ရပါမယ်။
ဒါမှသာ ကျမတို့ရဲ့ နောင်လာနောက်သား သားသမီးမြေးမြစ် ဆွေစဉ်မျိုးဆက် အဆက်ဆက်ဟာ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်ကြီးမှာ အေးဆေးစွာ နေထိုင်ခွင့် ပညာသင်ကြားခွင့် ဖန်တီးခွင့် စတဲ့ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်ပါတယ်။ ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment