မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၉ တနင်္လာနေ့ –
■ မနက်ခင်းအတွေး
သမိုင်းထဲက တကယ့်အဖြစ်အပျက်လား၊ စိတ်ကူးဇာတ်လမ်းလားတော့မသိဘူး။ တရုတ်ဝတ္တုတပုဒ်ထဲမှာ လူတယောက်က မိုးပေါ်မှာ ပျံသန်းတဲ့အတတ်ပညာကို တီထွင်ပြီး ဘုရင်ကြီးကို ပြသခဲ့တယ်။ လူတွေလည်း တအံ့တဩနဲ့၊ ဘုရင်ကြီးကလည်း အရမ်းသဘောကျတော်မူတယ် တဲ့။ ဒါနဲ့ အဲဒီမိုးပေါ်ပျံပြတဲ့သူကို ရှေ့တော်မှောက်သွင်းစေတယ်။ ဆုတော်လာဘ်တော်တွေ ချီးမြှင့်တော့မယ်လို့ ထင်ကြတာပေါ့။ ဒါပေမဲ့ ဘုရင်ကြီးက အဲဒီလူကို ကွပ်မျက်ပစ်လိုက်ပြီး သူ့အတတ်ပညာကိုပါ ဖျက်ဆီးပစ်လိုက်ပါသတဲ့။
ရိုက်စ်ညီနောင် လေပေါ်မပျံမီအထိတော့ ဒဿဂီရိက မယ်သီတာကိုခိုးပြေးသွားတဲ့ ရထားပျံတို့ဘာတို့ဆိုတာ စိတ်ကူးဇာတ်လမ်းတွေထဲမှာ ကြားဖူးကြတာပဲ။ ဝိဒူရအမတ်ရဲ့အသဲကိုမှ ပွဲတော်တည်ချင်တယ်ဆိုလို့ ရထားပျံနောက်မြီးမှာဆွဲပြီး တောင်စဉ်ခုနှစ်ထပ်နဲ့ တိုက်သတ်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းမျိုးကလည်း ကြားရတဲ့သူ အသည်းထိတ်စရာ။ ဖယောင်းနဲ့လုပ်ထားတဲ့တောင်ပံကိုတပ်ပြီး ဆော့မြူးပျံသန်းတဲ့သူကို ဒီထက်မြင့်အောင် မပျံဖို့ သတိပေးထားတဲ့ကြားက ဟိုးအမြင့်ကြီးဆီ ရောက်သထက်ရောက်အောင် ပျံတက်ရင်း နေနဲ့နီးသွားတဲ့အခါ အတောင်ပံက ဖယောင်းတွေအရည်ပျော်ပြီး ပျက်ကျသေဆုံးသွားလေသတဲ့ဆိုတဲ့ ပုံပြင်မျိုးကိုလည်း မျက်လုံးလေးကလည်ကလည်နဲ့ ငယ်တုန်းက နားထောင်ဖူးခဲ့တယ်။
လေယာဉ်ပျံသံကြားတော့ လူကြီးတွေနဲ့အတူ တောင်ပြေးရမလို မြောက်ပြေးရမလိုဖြစ်နေရင်း လေယာဉ်ကို လှမ်းမော့ကြည့်ရင်း မြင်လိုက်ရတဲ့အခါ အနီးက ဖိနပ်တဖက်ကောက်ကိုင်ပြီး မလာနဲ့ မလာနဲ့လို့ ခွေးမောင်းသလို မောင်းထုတ်တဲ့ ကလေးတယောက်ရဲ့ အကြောက်တရားနဲ့ မုန်းတီးမှုဟာ တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ဒီကနေ့လူထုရဲ့ ရင်ထဲမှာလောင်မြိုက်နေတဲ့မီးပဲ။ အမိုးတမိုးတည်းအောက်မှာ လုံခြုံနွေးထွေးတယ်လို့ထင်တဲ့ မိသားစုဘဝလေးတွေဟာ ရုတ်တရက်မီးလောင်တိုက်အသွင်းခံလိုက်ရတယ်။ ခေါင်မိုးပေါ်လေယာဉ်မလာရဆိုခဲ့ပေမဲ့ ငှက်ဆိုးတွေဟာ အသံနက်ကြီးတွေနဲ့ ထိုးဆင်းလာကြတယ်။
ကြိုးကြာငှက်တွေဟာ မိုင်ထောင်ချီပျံသန်းကြတယ်။ ယောနသံဇင်ယော်ဟာ သူများတွေအစာနောက်လိုက်နေတဲ့အချိန်မှာ အမြင့်ဆုံးကိုပျံသန်းဖို့သာ အာရုံတခုတည်းရှိခဲ့တယ်။ ကောင်းကင်ကြီးပြိုခဲ့ရင်တောင် မြေအပြင်ရဲ့ ချစ်ခြင်းမေတ္တာကို အားကိုးယုံကြည်ကြမယ်။ လွတ်မြောက်ရာဆီပျံသန်းကြဖို့ဆိုရင် ဆင်းရဲဒုက္ခတွေမှာလည်း သန်မာတဲ့အတောင်ပံတွေနဲ့ဆိုတာ သက်သေပြကြမယ်။ မနက်ခင်းရဲ့ သစ်ပင်ထိပ်ဖျားပေါ်မှာ တေးဆိုငှက်တွေနဲ့အတူ နေပူစာလှုံရင်းနဲ့ပေါ့။
■ ဖတ်စရာမှတ်စရာ
ဝိသေသတိုင်းဆိုတဲ့အမည်ဟာ ဗိုလ်ချုပ်အောင်ဆန်း စပေးခဲ့တဲ့နာမည်ခင်ဗျ။ ကျနော်တို့ချင်းတောင်မှာ ထူးခြားချက်တွေအများကြီးရှိတယ်။
ချင်းဝိသေသတိုင်းထဲမှာ ဘယ်နယ်တွေကို ထည့်ရင်ကောင်းမလဲလို့ ဦးဝမ္မသူးမောင်းနဲ့ ဗိုလ်ချုပ်ဆွေးနွေးကြတော့ ဗိုလ်ချုပ်က “ကိုင်း ချင်းတွင်းနဲ့ ဧရာဝတီအနောက်ဘက်က နယ်တွေပါ ချင်းဝိသေသတိုင်းထဲထည့်လိုက်ရင် ပိုရှင်းသွားမယ်ထင်တယ်” လို့ပြောသတဲ့။ ဒီလိုပြောတာကတော့ ယောချောင်းတို့ စေတုတ္တရာတို့ကို ချင်းဝိသေသတိုင်းထဲ ထည့်ထိုက်မထည့်ထိုက် ဆွေးနွေးကြရင်းကပြောလိုက်ခြင်း ဖြစ်တယ်။ ဒီတော့ ဦးဝမ္မသူးမောင်းက ” ဟာဗိုလ်ချုပ်၊ ဒီလိုတော့ မထည့်လိုက်ပါနဲ့၊ ကျနော်တို့ လက်မခံနိုင်ဘူး။ ချင်းတွင်းနဲ့ ဧရာဝတီအနောက်ဘက်က နယ်တွေအားလုံး ချင်းဝိသေသတိုင်းထဲ ထည့်လိုက်ရင် ကျနော်တို့ချင်းတွေဟာ စာရေးတောင်ဖြစ်ကြမှာမဟုတ်တော့ဘူး။” လို့ ပြန်ပြောတယ်ဆိုပဲ။
ဒီပြဿနာကို အငြင်းပွားဖို့ပြောတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဦးဝမ္မသူးမောင်း တို့ရဲ့ စေတနာကို သိစေချင်လို့ပါ။
ပြီးတော့ ဦးဝမ္မသူးမောင်း ပြောတဲ့စကားထဲမှာ အမြော်အမြင်ကြီးမှုတစ်ခုကို တွေ့တယ်။ ဝိသေသထူးတဲ့ အခြေအနေတူတဲ့ ကျနော်တို့ ချင်းလူမျိုးအုပ်စုတွေကို သီးသန့်ဝိသေသတိုင်းထဲ အတူထားပြီး စီမံအုပ်ချုပ်သွားခြင်းဟာ တိုးတက်ဖွံ့ဖြိုးမှုအတွက် ပိုကောင်းတယ်။ ဝိသေသဖြစ်တဲ့အချက်တွေကို ဂရုစိုက်ပြီး ဝိသေသဖြစ်တဲ့နည်းတွေနဲ့ လုပ်သွားကြဖို့အရေးကြီးတယ်ဗျ။
(သိန်းဖေမြင့်)
ဝိသေသတိုင်း သမိုင်းအစ စာအုပ်မှ
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*