မနက်ခင်းအတွေး

by The Call
66 views
-၂၀၂၄ ​သြဂုတ် ၁၄ ​ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
လွန်ခဲ့တဲ့ ၃ နှစ်ကျော် အချိန်တချိန်တုန်းကတော့ မဟုတ်ပါစေနဲ့၊ တကယ်မဖြစ်ပါစေနဲ့ ဆုတောင်းမျှော်လင့်နေတဲ့ကြားကပဲ ကောင်းကင်ကြီးပြိုကျသလို ကျီးတွေဝုန်းကနဲပြိုကျခဲ့တာ နာနာကျင်ကျင် ကြုံလိုက်ကြရတယ်။ မကောင်းတာဆိုရင်တော့ ဒဲ့ကြီးကို မှန်တော့တာပဲ။ လောကကြီးက မတရားဘူးလို့ ပြောရမလား။
တကယ်တော့ ကောလဟလ ကောလဟလ ဆိုပြီး မှန်ခဲ့တာတွေလည်း ရှိဘူးခဲ့ပါတယ်။ ကောင်းတာကော မကောင်းတာကော၊ မျှော်လင့်တာကော မမျှော်လင့်တာကောပေါ့။ ဘာတခုမှ လွတ်လပ်မှုမရှိတဲ့အချိန်မှာ ဒီလိုပဲ သိုးသိုးသဲ့သဲ့လေးတွေကို တချိန်လုံးနားစွင့်နေကြရတာပဲလေ။ ဘာသံမှမထွက်ဘဲ ဝုန်းကနဲဆိုရောက်ချလာတဲ့ အဖြစ်အပျက်တွေလည်း ကြုံခဲကြရတာပါပဲ။
ဒါပေမဲ့ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို အခြေခံ ခြုံငုံသုံးသပ်ပြီး ဟုတ်နိုင် မဟုတ်နိုင်၊ မှန်၏မှား၏ တတ်နိုင်သမျှတော့ စိစစ်လက်ခံနိုင်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာကလည်း ငြင်းလို့မရတဲ့ အမှန်တရားတခုပဲ ဆိုပါတော့။ အဲဒီအခါ လူတဦးချင်း ကိုယ့်မျှော်လင့်ချက်အပေါ်ကနေ ဆန္ဒစွဲနဲ့ လက်ခံကြ ငြင်းပယ်ကြတာလည်း မထူးဆန်းပေဘူးပေါ့။
ငယ်တုန်းက ထရံပေါက်ကနေ ဇာတ်ရုံနောက်ကို ခိုးကြည့်ခဲ့ကြဖူးပါသလား။ ဆလိုက်မီးရောင်နဲ့ ကတ္တီပါကားလိပ်ကြီးရှေ့က ဇာတ်ခုံကြီးပေါ်မှာ ကပြနေကြတာထက် ကန့်လန့်ကာနောက်က ပြုမူလုပ်ကိုင်နေကြပုံတွေ လှုပ်ရှားလုပ်ကိုင်နေတဲ့သူတွေကို တချို့က ပိုပြီးစိတ်ဝင်စားတတ်ကြတယ်။ တကယ်တမ်းမှာလည်း စင်ရှေ့မှာ ထွက်ပြီးကပြနေတာတွေအားလုံးကို အဲဒီဇာတ်ခုံနောက်က စီစဉ်လုပ်ကိုင်ပေးလိုက်ကြတာပဲ မဟုတ်လား။ ရှေ့မှာတီးနေတဲ့ ပတ်မသံကြီးနောက်ပဲ လိုက်ပါစီးမျောနေလို့မှ မရတာ။
ဘာပဲဖြစ်ဖြစ် မနက်စာကတော့ နေ့စဉ်နေ့တိုင်း ကောင်းမွန်တဲ့မနက်ခင်းလေးတခုနဲ့သာ အားလုံးကို တည်ခင်းဧည့်ခံချင်ခဲ့တာပါ။ လောကကြီးအပေါ် စိတ်ကောင်းထားသူတိုင်း မင်္ဂလာရှိကြပါစေပေါ့။
■ ဖတ်စရာမှတ်စရာ
” In den finsteren Zeiten,”
ကဗျာဆရာတယောက်ဟာ နာဇီတွေရဲ့ရန်ကနေ ထွက်ပြေးရတယ် သူဟာ သူချစ်တဲ့ ဂျာမဏီကနေ ဒိန်းမတ်က Svendborg ဆိုတဲ့မြို့ကလေးကို ပြေးရတယ်ပေါ့
သူက ဂျာမန်ဂျူးတယောက်ပါပဲ
သူ့နာမည်က Bertolt Brecth လို့ခေါ်တယ်
နာမည်ကြီး ကဗျာဆရာ ပြဇာတ်ဆရာ စာရေးဆရာ နဲ့ တေးရေးသူတယောက်ပါပဲ
အဲ့သည်လိုစစ်ပြေးရင်းကနေ သူဟာ သူ့ရဲ့အနုပညာနဲ့ ခွန်အားတွေပေးခဲ့တယ်
သူက တကယ်တော့ ဆိုရှယ်လစ်ဝါဒီတယောက်ပါ စစ်ရဲ့အနိဌာရုံတွေကို သင်ခန်းစာလည်းဖော်ထုတ် ခွန်အားတွေလည်းပေး သံဝေဂတွေကိုလည်း ရခဲ့စေသူပါ
သူ့ရဲ့ ပြောင်မြောက်တဲ့ကဗျာတွေအများကြီးရှိတဲ့အထဲမှာ
စစ်ပြေးအဖြစ်နဲ့ Svendborg မြို့လေးမှာနေစဥ်အခိုက်မှာရေးသားခဲ့တဲ့ ကဗျာပေါင်းချုပ်ကို Svendborger Gedichte (‘Svendborg Poems’) လို့နာမည်ပေးခဲ့ပြီး သူအသက်ရှိစဥ်ထုတ်ဝေခဲ့တဲ့ နောက်ဆုံးသော ကဗျာပေါင်းချုပ်ဖြစ်ခဲ့ပါတယ်
အဲ့သည့်ကဗျာတွေဟာ နာမည်ကျော်ပါတယ်
၆ပုဒ်ကိုစုစည်းထားတဲ့ Svendborger Gedichte (‘Svendborg Poems’) ကဗျာများ 1939 လို့ ခေါ်တယ်
အဲ့သည့်ကဗျာတွေထက် ပိုပြီး နာမည်ကျော်ကြားတာကတော့
ကဗျာတွေရဲ့ထိပ်အစမှာ Bertolt Brecth ရေးသားခဲ့တဲ့ အနှစ်ချုပ်စာသားလေး ပဲခေါ်ခေါ်
စာတို epigram ဘဲပြောပြော ဆောင်ပုဒ် motto လို့ဆိုဆို ဆိုလို့ရတဲ့ စာပိုဒ်တခုပါပဲ
ခေတ်တခေတ်မှာ ဒုက္ခသုက္ခတွေကျရောက်လေတိုင်း ခေတ်ကြပ်ကြီး နဲ့ကြုံရတိုင်း အခါးသည်းဆုံးဘေးဒဏ်တွေကျလေတိုင်းမှာ စာပေအနုပညာရှင်တွေ အတွေးအခေါ်ရှင်တွေဟာ
သူ့ရဲ့ motto ကို ပြန်လည်ဖော်ထုတ်ကြလေ့ရှိတယ်
သူ့ရဲ့ motto ကို သူက နာမည်လေးပေးထားပါတယ်
ဂျာမန်လို ” In den finsteren Zeiten,” တဲ့
In the dark times အမှောင်ခေတ်ကြီးထဲမှာလို့ အဓိပ္ပာယ်ရပါတယ်
ဂျာမန်လို ရွတ်ပြရရင်
“အင်ဒဲန် ဖင်းစတားဟန် ဇိုင်းတဲန် ” တဲ့
In den finsteren Zeiten,
wird da auch gesungen werden?
Da wird auch gesungen werden.
Von den finsteren Zeiten.
In the dark times
Will there also be singing?
Yes, there will also be singing
About the dark times.
အမှောင်ခေတ်ကြီးတွေထဲမှာ
သီချင်းဆိုနေတာတွေ ရှိကြပါ့ဦးမလား
ဟုတ်ကဲ့
သီချင်းဆိုနေ တာတွေ ရှိကြပါဦးမယ်
အမှောင်ခေတ်ကြီးတွေရဲ့အကြောင်းတွေပေါ့ တဲ့
Crd; Pi Lon

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment